SJ WorldNews - шаблон joomla Авто

ယာဉ်အန္တရာယ်ကင်းရှင်းရေး သတိတရားဖြင့်ဆောင်ရွက်ပေး

Saturday, 14 March 2020 10:29 font size decrease font size decrease font size increase font size increase font size

နယ်ပယ်ပေါင်းစုံတွင် နည်းပညာများ တစ်ဟုန်ထိုး တိုးတက်လာမှုနှင့်အတူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်လည်း အမျိုးမျိုးသော သယ်ယူပို့ဆောင်ရေး ယာဉ်များ စဉ်ဆက်မပြတ် ပေါ်ပေါက်လျက်ရှိသည်။၂ဝဝဝ ပြည့်နှစ်မတိုင်မီက ကျေးလက်ဒေသများတွင် သွားလာရေးအတွက် နွားလှည်း၊ မြင်းလှည်းများ၊ လယ်ထွန်စက်ဖြင့်တွဲလျက် အသုံးပြုသည့် ထော်လာဂျီများ၊ စက်ဘီးများကို အဓိကထားပြီး အသုံးပြုကြသကဲ့သို့ မြို့ပေါ်တွင်လည်း ကိုယ်ပိုင်မော်တော် ယာဉ်၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် အသုံးပြုနိုင်သူများမှာ အနည်းငယ်ခန့် သာရှိခဲ့သည်။

ယခုအခါ အထက်တွင်ဖော်ပြခဲ့သည့် သယ်ယူပို့ဆောင်ရေး ယာဉ်များကို အသုံးပြုမှုမှာ မရှိသလောက်ပင် နည်းပါးလာခဲ့ပြီဖြစ်သည်။ အကြောင်းမှာ တိုးတက်လာသည့် ခေတ်မီနည်းပညာများနှင့်အတူ လူတန်းစားမရွေး ဝယ် ယူအသုံးပြုနိုင်သည့် မော်တော်ဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် အမျိုးမျိုးသော မော်တော်ယာဉ်များကို အသုံးပြုလာ နိုင်ကြသည်။ ယခင်က အချိန်များစွာပေး၍ သွားရောက်ကြရသည့်ခရီး အကွာအဝေးကို ယခုအခါ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ အသုံးပြု၍ အချိန်တိုအတွင်း သွားရောက်နိုင်ကြသဖြင့် ဤခရီးနီးသလားဟု ပင်ဆိုရပေမည်။

သယ်ယူပို့ဆောင်ရေးယာဉ်များ မပေါများမီအချိန်က ယာဉ်မတော်တဆမှုများ နည်းပါးခဲ့သည်။ ယာဉ်အသုံးပြုမှု နည်းပါးခဲ့သဖြင့် မတော်တဆမှုများ နည်းပါးခဲ့ခြင်းဟု ယေဘုယျကျကျ ကောက်ချက်ချနိုင်ပါသည်။

ယနေ့ခေတ်ကာလတွင် ယာဉ်မတော်တဆ ဖြစ်မှုများကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများအား နေ့စဉ်ကြားသိနေရသည်။ ယာဉ်များပေါများ လာမှုနှင့်အတူ ယာဉ်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နောက် ဆက်တွဲ ယာဉ်မတော်တဆမှုများမှာလည်း များပြားလာသည်။ ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ ယာဉ်အားမဆင်မခြင် မောင်းနှင်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ မူးယစ်သေစာ သောက်စားပြီး မောင်းနှင်ခြင်းများ၊ ယာဉ်တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင် မောင်းနှင်ခြင်းများ ကြောင့် မတော်တဆမှုများ ဖြစ်ပွားသကဲ့သို့ ယာဉ်များ၏ ကြံ့ခိုင်မှုအား နည်းခြင်း၊ သတ်မှတ်ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်မောင်းနှင်ခြင်း၊ ယာဉ် မောင်းနှင်နေစဉ် အိပ်ငိုက်ခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်ပြမီးများ အား မှန်ကန်စွာအသုံးမပြုခြင်း စသည့်အမျိုးမျိုးသော အကြောင်းအရာများ ကြောင့်လည်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိသည်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုပေါင်း ၅၂၁ မှုဖြစ်ပွားကာ သေဆုံး သူ ၁ဝ၆ ဦး၊ ဒဏ်ရာရရှိသူ ၁ဝ၁၄ ဦးအထိရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆ မှု ၁၄၈၃၄ မှု၊ ဒဏ်ရာရရှိသူ ၂၃ဝ၉၇ ဦးနှင့် သေဆုံးသူ ၄၈၆၁ ဦးဖြစ်သဖြင့် ပျမ်းမျှ တစ်ရက်လျှင် ၁၃ ဦးခန့်သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များ အရသိရှိရသည်။

အမြန်လမ်းမကြီးတွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆ ဖြစ်စဉ်များသည် များသောအားဖြင့် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ ယာဉ်မောင်း စဉ်အိပ်ငိုက်ခြင်းနှင့် ယာဉ်များကြံ့ခိုင်မှု အားနည်းခြင်းများကြောင့် ယာဉ် မတော်တဆမှု ဖြစ်ပွားသည်ကို သိရှိရသည်။ ယာဉ်ကို မောင်းနှင်ရာတွင် ခရီးဝေးမောင်းနှင်သည်ဖြစ်စေ၊ ခရီးတိုမောင်းနှင်သည်ဖြစ်စေ သတ်မှတ်ထား သည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ ကားမောင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ရှိသကဲ့သို့ အနှေး ယာဉ်အဖြစ် သတ်မှတ်ထားသည့် မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်း၊ သုံးဘီး ဆိုင်ကယ်မောင်းနှင်ခြင်း၊ စက်ဘီးစီးနင်းခြင်း စသည့် အမျိုးမျိုးသော ယာဉ်များ မောင်းနှင်ရာတွင် လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များအတိုင်း စနစ်တကျ မောင်းနှင်ရန် လိုအပ်လှပေသည်။

မိမိမောင်းနှင်သည့် ယာဉ်ကို စနစ်တကျဖြင့် သတ်မှတ်ချက်များ အတိုင်း လိုက်နာပြီး မောင်းနှင်နေသော်လည်း တခြားစည်းကမ်း မလိုက်နာသော ယာဉ်တစ်စီး စီးကြောင့် မတော်တဆထိခိုက်မှု ဖြစ်နိုင်သည်ကိုလည်း စိတ် ထဲတွင် အမြဲမှတ်ယူပြီး ယာဉ်များကို သတိဖြင့် မောင်းနှင်ရမည်ဖြစ်သည်။ ထို့အတူ မော်တော်ယာဉ်များ သွားလာလျက်ရှိသည့် ကားလမ်းများအနီး ခြေကျင်ခရီးဖြင့် သွားလာလှုပ်ရှား နေသူများ အနေဖြင့်လည်း သတ်မှတ် ထားသည့် လူသွားပလက်ဖောင်း စင်္ကြံများ၊ လူကူးခုံးကျော် တံတားများနှင့် လူကူးမျဉ်းကျားများပေါ်မှသာ သွားလာခြင်းဖြင့် မိမိတို့အတွက် ထိခိုက်မှု အန္တရာယ်ကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ ယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့ပါးစေရန်အတွက် ယာဉ်မောင်းနှင်သူ တစ်ဦးချင်းအနေဖြင့် သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ် သကဲ့သို့ လမ်းများပေါ်တွင် လှုပ်ရှားသွားလာနေကြသူများ အနေဖြင့်လည်း လမ်းစည်းကမ်းများအား တိကျစွာလိုက်နာပြီး သတိရှိစွာလှုပ်ရှား သွားလာ မည်ဆိုပါက နေ့စဉ်ဖြစ်ပွားလျက်ရှိသည့် ယာဉ်မတော်တဆမှုများ လျော့နည်း ကျဆင်းသွားမည်ဖြစ်ပါကြောင်း မြဝတီက တိုက်တွန်းရေးသား အပ်ပါသည်။   

Read 216 times Last modified on Saturday, 14 March 2020 10:33