SJ WorldNews - шаблон joomla Авто

ဖြူနီဝါပြာခရမ်း ငရဲပန်းတို့အန္တရာယ်

Sunday, 09 February 2020 14:01 font size decrease font size decrease font size increase font size increase font size

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်နံနက် ၉ နာရီက နေပြည်တော်ရှိ Horizon Lake View  Hotel ၌ကျင်းပရာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူ တက်ရောက် ရှင်းလင်းပြောကြားသည်။

ဒုတိယ၀န်ကြီးက ရှင်းလင်းပြောကြားရာတွင်   မြန်မာနိုင်ငံ မူးယစ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် UNODC  တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းနှင့် ဘိန်းစိုက်ပျိုးရာဒေသရှိ ပြည်သူ များ၏ လူမှု စီးပွား စစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားမ၀င် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ်မှစတင်၍ ယခုနှစ်အထိ ပြန်လည် ကျဆင်း ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟက်တာ ၄၁၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၇၃၀၀ နှင့် ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၃၁၀၀ ထိ နှစ်အလိုက်ကျဆင်းလာခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုးမှု နှင့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုးမှုကို နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျော် ကျဆင်း ခဲ့ကြောင်း၊ ဘိန်းစိုက်ပျိုးမှု လျော့ကျသကဲ့သို့ ဘိန်းထုတ်လုပ်မှုသည်လည်း ဆက်လက်လျော့ကျခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်  ၅၅၀ မက်ထရစ်တန်၊ ၂၀၁၈ ခုနှစ်တွင် ၅၂၀ မက်ထရစ်တန်နှင့် ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်အထိ ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း၊ အထူးသဖြင့် ယခင်က မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင် ဒုတိယ အဆင့်ရှိခဲ့ရာမှ ယခုကာလတွင် တတိယအဆင့်သို့ လျော့ကျရောက်ရှိသွားပြီဖြစ်ကြောင်းကို၂၀၁၉ ခုနှစ် ကမ္ဘာ့မူးယစ် ဆေးဝါး အစီရင်ခံစာအရ မြန်မာပြည်သူများသို့အသိပေးလိုကြောင်းဖြင့်ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းထုတ်လုပ်မှု လျော့ကျလာခြင်းသည် ပြည်သူများအတွက် စိုးရိမ် စိတ်သက်သာဖွယ် ဖြစ်သကဲ့သို့ တားဆီး ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသောဌာနဆိုင်ရာများကိုလည်း အသိအမှတ် ပြုကြရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဟက်တာ ၃၃၁၀၀ မှ ဘိန်းထုတ်လုပ်မှု မက်ထရစ်တန်ချိန် ၅၀၈ တန်ရှိသဖြင့် ဘိန်းစိုက်ခင်း  တစ်ဟက်တာမှထွက်သော  ဘိန်းပမာဏသည်  ပျမ်းမျှအားဖြင့် ၃၃ ပေါင်ခန့်ရှိသည်။ မက်ထရစ်တန်ချိန်တစ်တန်သည် ၂၂၀၅ ပေါင်နှင့်ညီမျှသဖြင့် ဘိန်းခင်း တစ်ဟက်တာစိုက်ပျိုးဖြစ်ထွန်းလျှင် ရရှိသည့်ဝင်ငွေကိုခန့်မှန်းကြည့်နိုင်သည်။

နိုင်ငံတော် အစိုးရအနေဖြင့် ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ပြီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာနိုင်ငံ မူးယစ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့နှင့်   ကွပ်ကဲမှုအောက်ရှိ  အစား ထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့မှ ဘိန်းစိုက်ပျိုးရာဒေသများအတွင်း လမ်းတံတား တည်ဆောက်ရေးလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊  ရေနှင့်စွမ်းအင် ရရှိရေးလုပ်ငန်းများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများတည်ဆောက်ပေးခြင်းလုပ်ငန်းများကို နှစ်အလိုက်  ဘဏ္ဍာငွေအမြောက်အမြားအကုန်အကျခံပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်း မြို့နယ် နောင်တရားဒေသတွင်လည်း အစားထိုး ဖွံ့ဖြိုးရေးအထူးစီမံကိန်း Pilot Project အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယ ၀န်ကြီးက ရှင်းလင်းပြောကြားသည်။

လောကလူသား လောဘသမားတို့သည် အစားထိုး သီးနှံစိုက်ပျိုးရေးနှင့် မွေးမြူရေးမှ ရသော ၀င်ငွေနှင့် ဖြူနီဝါပြာ ခရမ်းများ ပွင့်သည့် ငရဲပန်းစိုက်ခင်းမှရသည့် ၀င်ငွေ ကွာခြားသည်ကိုသာ သတိထား မိကြမည်ဖြစ်သည်။

လွန်ခဲ့သော ၂၀ ရာစုကာလ အတွင်းက ဘိန်းစိုက်ခင်းများကို ဖျက်ဆီးမည့်ကျိုင်းကောင်တစ်မျိုးကို လျှို့ဝှက် လွှတ်ပေးရန် စမ်းသပ် မွေးမြူရာ အောင်မြင်သည်။ သို့သော် အဆိုပါဒေသမှတစ်ဆင့် ယခင် ဆိုဗီယက်ပြည်ထောင်စုသို့ ကျိုင်းကောင် ပျံ့နှံ့သွားပါက ကြီးမားသော ပြဿနာနှင့်ရင်ဆိုင်ရမည်ကို စဉ်းစား မိသဖြင့် အစီအစဉ်ဖျက်လိုက်သည်ကို သိမီသူများသက်ရှိထင်ရှားရှိနေကြသေးသဖြင့် နှောင်းလူတို့အား လက်ဆင့်ကမ်းအသိပေးသင့်သည်။

အကယ်၍ ကျိုင်းကောင် တစ်မျိုးအား လျှို့ဝှက်လွှတ်ပေးမည့် အစီအစဉ်ကို မျက်စိမှိတ်ပြီး အကောင်အထည် ဖော်ဖြစ်ခဲ့သော် အခြားသီးနှံများပါ ပျက်စီး ဆုံးရှုံးသွားပြီး ထိုအန္တရာယ်၏ အကျိုးဆက်မည်မျှကြီးမားသည်ကို  ခန့်မှန်းနိုင်ကြသည်။

မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးကို ပြည်သူများပါဝင်နိုင်ရန် နိုင်ငံတော်အစိုးရက စီစဉ် ထားပြီးဖြစ်ရာ တိုင်ကြား ပေးပို့ လာသောသတင်းများအရ ဖော်ထုတ် ဖမ်းဆီးရမိသည်များတွင် ဘိန်းအခြေခံ ထုတ်လုပ်သော မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းဖြင့်ထုတ်လုပ်သော မူးယစ်ဆေးဝါးများပါဝင်ကြောင်းတွေ့ရ သည်။ မူးယစ်ဆေးဝါးအန္တရာယ်သည် သုံးစွဲသူ တစ်ဦးချင်းမှ မိသားစုဘ၀ကိုပါ ပျက်စီးရုံမျှမက လောကလူသား မျိုးနွယ်အားလုံးအတွက် ဆိုးကျိုး သက်ရောက်စေကြောင်း ပညာပေး အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်နေကြသည့် တိုင်အောင် ခေါင်းထောင်နေသေးသည်ဖြစ်ရာ ပြည်သူအပေါင်းတို့အနေဖြင့် တားဆီး ကာကွယ်ရေးနှင့် အစားထိုးဖွံ့ဖြိုးရေးအစီအစဉ်များတွင် စွမ်းနိုင်သည့်ဘက်မှ  ပူးပေါင်းပါဝင်ကြပါရန် မြ၀တီက တိုက်တွန်း နှိုးဆော်အပ်ပါသည်။  

Read 232 times