SJ WorldNews - шаблон joomla Авто

သီလ၀ါရွှေမုယင်းမှာ ငါးကြင်းတွေဆန်

Friday, 14 February 2020 10:42 font size decrease font size decrease font size increase font size increase font size

မြန်မာ့ပင်လယ်ပြင်တွင် ရေပေါ်ရေအောက်ရှိ ငါးသယံဇာတများ၏ အခြေအနေကို သိရှိနိုင်ရန် နော်ဝေနိုင်ငံမှ သုတေသန ရေယာဉ်ဖြင့် ၂၀၀၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် လေ့လာဆန်းစစ်ခဲ့ရာ ငါးသယံဇာတများ လျော့နည်းနေကြောင်း သိရသည်။ ငါးသယံဇာတများ တဖြည်းဖြည်း လျော့နည်းလာခြင်းကို ကာကွယ်ရန်နှင့် ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရန် ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ် အရေအတွက် သတ်မှတ်ခြင်းနှင့် ငါးမဖမ်းရကာလ သတ်မှတ်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း  ဦးစီးဌာနက နှစ်စဉ်ဆောင်ရွက်လျက် ရှိသည်။ ၂၀၁၅ ခုနှစ်က ကမ်းဝေးငါးဖမ်း စက်လှေ ၅၀ ရာခိုင်နှုန်းကိုသာ ငါးဖမ်းခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းသာ ခွင့်ပြုပေးခဲ့သည်။ ၂၀၁၉-၂၀၂၀ ပြည့်နှစ်အတွက် ငါးမဖမ်းရ ရာသီအဖြစ် ဇွန်၊ဇူလိုင်၊ သြဂုတ်လတို့ကို သတ်မှတ်ပြီး သတ်မှတ်ထားသည့် အချိန်အတွင်း ငါးဖမ်းဆီးပါက တည်ဆဲဥပဒေအရ အရေးယူခြင်း၊ လိုင်စင်သိမ်းခြင်း ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ငါးမဖမ်းရ ကာလအတွင်း ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ်အားလုံး ပိတ်ပင်နိုင်ရေး ဆွေးနွေးနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ကမ်းဝေး၊  ကမ်းနီး ငါးဖမ်းရေယာဉ်ဖြင့်  ပင်လယ်ငါးဖမ်း လုပ်ငန်းအများဆုံး လုပ်ကိုင်ကြသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ဖြစ်ပြီး ကမ်းဝေးငါးဖမ်း ရေယာဉ် စုစုပေါင်း ၃၀၀၀ ကျော်ရှိသည်။ ပင်လယ်ငါးမဖမ်းရ ရာသီတွင် ငါးဖမ်းရေယာဉ် အားလုံး လုပ်ငန်း ရပ်ဆိုင်းထားရမည် ဖြစ်သဖြင့် ဈေးကွက်အတွင်း ပင်လယ်ငါးအစား ရေချိုငါးမွေးမြူရေး လုပ်ငန်းများကို အားထားရတော့မည်ဖြစ်သည်။ ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ်များ ရပ်ဆိုင်းထားချိန်တွင် ရေချိုငါးမွေးမြူရေး လုပ်ငန်းများက ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လျက်ရှိရာ တပ်မတော်အနေဖြင့် တတ်နိုင်သမျှ ပါဝင်ဖြည့်ဆည်း ပေးမည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်ရှိ ရွှေမုယင်း ငါးမွေးမြူရေးဇုန် ဆောင်ရွက်ထားရှိမှုများအား ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူဦးရေနှင့် ငါးစားသုံးမှုတို့ကို ရှင်းလင်း ပြောကြားသည်။

ထိုသို့ပြောကြားရာ၌ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ၆ သန်းခန့် နေထိုင်ကြောင်း၊ တစ်နေ့လျှင် လူတစ်ဦး ငါးအသား ၅ ကျပ်သား စားသုံးမည်ဆိုလျှင်ပင် ငါးပိဿာချိန် ၃ သိန်းခန့် လိုအပ်မည်ဖြစ်ကြောင်း၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် အလှည့်ကျ ပြောင်းလဲစားသုံးမှုကိုပါ ထည့်သွင်းတွက်ချက်ပြီး လူဦးရေ၏ ၁၀ ရာခိုင်နှုန်း စားသုံးမှုဖြင့် တွက်ချက်ကြည့်မည်ဆိုလျှင်ပင် အနည်းဆုံး ငါးပိဿာချိန် ၃ သောင်းခန့် လိုအပ်ကြောင်း၊ ထို့ကြောင့် ယခုဆောင်ရွက်နေသည့် ရွှေမုယင်း ငါးမွေးမြူရေးဇုန်အား ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်၍ တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူလူထုများ၏ စားရေးကို အထောက်အကူပြုရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ထားရှိရမည့် ရည်ရွယ်ချက်ကို ဆက်လက်မှာကြားရာ၌ ရန်ကုန်တိုင်းဒေသကြီး၏ စားရေးကို တပ်မတော်မှ ဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေးဇုန်များ ဖြစ်သော သီလ၀ါ၊ ရွှေမုယင်း၊ လှည်းကူး ၂၆ မိုင် စသည့် စိုက်ပျိုးမွေးမြူရေးဇုန် ၃ ဇုန်မှထွက်ရှိလာသည့် အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုးတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခြင်းအားဖြင့် ပြည်သူလူထုအပေါ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် ရမည်ဖြစ်ကြောင်း၊ စီးပွားရေးအကျိုးအမြတ်အတွက် မဟုတ်ဘဲ တပ်မိသားစုများနှင့် ဒေသခံပြည်သူလူထု၏ သက်သာချောင်ချိရေးမှသည် နိုင်ငံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ၎င်းရည်ရွယ်ချက်အား သိရှိပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

ယခု ရန်ကုန်တိုင်းဒေသကြီးအတွင်း လွတ်လပ်ရေး ရပြီးစအချိန်က နေထိုင်သော လူဦးရေ စာရင်းအရ ခြောက်သိန်းသာရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၂ သန်းအထိ တိုးပွားလာကြောင်း ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးသည်ကို ကြားသိရသည်။ လူဦးရေ တိုးပွားလာသဖြင့် မြို့ပြချဲ့ထွင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် စက်မှုဇုန်များ တည်ထောင်ခြင်းတို့ကြောင့် စိုက်ပျိုးမြေများ လျော့နည်းလာခြင်းဖြစ်သဖြင့် ရိက္ခာထုတ်လုပ်ရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေး စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တပ်မတော်က ဆောင်ရွက်နေသော သီလ၀ါ၊ ရွှေမုယင်းနှင့် လှည်းကူး ၂၆ မိုင် စိုက်ပျိုးမွေးမြူရေးဇုန်များ အောင်မြင်ရေး စနစ်တကျ ဆောင်ရွက်ကြပါရန် မြ၀တီက တိုက်တွန်း နှိုးဆော်အပ်ပါသည်။  

Read 121 times Last modified on Friday, 14 February 2020 10:43