SJ WorldNews - шаблон joomla Авто

မြားတစ်စင်းဖြင့် ပစ်မှတ်နှစ်ခု ထိအောင်စွမ်းဆောင်

Tuesday, 10 March 2020 09:27 font size decrease font size decrease font size increase font size increase font size

နွေဦးအခါသမယ တပေါင်းလတွင်  ထနောင်းပင်ထက်က ချိုးငှက်ကူသံ ကြားရသကဲ့သို့ ဖူးပွင့်ဝေဆာသော သရက်ပင်မှ ဥသြငှက်တွန်သံကိုပါ ကြားရသည်မှာ သာယာနာပျော်ဖွယ်ရှိသည်။

မြန်မာဝေါဟာရ အနက်ဖွင့်ကျမ်းများမှ ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက်က ပေါ်ပေါက်ခဲ့သော ဝေါဟာရလိနတ္ထ ဒီပနီကျမ်းကို သံတော်ဆင့်အမတ်ကြီး မဟာဇေယျသင်္ခယာက ပြုစုထားရာတွင် သက္ကတမာဂဓတို့မှ ဆင်းသက်လာကြောင်း အခိုင်အမာဆိုနိုင်သောဝေါဟာရများ၊ သက္ကတမာဂဓတို့မှ မြန်မာဘာသာပြန်၍ သုံးနှုန်းသော ဝေါဟာရများ၊ မြန်မာသက်သက်ဝေါဟာရများဟု သုံးမျိုးပါဝင်ကြောင်း ကျမ်းဂန်အကိုးအထောက်များဖြင့် ခြေခြေမြစ်မြစ် ဖွင့်ဆိုထားသည်။ မြန်မာစာပေပညာရှင်ကြီး ဒေါက်တာခင်အေး (မောင်ခင်မင်၊ ဓနုဖြူ)က ဝေါဟာရလိနတ္ထဒီပနီကို ကိုးကား၍ ဥသြကိုရှင်းလင်းရာ၌ အသံအောအောမောင်းမောင်း တွန်မြည်တတ်သောကြောင့် သြငှက်သာ ဆိုရမည်ကို   ဥဒေါင်း၊ ဥချိုးတို့ကဲ့သို့ ဥအက္ခရာထည့်၍ ဥသြဟု ဆိုသည်ဟူ၍ ဖွင့်ဆိုထားရာ  ဇေယျသင်္ခယာက  ဥသြဟု ခေါ်သည်မှာ ဥသြဥသြဟု တွန်သံကိုစွဲ၍ မြန်မာဘာသာဖြစ်သည်၊ ယူသင့်သည်ဟု မိမိအယူအဆကို ဖော်ပြပြီး   ဝေါဟာရတ္ထပကာသနီ၏ အဆိုသည်လည်း သင့်လျော်၏။ ကြိုက်နှစ်သက်ရာ ယူလေဟု ဆိုထားကြောင်း မှတ်သားရဖူးသည်။

မြန်မာတို့ အစဉ်အလာအရ ငြိမ်းချမ်းရေးအထိမ်းအမှတ်  ချိုးငှက်ကူသံကြားရသည်မှာ မင်္ဂလာရှိသော အတိတ်ကောင်း နိမိတ်ကောင်းအဖြစ်  မှတ်ယူရန်အကြောင်းတိုက်ဆိုင်သည်မှာ   နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) တို့၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးခွဲ၌ မတ် ၆ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပကြသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေး ကျင်းပပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)  အတွင်းရေးမှူးများ အစည်းအဝေးများကို မတ် ၁ဝ ရက်တွင်လည်းကောင်း၊ UPDJC အစည်းအဝေးကို မတ် ၁၂ ရက်တွင်လည်းကောင်း အသီးသီး ကျင်းပမည် ဖြစ်ကြောင်း ကြားသိရသည်။

နောက်သတင်းတစ်ပုဒ်မှာ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို မတ် ၅ ရက် နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ  ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF၊ UNRCO၊ ILO၊ Save the Children၊ UNHCR၊ WFP၊ World Vision  မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသူများက  လက်နက်ကိုင်ပဋိပက္ခအတွင်း  ကလေးသူငယ်များအပေါ်  သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများအား ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးကြသည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ (၂ဝဝ၅)နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များအရ သတ်မှတ်ထားသော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု (၆)ရပ် (Six Grave Violations) ဖြစ်သည့် ကလေးသူငယ်များအား သေကျေထိခိုက် ဒဏ်ရာရစေခြင်း၊ အရွယ်မရောက် သေးသူများအား လက်နက်ကိုင်အဖွဲ့များသို့ စုဆောင်းခြင်း၊ ကျောင်းနှင့်ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေးသူငယ်များအား လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပိတ်ပင်ခြင်းတို့မှ ကာကွယ်တားဆီးရန်အတွက် ''လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ''ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် နိုင်ငံတော်အစိုးရက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၏ နောက်ဆုံးအခါသမယ တပေါင်းလတွင် ထနောင်းပင်ထက်က ချိုးကူသံသာ သကဲ့သို့ ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပသည့် သတင်းများကလည်း ကြားရသူ အပေါင်းအတွက် မင်္ဂလာသတင်းဖြစ်သည်။  တစ်ဆက်တည်းမှာပင် ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးပွဲများမှ ပေါ်ထွက်လာသော ရလဒ်ကောင်းများက လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု (၆)ရပ်ကို တားဆီးနိုင်ရန်  အထောက်အကူပြုမည်ဟု ပြည်သူများက မျှော်လင့်နေကြခြင်းကြောင့် သက်ဆိုင်သူတို့ အနေဖြင့် မြားတစ်စင်းတည်းဖြင့် ပစ်မှတ်နှစ်ခုကို ထိအောင် စွမ်းဆောင်နိုင်ကြသော် အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကားပမာ ခံ့ညားကြမည် ဖြစ်ပါသည်။     

Read 87 times Last modified on Tuesday, 10 March 2020 09:29