SJ WorldNews - шаблон joomla Авто

ကျန်းမာကြံ့ခိုင်မှုနှင့် စစ်ပညာကို ပိုင်နိုင်စွာ အသုံးချ

Tuesday, 11 February 2020 10:40 font size decrease font size decrease font size increase font size increase font size

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် အဆိုပါ လေ့ကျင့်ရေးကျောင်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာ၌ တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံတော် ကာကွယ်ရန်ဖြစ်သည့်အတွက် တပ်မတော်သားများ အနေဖြင့် စွမ်းရည်သုံးရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ ပြည့်ဝနေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း၏ စွမ်းရည် တိုးတက်စေရေးအတွက် အတန်းပညာ၊ အတတ်ပညာများနှင့် လျော်ညီသည့် လေ့ကျင့်မှုများကို သင်တန်းကျောင်း အသီးသီးမှ လေ့ကျင့်ပေးလျက် ရှိသောကြောင့် ကြုံတွေ့လာမည့် ဘေးအန္တရာယ်များကို ကျော်လွှားနိုင်ရေးအတွက် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ်္တိရှိအောင် နည်းစနစ်ကျနစွာဖြင့် ထိရောက်စွာ လေ့ကျင့်ကြ ရမည်ဖြစ်ပြီး စစ်စည်းကမ်းကောင်းမွန်ရေးနှင့် အမိန့်နာခံမှုရှိစေရေး အဓိကထား လေ့ကျင့်ရမည် ဖြစ်ကြောင်းဖြင့် အလေးအနက် မှာကြားသည်။

လေ့ကျင့်ရေးသည် စစ်ဆင်ရေး၊ စစ်ဆင်ရေးသည် လေ့ကျင့်ရေးဖြစ်သည့် အားလျော်စွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေးပိုင်း ဆိုင်ရာနှင့် ပတ်သက်၍ ပြောကြားရာတွင်မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင် ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှု မပြည့်ဝပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည် မဟုတ်၍ တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ တပ်တိုင်း၊ ရဲဘော်တိုင်း ပျက်ကွက်မှုမရှိ လေ့ကျင့်မှု အပြည့်အ၀ ရရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ကြပ်မတ်ပေးရမည် ဖြစ်ကြောင်း၊ မိမိတို့သင်ကြား လေ့ကျင့်ထားသည့်  ကျန်းမာကြံ့ခိုင်မှုနှင့် စစ်ပညာကို ပိုင်နိုင်စွာ အသုံးချနိုင်ရမည်ဖြစ်ပြီး  သင်တန်းများ ပြီးဆုံးပါကလည်း ကျွမ်းကျင်မှုများအလိုက် လူမှန်နေရာမှန်ဖြင့် သင့်တော်သည့်နေရာတွင် တာဝန်ချထားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ရဲစွမ်းသတ်္တိ ရှိရမည်ဖြစ်ပြီး ရဲစွမ်းသတ်္တိကို လေ့ကျင့်ရေးမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ““ရဲရဲတိုက်၊ ရဲရဲတက်၊ ရဲရဲချေမှုန်း””ဆိုသည်မှာ လေ့ကျင့်ရေးမှ ရရှိလာသည့် ရဲဝံ့စွန့်စားသည့်စိတ်ဖြင့် စနစ်တကျ တိုက်ပွဲဝင်ခြင်းပင် ဖြစ်ကြောင်း၊ တစ်ဦးချင်း ရဲစွမ်းသတ်္တိ မြှင့်တင်နိုင်ရေးနှင့် မိမိကိုယ်ကို ကာကွယ်နိုင်ရေးအတွက် ကိုယ်လုံပညာများ တတ်ကျွမ်းရမည်ဖြစ်ပြီး   မြန်မာတို့၏ ကိုယ်ပိုင်ကိုယ်လုံပညာဖြစ်သည့်  မြန်မာ့သိုင်းကို တပ်မတော်၏ အဓိကကိုယ်လုံပညာအဖြစ် ပေါ်ထွက်လာစေရေး မိမိလက်ထက်မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ လေ့ကျင့်ရေး သင်တန်းကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် သင်ကြားလေ့ကျင့်ပေးလျက် ရှိကြောင်း၊ ထိုသို့လေ့ကျင့်ပေးနေခြင်းသည် သတ်္တိရှိအောင်၊ လုပ်နိုင်၊ကိုင်နိုင်အောင်နှင့် ဘေးတွေ့နိုင်သည့် အန္တရာယ်များမှ ကျော်လွှားနိုင်အောင် လေ့ကျင့်ပေးနေခြင်းပင် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

မျက်မှောက်ကာလတွင် စစ်မှုအတတ်ပညာနှင့် နည်းဗျူဟာများ ပြောင်းလဲလာသည်နှင့်အမျှ ဓားကောင်းကိုင်လိုသော် သွေးဟူသော မြန်မာတို့ ဆိုရိုးစကားအတိုင်း နိုင်ငံတော် လုံခြုံရေးနှင့်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်၏ တိုက်စွမ်းရည်နှင့် တိုက်စွမ်းအား မြင့်မားရေးကိုအလေးထား ဆောင်ရွက်ရမည် ဖြစ်သည်။ တပ်မတော်သားတို့၏ တိုက်စွမ်းရည်မြင့်မားရေး အတွက် တစ်ဦးချင်း ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ရေး၊ စစ်လက်နက် ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရေးနှင့် စစ်နည်းဗျူဟာများကို လက်တွေ့ပိုင်နိုင်စွာ အသုံးချတတ်ရေးတို့သည် လေ့ကျင့်သားပြည့်ဝမှု အပေါ်မူတည်သည်။ တပ်မတော်သားများ လေ့ကျင့်သားပြည့်ဝရန် လိုအပ်သော သင်တန်းများကို တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်းများက သင်ကြားလေ့ကျင့် ပေးလျက်ရှိသကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများမှ တပ်မတော်များနှင့် ပူးပေါင်း၍ ပုံမှန်လေ့ကျင့်ရေးနှင့် အခါအားလျော်စွာ ပြုလုပ်သော လေ့ကျင့်ရေး အစီအစဉ်များတွင် ပါဝင်ခြင်းတို့ဖြင့် တပ်မတော်၏ တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားကို မြှင့်တင်ပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော် ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားသော အဆင့်မြင့် သင်တန်းကျောင်းကြီးများမှ သင်တန်းသား အရာရှိကြီးများ အပြန်အလှန်လေ့လာရေး အစီအစဉ်များ ချမှတ်ပြီး အတွေ့အကြုံနှင့် အတွေးအမြင်ဖလှယ်၍ တပ်မတော်အချင်းချင်း ရင်းနှီးမှုမှ နိုင်ငံအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှုဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအသွင်သို့ ပြောင်းလဲရောက်ရှိနေရာမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကလည်း ပြောင်းလဲလျက်ရှိရာ ခေတ်သစ်စစ်ပွဲများ၏ ပုံသဏ္ဌာန်နှင့် လုပ်နည်းလုပ်ဟန်တို့ကလည်း တစ်ဆက်တစ်စပ်တည်း ပြောင်းလဲလာသည်။ ယခင်ကလို ရှေ့တန်းစစ်မျက်နှာကိုသာ ဦးစားပေး ဆောင်ရွက်ရသော လုံခြုံရေး တာဝန်သည် ယခုအခါ မြို့ပြနှင့်ကျေးလက် ဒေသပါမကျန်  လူနေရပ်ကွက်များအထိ စိတ်မချရတော့သည့် အခြေအနေမျိုးတွင် လူတိုင်းကိုယ်လုံပညာ တတ်ထားရန် လိုအပ်သည်။ မြန်မာ့ရိုးရာ သိုင်းပညာသည် မြန်မာ တိုင်းရင်းသား အပေါင်းတို့၏ ဇာတိမာန်၊ ကြံ့ခိုင်မှု၊ ရဲရင့်ဖျတ်လတ်မှုတို့ကို ဖော်ညွှန်းသော အားကစားနည်း တစ်မျိုးဖြစ်ပြီး လက်နက်ဖြင့်ဖြစ်စေ၊ လက်နက်မဲ့ဖြစ်စေ မိမိကိုယ်မိမိ ဘေးအန္တရာယ်မှ ကာကွယ်နိုင်သော မြန်မာတို့၏ ကိုယ်ပိုင်ကိုယ်လုံ ပညာရပ်ဖြစ်သဖြင့် လူတိုင်း တတ်ထားသင့်သော ပညာဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော် လုံခြုံရေးတာဝန်နှင့် တိုင်းရင်းသားပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်သားများသည် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှုရှိပြီး စစ်ပညာကို ပိုင်နိုင်စွာ အသုံးချကြရာတွင် မြန်မာ့ရိုးရာသိုင်းပညာက အထောက်အပံ့ပြုမည်ဖြစ်သဖြင့် စနစ်တကျ သင်ယူလေ့ကျင့်ကြရန် ဖြစ်ကြောင်း မြ၀တီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    

Read 126 times Last modified on Tuesday, 11 February 2020 10:41