SJ WorldNews - шаблон joomla Авто

ပစ္စုပ္ပန်နှင့်အနာဂတ်ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်တည်ဆောက်

Wednesday, 12 February 2020 12:09 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်)

ယနေ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သဖြင့် ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတို့၌ ပြည်ထောင်စု နေ့ အထိမ်းအမှတ်အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပနေကြသည်။

ပြည်ထောင်စုကြီးအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ရှေးနှစ်ပေါင်း များစွာမှစ၍ မြန်မာ့မြေပေါ်တွင် အခြေချနေထိုင်ခဲ့ကြသူများဖြစ်သည်။ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ဘုရင်၊ ကိုယ့်အရှင်နှင့် ကိုယ်ပိုင်ယဉ် ကျေးမှုတို့ဖြင့် ကမာ့အလယ်ဝင့် ထည်စွာနေထိုင်လာခဲ့ကြသည့် သမိုင်းအစဉ်အလာ ရှိသော မြန်မာလူမျိုးများဖြစ်ကြသည်။ မြေပေါ်မြေအောက် သဘာဝသယံဇာတများပေါကြွယ်ဝပြီး ဂုဏ်ယူ မြတ်နိုးဖွယ်ရာ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိသောမြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့တို့က မတရားကျူးကျော် စစ်ပွဲ သုံးကြိမ်ဆင်နွှဲပြီး တစ်နိုင်ငံလုံးကိုသိမ်းပိုက်လိုက်ကြသည့် ခရစ်နှစ် ၁၈၈၅ ခုနှစ်မှစ၍ တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့ကြ ရသည်။

တိုင်းတစ်ပါးလက်အောက်ခံ နိုင်ငံဖြစ်သွားသည်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစများကို နိုင်ငံခြားသား များက စိုးမိုးခြယ်လှယ်ကြသည်။ မြေပေါ်မြေအောက်သယံဇာတများဆုံးရှုံးရပြီး အမျိုး၊ ဘာသာ၊ သာသနာ နှင့်ယဉ်ကျေးမှုတို့ မှေးမှိန် စေရန် တိုင်းတစ်ပါးသားတို့၏ ဖိနှိပ်မှုခံရပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ပြားစေရန် ဗျူရို ကရေစီ ယနရားဖြင့် အုပ်ချုပ်ခံကြရသည်။

ကိုလိုနီလက်အောက်ခံမြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအားလုံးကို နိုင်ငံခြားသားများက လက်ဝါးကြီးအုပ် ချုပ်ကိုင် ထားကြသဖြင့် မြန်မာနိုင်ငံသားအလုပ်သမား၊ လယ်သမားများမှာ ခေါင်းပုံဖြတ်ခံကြရခြင်းကြောင့် လူလုံး မလှဖြစ်ကြရသည်။ တိုင်းရင်းသားပြည်သူအပေါင်းတို့ သည် ဤဘ၀အခြေအနေမှလွတ်မြောက်ရန် ရရာလက်နက် ကိုင်စွဲပြီး မျိုးချစ် တပ်မတော်နှင့်လက်တွဲကာ ကိုလိုနီနယ်ချဲ့နှင့်ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်ခဲ့ကြ သည်။ ဖက်ဆစ်တို့အား မြန်မာ့မြေပေါ်မှမောင်းထုတ်ပြီးချိန်တွင် မြန်မာနိုင်ငံကို နောက်တစ်ကြိမ် ကျွန်ပြုရန်ရောက် လာသော ဗြိတိသျှတို့က စက်္ကူဖြူစီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးပမ်းကြပြန်သည်။

တိုင်းရင်းသားပြည်သူအပေါင်းတို့က ဗြိတိသျှတို့၏ စက္ကူဖြူ စီမံကိန်းကို လက်မခံကြဘဲ လုံးဝလွတ်လပ်ရေး ကိုသာ တောင်းဆိုကြသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော တိုင်းရင်းသားပြည်သူအပေါင်းတို့က တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်သားတည်းသောစိတ်ဓာတ်ဖြင့် အေးအတူပူအမျှ အတူတကွနေထိုင်ကြမည်ဟူသော ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်ထက်သန်မှုကြောင့် လွတ်လပ်ရေးကို အတူတကွရယူကြရန် သဘောတူညီကြပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုး ကြသည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့၏ မွန်မြတ်သော သမိုင်းအစဉ်အလာ ကို နှောင်းလူတို့ အမြတ်တနိုး တန်ဖိုး ထားကြစေခြင်းငှာ နှစ်စဉ်ဖေဖော်ဝါရီ ၁၂ ရက်နေ့တိုင်း ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပကြသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၇၃ နှစ်ပြည့်ပြီဖြစ်သည်။

မြန်မာတို့၏ သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေး ထိုးပြီးသည့်နောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။

ရှေးနှစ်ပေါင်းများစွာမှစ၍ အေးအတူ ပူအမျှ အတူတကွ နေထိုင်လာခဲ့ကြသည့် သမိုင်းအစဉ်အလာအတိုင်း နေထိုင် ကြ မည်ဟူသော တိုင်းရင်းသား ခေါင်းဆောင်များ၏ ခိုင်မာသော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြသော်ငြား လွတ်လပ်ပြီး မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး နှောင့်နှေးခဲ့ရသည်။ စစ်ဘေးစစ်ဒဏ်ကို နှစ်ကြိမ် ခံစားခဲ့ရခြင်းကြောင့် ပြာပုံထဲမှ ရုန်းထရမည့်အချိန်တွင် နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ် ရေး စနစ်၏ ကြွင်းကျန်ရစ်သော သံသယများ၊ ၀ါဒစွဲ၊ ပုဂ်္ဂိုလ်စွဲများ စသည့် အစွဲအမျိုးမျိုး တို့ကြောင့် စည်းလုံး ညီညွတ်မှုအားနည်းသည့် ဆိုးကျိုးကို ပြည်သူတို့ ဆက်ခံကြရသည်များမှာ သမိုင်း သင်ခန်းစာများဖြစ်သည်။

ထို့ကြောင့်  အမြော်အမြင်ကြီးမားသော ဘိုးဘွားတို့၏ ပြည်ထောင်စုစိတ်ဓာတ်ထက်သန်မှု သမိုင်း အမွေကိုအလေး အနက်ခံယူ၍ ပစ္စုန်နှင့်အနာဂတ်တွင် တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက်  တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရာ၌   စွမ်းနိုင်သည့်ကဏ္ဍမှ  တစ်တပ်တစ်အားပါဝင်ကြပါရန် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားပြည်သူ အပေါင်းတို့အား  မြ၀တီက ပန်ကြားအပ်ပါသည်။  

Read 123 times Last modified on Wednesday, 12 February 2020 12:11