SJ WorldNews - шаблон joomla Авто

စိတ်မာန်မချ မာနမပါ တို့စွမ်းရာဖြင့်

Monday, 17 February 2020 09:01 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဦးဆောင်သော ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရပ်မိရပ်ဖများအား ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက် ပြီးစီးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ စာဖြေသံဃာတော်များအတွက် ကိုယ်စိတ်ချမ်းမြေ့စွာဖြင့် ပရိယတ်္တိ စာမေးပွဲများ ကျင်းပနိုင်ခြင်း၊ ဓမ္မသဘင်များ ကျင်းပနိုင်ခြင်း စသည့် သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပနိုင်ပြီဖြစ်၍ ရဟန်းရှင်လူ ပြည်သူများက ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရသည့် အခြေအနေများ၊ အိန်္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင်  ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သော ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး ဥူးစန္ဒြမဏိ ၏ ကြေးရုပ်တုတည်ထားရန်  တပ်မတော်၏ လှူဒါန်းမြေတွင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အခြားသော သာသနိက အဆောက်အအုံများ ဆောက်လုပ် လှူဒါန်းမှုပြုလုပ်လျက် ရှိသည့် အခြေအနေများ၊ စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဒေသတည်ငြိမ် အေးချမ်းမှုရှိရန် လိုအပ်သည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဗုဒ္ဓဘာသာ ကိုးကွယ်သူတို့၏အဆို၌ သာသနာတော်ခေတ် (၅)ခေတ်ရှိရာတွင် ပဋိသမ်္ဘိဒါပတ္တရဟန္တာပုဂ်္ဂိုလ်တို့ မဆိတ်သေးသောခေတ် (၀ိမုတ်္တိခေတ်)၊ အဘိညာဉ်ငါးပါးဈာန် တရားရသော ပုဂ်္ဂိုလ်တို့ မဆိတ်သေးသောခေတ် (သမာဓိခေတ်)၊ သီလလေးပါးကို စောင့်ထိန်းသောပုဂ္ဂိုလ်တို့ မဆိတ်သေးသောခေတ် (သီလခေတ်)၊ ပိဋကတ်ကျမ်းစာကို သင်ကြားပို့ချသော ပုဂ်္ဂိုလ်ရှိသေးသောခေတ် (သုတခေတ်)၊  အလှူဒါန၏ တရားကို အားထားပြု၍ နေသူရှိသောခေတ် (ဒါနခေတ်)တို့ဖြစ်သည်။

ထေရ၀ါဒဗုဒ္ဓသာသနာ ထွန်းကားသည်မှာ နှစ်ပေါင်း ၂၆၀၀ ကျော်ခဲ့ပြီး မြန်မာ့မြေပေါ်သို့ ရောက်ရှိသည်မှာ ပျူယဉ်ကျေးမှုထွန်းကားသော အချိန်ဖြစ်ကြောင်း သမိုင်းသုတေသီများက ဖော်ထုတ်ထားပြီး ပုဂံခေတ်တွင် စတင်ထွန်းကားကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ရေးအတွက် ခေတ်အဆက်ဆက် မင်းနှင့်ပြည်သူတို့ ကြိုးပမ်းအားထုတ်ခဲ့ကြရာ ကိုလိုနီလက်အောက်တွင် သာသနာတော် မှေးမှိန်စေမည့် အရေးနှင့်ကြုံတွေ့ရသည်။ မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ် ၀ါဆိုလပြည့်ကျော် ၂ ရက်တွင်မြေငလျင်လှုပ်သဖြင့် ပဲခူးရွှေမော်ဓောစေတီကြီး ပြိုပျက်သည်ကို ဘုရင်ခံက ဖိနပ်စီးပြီး ဘုရားရင်ပြင်တော်ပေါ် တက်ကြည့်ခြင်းသည် ထင်ရှားသော သာဓကဖြစ်သည်။ ကိုလိုနီလက်အောက်ခံ မြန်မာနိုင်ငံသားတို့မှာ ယခုခေတ်လို Foot Wearing Prohabit စာတမ်းရေးရန် အခွင့်မရှိကြသဖြင့် ကိစ္စပြီးမှ ဘာသာသာသနာကို မစော်ကားရန် ကန့်ကွက်ကြရခြင်းဖြစ်သည်။ ထိုကာလနောက်ပိုင်း၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ်(YMBA)ကို ခရစ်နှစ် ၁၉၀၆ ခုနှစ်တွင် ဖွဲ့စည်း၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကြီးပွား မြင့်မားရေးကို ဆက်လက်ထိန်းသိမ်း ခဲ့ကြခြင်းဖြစ်သည်။ ပညာဟူသည် အသိပညာ၊ အတတ်ပညာနှစ်မျိုးစလုံး အကျုံးဝင်လျက်ရှိရာ အကြောင်းနှင့်အကျိုး၊ အကောင်းနှင့်အဆိုးကို ပိုင်းခြားဝေဖန်တတ်သော အသိဉာဏ်ပညာ၏ အခန်းကဏ္ဍ အရေးပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားများ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် တာဝန်များတွင် ဘာသာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံသားများ ခံစားခွင့်ရနေကြသဖြင့် မိမိတို့ ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမကို   လိုက်နာကြရန်သာ လိုသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပြုထားသကဲ့သို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း ဖွဲ့စည်းထားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေကြရန် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများသည် သာသနာ့ဝန်ကို ဆောင်ကြသော သံဃာတော် အရှင်မြတ်တို့အား ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊  ဆေးဟူသော ပစ္စည်းလေးပါးကို လှူဒါန်းကြသည်။ ဤသို့ လှူဒါန်းကြရာတွင် သပ္ပုရိသဒါန(၅)ပါးဟု ဆိုအပ်သော သဒ္ဓါပြဋ္ဌာန်း၍ လှူဒါန်းခြင်း၊ အလှူဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို အရိုအသေပြု၍ လှူဒါန်းခြင်း၊ သင့်တင့်လျောက်ပတ်သော အခါကာလ၌ လှူဒါန်းခြင်း၊ မလှူမီ၊ လှူဆဲ၊ လှူပြီးဖြစ်သော ကာလသုံးပါးတို့၌ နှမြောစုံမက် နှစ်သက်တွန့်တို ဆုတ်နစ်ခြင်းမရှိဘဲ လွတ်လပ်စွာ ပေးလှူခြင်း၊ မိမိကိုယ်ကိုလည်း မချီးမြှောက်၊ သူတစ်ပါးအားလည်း မကဲ့ရဲ့ မရှုတ်ချသောစိတ်ဖြင့် လှူဒါန်းမှု ကုသိုလ်ပြုကြသည်။

သို့ဖြစ်၍ သီတဂူဆရာတော်ဘုရားကြီး၏ သာသနာပြု အဓိဋ္ဌာန်ဖြစ်သော““ငါတို့ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊ တို့စွမ်းရာဖြင့်၊ တို့သာသနာ၊ တို့ဘာသာကို၊ သာယာစေမှု၊ လုံ့လပြုအံ့””ဟူသည်ကို နှလုံးသွင်းကြရန်ဖြစ်ကြောင်း မြ၀တီက ထပ်လောင်း၍ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

Read 149 times Last modified on Monday, 17 February 2020 09:02