SJ WorldNews - шаблон joomla Авто

သစ်တောစိုက်ခင်းများ တည်ထောင်ထိန်းသိမ်း

Friday, 07 February 2020 10:23 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုဧရိယာသည် ၁၉၉ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးဧရိယာ၏ ၅၈ ရာခိုင်နှုန်းရှိရာမှ တိုးပွားလာသည့် လူဦးရေအတွက် အခြေခံစားဝတ်နေရေး လိုအပ်ချက်အတွက် သစ်တောသစ်ပင်များအပေါ် အမှီပြုနေရခြင်းကြောင့် ယခုအချိန်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့မှ ၂ဝ၁၅ ခုနှစ်က ထုတ်ပြန်သော စာရင်းအရ သိရသည်။

သစ်တောဖုံးလွှမ်းမှုဧရိယာကျဆင်းလာခြင်းကြောင့် အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် မိုးခေါင်ရေရှားသော အခြေအနေ ကြုံတွေ့ရသကဲ့သို့ ဒေသခံပြည်သူများ၏ ထင်းလောင်စာ လိုအပ်ချက်အတွက် အခက်အခဲ ကြုံတွေ့ရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသည် သစ်တောများ ပျက်စီးပြုန်းတီးလျက်ရှိသည့် နေရာများတွင် စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံပြည်သူတို့အား အထောက်အကူပြုစေရန် သစ်တောစိုက်ခင်းများ တည်ထောင်လျက်ရှိသည်။ တည်ထောင်လျက်ရှိသော စိုက်ခင်းအမျိုးအစားများမှာ ကျေးရွာသုံးစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ တောင်တန်းဒေသများ စိမ်းလန်းစိုပြည်ရေး စိုက်ခင်း၊ သုတေသနစိုက်ခင်းနှင့် လမ်းဘေးဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းများဖြစ်သည်။

ကျေးရွာသုံးစိုက်ခင်းများမှာ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းစသည့် သစ်တောထွက်ပစ္စည်းများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသည့်စိုက်ခင်း ဖြစ်သည်။

ရေဝေရေလဲစိုက်ခင်းများမှာ နိုင်ငံတော်ကငွေကြေး အကုန်အကျများစွာဖြင့် တည်ဆောက်ထားသည့် ရေလှောင်တမံများ၊ ဆည်များနှင့် အရေးကြီးသော မြစ်ချောင်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရန်နှင့် ပျက်စီးပြုန်းတီးနေသော သဘာဝသစ်တောများအတွင်း သစ်တောများ ပြန်လည်တည်ထောင်ရန် ရည်ရွယ်သော စိုက်ခင်းများဖြစ်သည်။ တောင်တန်းဒေသများ စိမ်းလန်းစိုပြည်ရေး စိုက်ခင်းသည် အပူပိုင်းဒေသအတွင်းရှိ အပေါ်ယံ မြေဆီလွှာ ပျက်စီးနေပြီး သဘာဝသစ်တော ဖုံးလွှမ်းမှု နည်းပါးလျက်ရှိသည့် တောင်ကုန်း၊ တောင်တန်းများနှင့် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းဆောင်ရွက်ရန် အထူးလိုအပ်နေသော တောင်တန်းတစ်ခုချင်းအလိုက် အထူးဦးစားပေး ရွေးချယ်စိုက်ပျိုးသည့် စိုက်ခင်းဖြစ်သည်။ သုတေသနစိုက်ခင်းသည် အပူပိုင်းဒေသအတွင်း သစ်တောစိုက်ခင်းများ ထူထောင်ရာတွင် အောင်မြင်မှု ပိုမိုရရှိရေးအတွက် ပိုမိုကောင်းမွန်သည့် သစ်တောစိုက်ပျိုးနည်းပညာများ ရရှိစေရန် ရည်ရွယ်၍ စမ်းသပ်သုတေသနပြု စိုက်ပျိုးသော စိုက်ခင်းဖြစ်သည်။ လမ်းဘေးဝဲ၊ ယာစိမ်းလန်းစိုပြည်ရေး စိုက်ခင်းသည် အပူပိုင်းဒေသအတွင်း မြို့ရွာများစိမ်းလန်းစိုပြည်ရေး၊ လမ်းဘေးဝဲ၊ ယာစိမ်းလန်းစိုပြည်ရေးနှင့် အခြားစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအတွက် လိုအပ်သောနေရာများတွင် တည်ထောင်စိုက်ပျိုးသော စိုက်ခင်းဖြစ်သည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံပြည်သူတို့အား အထောက်အကူပြုစေရန် သစ်တောစိုက်ခင်းများ တည်ထောင်လျက်ရှိသကဲ့သို့ သစ်တောဦးစီးဌာနကလည်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အတွင်းရှိ သစ်တောများစိမ်းလန်း စိုပြည်ရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းများ အောင်မြင်ရေးအတွက် ကျွန်းမျိုးစေ့တင်းပေါင်း ၁၅ဝ ပျိုးထောင်စိုက်ပျိုးသွားရန် စီစဉ်နေကြောင်း သိရသည်။ ကသာမြို့နယ် အတွင်း၌ ယခင်နှစ်မိုးရာသီ ကာလတွင် သစ်တောဦးစီးဌာနပိုင် စိုက်ခင်းအတွက် ပျဉ်းကတိုးအပင်ရေ သုံးသိန်းနှင့် ဒေသခံပြည်သူအစု အဖွဲ့ပိုင်အတွက် ကျွန်း၊ ပျဉ်းကတိုး၊ လျှော်ဖြူ၊ မန်ဂျန်ရှားပင်နှင့် ယူကလစ် အပါအဝင် စုစုပေါင်းအပင် ခုနစ်သိန်းခန့်ဖြန့်ဝေ စိုက်ပျိုးထားသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ အောင်မြင်စေရန် လိုအပ်ချက်များမှာ အရည်အသွေး ရှိသော သစ်တောနှင့်မြေအရင်းအမြစ် ရရှိနိုင်မှု၊ ထိရောက်ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များရှိမှု၊ သစ်တောအသုံးပြုသူ အဖွဲ့ဝင်များအနေဖြင့် ရှင်းလင်းတိကျသော မြေယာလုပ်ကိုင်ခွင့်ရရှိမှု၊ ထိရောက်ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ဒေသခံပြည်သူများ၏ တက်ကြွသော ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ဒေသခံပြည်သူများ၏ စွမ်းဆောင်ရည်ပြည့်ဝမှု၊ ဒေသလိုအပ်ချက်များနှင့် ကိုက်ညီမှု၊ လိုက်လျောညီထွေရှိသော စီမံခန့်ခွဲမှုနှင့် သင်ယူလေ့လာမှု၊ ဆက်စပ်ပတ်သက်သူများ၏ အကျိုးစီးပွားညီညွတ် မျှတအောင် ဆောင်ရွက်မှုတို့ရှိရန် လိုအပ်သည်။

ထို့ကြောင့် ဒေသခံပြည်သူများနှင့် နိုင်ငံတော်အတွက်ပါ တစ်ပြိုင်တည်းအကျိုးပြုနေသော သစ်တော စိုက်ခင်းများ တည်ထောင်၍ ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 129 times Last modified on Friday, 07 February 2020 10:26