SJ WorldNews - шаблон joomla Авто

မျိုးချစ်စိတ်အစဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက

Monday, 10 February 2020 13:56 font size decrease font size decrease font size increase font size increase font size

မြန်မာပြည်လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၌ လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ခဲ့သည့်  အစောဆုံး အမျိုးသားရေးအသင်း အဖွဲ့ကြီးဖြစ်သော ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏  ရာသက်ပန် ဂုဏ်ထူးဆောင်နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား YMBA ၏  အမြင့်ဆုံး ဘွဲ့တော်ဖြစ်သည့် ''အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်'' ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊  အဂ္ဂမဟာပဏ္ဍိတ၊ ဗန်းမော်ဆရာတော်ဘုရားကြီး  ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော  ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော် မူကြသည်။

အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗန်းမော်ဆရာတော်ဘုရားကြီး   ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက   သြဝါဒစကားမြွက်ကြားရာတွင် အမျိုးသားရေးဦးဆောင်အသင်းကြီးဖြစ်သော  YMBA အသင်းကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ''အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်'' ဂုဏ်ပြု ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့  နိုင်ငံတော်သံဃနာယက ဆရာတော်ကြီးများကို ပင့်ဖိတ်၍   သြဝါဒခံယူခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကြီးပွားမြင့်မားရေးကို အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်နေသူတစ်ဦး ဖြစ်သည့်အတွက် ဤသို့ချီးမြှင့်ခြင်းမှာ ''အတိုင်းထက်အလွန်၊ တံခွန်နှင့်ကုက္ကား'' ဖြစ်ပါကြောင်းဖြင့် သြဝါဒစကားမြွက်ကြားသည်။

သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက    သြဝါဒစကားမြွက်ကြားရာတွင် မင်္ဂလာဆိုသည်မှာ မင်္ဂလသုတ်ပါဠိတော်အစပိုင်း၌ ပါရှိသော ''သဗ္ဗလောက ဟိတတ္ထာယ'' -လောက၏ ကောင်းကျိုးအတွက် ဆောင်ရွက်ခြင်း၊ ''သဗ္ဗပါပဝိနာသနံ'' -မကောင်းမှုဟူသမျှမှ ရှောင်ကြဉ်ခြင်းဟု အနှစ်ချုပ်အနက် အဓိပ္ပာယ်ရပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင်     တပ်မတော်သား အားလုံးသည်  နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အသက်ကို စွန့်လွှတ်၍ပင် ကောင်းရာ ကောင်းကျိုး ဆောင်ရွက်နေသူများ ဖြစ်ကြောင်း၊ မကောင်းမှုဟူသမျှကို ဖယ်ရှား၊ ပယ်ရှားပေးနေသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ယခုကဲ့သို့ YMBA ၏ အမြင့်ဆုံးဘွဲ့ဖြစ်သည့် ''အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ'' ဘွဲ့တံဆိပ်တော်ကို အပ်နှင်းချီးမြှင့်ပေးခြင်းသည် ထိုက်ထိုက်တန်တန် အပ်နှင်း ချီးမြှင့်ခြင်းဖြစ်ကြောင်း မိန့်ကြားပြီး YMBA ၏ ကောင်းမြတ်သောသမိုင်း အစဉ်အလာများကို ဆက်လက်မိန့်ကြားကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း YMBA အသင်းကြီးအား  အင်အားတောင့်တင်းသော အမျိုးသားလက်ရုံးအသင်းကြီး ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွား စေလိုကြောင်းဖြင့် သြဝါဒစကား မြွက်ကြားသည်။

နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အင်းစိန်ရွာမ ဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသက သြဝါဒစကားမြွက်ကြားရာတွင် ''စောင့်လေမျိုးနွယ်ဝတ်ငါးသွယ်'' ဆိုသည့် သားသမီးကျင့်ဝတ်အတိုင်း မြန်မာနိုင်ငံသား အားလုံးသည် နိုင်ငံတော်၏ သားသမီးများ ဖြစ်သောကြောင့် အမျိုးကိုစောင့်ရှောက်ရန် လိုကြောင်း၊ ထိုနည်းတူ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓ၏သားသမီးများ ဖြစ်သောကြောင့် မိမိတို့၏ ဘာသာကို စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ YMBA အသင်းကြီးသည် ထိုကဲ့သို့ မွန်မြတ်သော အလုပ်များကို တစိုက်မတ်မတ်လုပ်ကိုင်နေသည့်အသင်းကြီးဖြစ်၍ ဝေဖန်နေသူများရှိသော်လည်း ''သဒ္ဓါစကား၊ ကောင်းသော်ငြား၊ နားခါးသဒ္ဓါမဲ့သူမှာ'' ဆိုသည့်အတိုင်း ၄င်းတို့နှင့်တုပြိုင်ပြီး ဖြေရှင်းနေရန် မလိုကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ အရေးကို ခိုင်ခိုင်ခံ့ခံ့ ရပ်တည်၍ ဦးဆောင်ပြုလုပ်နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား YMBA အသင်းကြီးက ယခုကဲ့သို့ ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူ ဖြစ်ရပါကြောင်းဖြင့်  သြဝါဒစကား မြွက်ကြားသည်။

ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး(YMBAဗ)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA) ၏ အမြင့်ဆုံးဘွဲ့တော်ဖြစ်သည့်   ''အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်''  လက်ခံရယူရခြင်းအပေါ် အလေးထားဂုဏ်ယူပါကြောင်းနှင့် ယင်းဘွဲ့တံဆိပ်၏ဂုဏ်ဒြပ်၊ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက ဆိုသည့် တာဝန်များအပေါ် ထိုက်ထိုက်တန်တန် ကျေကျေပွန်ပွန် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ နိုင်ငံတော်ကြီး၏ ကောင်းကျိုးအတွက် ''အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ''ဆိုသည့် YMBA  အသင်းကြီး၏ ကောင်းမွန်မြင့်မြတ်သည့် ရည်ရွယ်ချက်များအပေါ်  ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားသည်။

လောကလူသား တို့အတွက် စီးပွားမဆုတ်ယုတ်ဘဲ တိုးပွားကြောင်းတရား (အပရိဟာနိယတရား) ခုနစ်ပါးဟူသည် မြတ်စွာဘုရားကို ရိုသေခြင်း၊ တရားတော်ကို ရိုသေခြင်း၊ သံဃာတော်ကို ရိုသေခြင်း၊ အကျင့်သိက္ခာကို ရိုသေခြင်း၊ သမာဓိကိုရိုသေခြင်း၊ ကောင်းသော အဆွေခင်ပွန်းရှိခြင်း၊ ပညာရှိတို့ ဆုံးမသည်ကို နာယူခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် မျိုးချစ်စိတ်ထက်သန်စေရန် ''အမျိုး၊ဘာသာ၊ သာသနာ၊ ပညာ''ဟူသော ဆောင်ပုဒ်ဖြင့် ၁၉ဝ၆ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သော ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး(YMBA)၏ မွန်မြတ်သော ရည်ရွယ်ချက်များသည်  လောကလူသားတို့အတွက် ကြီးပွားတိုးတက်စေသည့် အကြောင်းတရားများပင် ဖြစ်ပါသည်။ 

Read 123 times Last modified on Monday, 10 February 2020 13:59