SJ WorldNews - шаблон joomla Авто

ပြည်သူ့အကျိုးသယ်ပိုးထမ်းဆောင်ကြသူများ

Saturday, 15 February 2020 14:03 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြောက်ဘက်အစွန်ဆုံး၌ တည်ရှိသော ကချင်ပြည်နယ်ကို ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းဟူ၍ ခရိုင်လေး ခရိုင်ဖြင့် ဖွဲ့စည်းထားရာတွင် မြို့နယ်နှင့် မြို့နယ်ခွဲ ၂၉ မြို့ပါဝင်ပြီး လူဦးရေစုစုပေါင်း ၁ ဒသမ ၇ သန်းနီးပါး နေထိုင်လျက်ရှိကြောင်း ၂ဝ၁၄ ခုနှစ်က ကောက်ယူထားသော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ သိရသည်။ တောတောင်ထူထပ်၍ လျှိုမြောင်ချောင်းမြစ်တို့ကို ဖြတ်သန်းသွားရသော လမ်းခရီးမှာ အမြင်နီးသော်လည်း ခရီးကကွာလှမ်းသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရက လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့အောင် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်တွင် သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်သုံးစွဲနိုင်မှု အခြေအနေမှာ ကုန်တင်ယာဉ်နှင့်ဗင်ကားအသုံးပြုနိုင်မှု ၄ ဒသမ ၁ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးကားနှင့်လျှပ်စစ်စက်ဘီး အသုံးပြုနိုင်မှု ၃၅ ဒသမ ၂ ရာခိုင်နှုန်း၊ လေးဘီးတပ်ထော်လာဂျီ အသုံးပြုနိုင်မှု ၅ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလာသော မေခ၊ မလိခမြစ်နှစ်မြွှာနှင့် ၄င်းတို့ပေါင်းစုံရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်သွားရေးမှာ ကနူးလှေ၊ သမ္ဗန်၊ စက်တပ်လှေနှင့်မော်တော်ဘုတ်များ အသုံးပြုကြသည်။

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် အတွင်းရှိ မြင့်မားသော တောင်များကြားတွင် မေခမြစ်က ဖြတ်သန်း စီးဆင်းလျက် ရှိသဖြင့် ခေါင်လန်ဖူးဒေသ၌ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံတော်အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ တို့အတွက် သွားလာရေးနှင့် စားသောက်ရေး အခက်အခဲရှိကြသည်။ ထို့ကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး ဖေဖော်ဝါရီ ၁ဝ ရက်မှ ၁၂ ရက်အထိ စားသောက်ကုန်များ ဖြစ်သည့် ကြက်သွန်နီ ၁ဝ၅ ပိဿာ၊ ကြက်သွန်ဖြူ ၁၆ ပိဿာ၊ ခေါက်ဆွဲခြောက် ၂၄ ဖာ၊ ကြက်ဥအလုံး ၁၅ဝဝ၊ ဆားနှစ်အိတ်တို့ကို ပေးအပ်ခဲ့သည်။ ထို့ပြင် ခေါင်လန်ဖူးမြို့ဝန်းကျင်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ဒေသခံတိုင်းရင်းသား ပြည်သူများလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် တပ်မတော်အစီအစဉ်ဖြင့် ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသော သက်သာဆိုင်အတွက် ဆန်၊ ဆီ၊ အိုင်အိုဒင်းဆား၊ ပဲ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ အာလူး၊ မှော်ဘီခေါက်ဆွဲ၊ ဂျုံ၊ ရွှေဖီဦးအသင့်ဖျော်လက်ဖက်ရည်ထုပ်၊ နန်းမြိုင်ကော်ဖီထုပ်၊ တီးမစ်၊သီးစုံဘူးနှင့် စည်သွတ်ဘူးများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် လေးခေါက် ပို့ဆောင်ပေးခဲ့သည်။

ခေါင်လန်ဖူးဒေသဝန်းကျင်ရှိ  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ  လွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရန်  စားသောက်ကုန်များ ပို့ဆောင်ပေးရာတွင် ပူတာအိုမြို့မှ  နယ်မြေခံတပ်မတော်သားများက ကုန်ပစ္စည်းများအား မော်တော်ယာဉ်များပေါ်မှ ရဟတ်ယာဉ်ပေါ်သို့ ပြောင်းရွှေ့သယ်ဆောင်ပေးခဲ့ကြသည်။

ခေါင်လန်ဖူးမြို့သို့ ကုန်ပစ္စည်းများ ရောက်ချိန်တွင်လည်း နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရဟတ်ယာဉ်ပေါ်မှ ပစ္စည်းများအား ရွှေ့ပြောင်း သယ်ဆောင်ပေးသည်။  ထို့နောက် ခေါင်လန်ဖူးမြို့မှ ပူတာအိုမြို့သို့ သွားရောက်မည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆေးရုံပြသမည့် ဒေသခံပြည်သူများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ခေါင်လန်ဖူးပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များသည် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလလယ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ မုတ်သုံမိုး စတင်ဆုတ်ခွာချိန်တွင် ပူတာအိုနယ်မြေ ခံတပ်ရင်းမှ ရဝမ်စစ်သည်များနှင့်အတူ နယ်ခြားမှတ်တိုင်များ စစ်ဆေးရာတွင် ပါဝင်ခဲ့ကြဖူးသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်နိမိတ်မျဉ်းပေါ်တွင် ၁၉၆၁ ခုနှစ်အောက်တိုဘာ ၁၃ ရက်က နှစ်နိုင်ငံသဘောတူချုပ် ဆိုကြသည့် အခြေပြစာချုပ်အရ စိုက်ထူခဲ့ကြသော နယ်နိမိတ်မှတ်တိုင်များမှ မှတ်တိုင်အမှတ် (၄၃ ၊ ၄၄၊ ၄၆၊ ၄၇)တို့အား ထိုခရီးစဉ်တွင် သွားရောက် စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

ပူတာအိုနယ်မြေခံတပ်ရင်းမှ ရဝမ်စစ်သည်များနှင့် ခေါင်လန်ဖူးပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ ပါဝင်သော နယ်နိမိတ်တိုင်စစ်ဆေးရေး အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်တွင် ပူတာအိုမှ စတင်ထွက်ခွာကြပြီး အဖွဲ့ခွဲများဖြင့် သွားရောက်ကြသည်။ ပူတာအိုမှ ခရီးအကွာအဝေး ၁၇၁ မိုင်၌ အမြင့်ပေ ၁၄၅၉ဝ တွင်ရှိသော မှတ်တိုင် အမှတ်(၄၇)သို့ ၁၆ ရက်ကြာ သွားရပြီး အကွာအဝေး ၁၇၁ မိုင်၌ အမြင့်ပေ ၁၆ဝ၄ဝ တွင်ရှိသော မှတ်တိုင် အမှတ်(၄၆)သို့ ၁၄ ရက်၊ အကွာအဝေး ၂ဝ၁ မိုင် ၅ ဖာလုံ၌ အမြင့်ပေ ၁၂၁၉၈ တွင်ရှိသော မှတ်တိုင် အမှတ်(၄၄)သို့ ၁၇ ရက်၊ အကွာအဝေး ၂၁၁ မိုင် ၅ ဖာလုံ၌ အမြင့်ပေ ၁၂၂၃ဝ တွင် ရှိသော မှတ်တိုင်အမှတ်(၄၃)သို့ ၂၄ ရက်ကြာအောင် ခြေကျင်ခရီးဖြင့် နှင်းတောင်ကိုကျော်၍ တိမ်ပင်လယ်ကို ဖြတ်သွားကြရသည်။

ယခုတစ်ဖန်  ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်  တပ်မတော်သားများနှင့်အတူ ခေါင်လန်ဖူးပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ကြသည်မှာ ပြည်သူ့စစ်ဟူသည် စစ်ရေးကိစ္စ တစ်ခုတည်းအတွက် မဟုတ်ဘဲ ပြည်သူ့အကျိုးသယ်ပိုးသည့် တာဝန်ထမ်းဆောင်ခြင်း ဖြစ်ကြောင်း နမူနာကောင်းအဖြစ် မှတ်ယူရန် ဖြစ်ပါသည်။      

Read 117 times Last modified on Saturday, 15 February 2020 14:04