SJ WorldNews - шаблон joomla Авто

ဥပဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ

Sunday, 22 March 2020 10:17 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာသည် နိုင်ငံသားအများဆုံး ကိုးကွယ် သောဘာသာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် နေ့စဉ်နှင့်အမျှ သရဏဂုံသုံးပါးနှင့် ငါးပါး သီလကို မြဲမြံစွာစောင့်ထိန်း ကြရသည်။ ကမ္ဘာတစ်ဝန်းနီးပါး ပျံ့နှံ့လျက်ရှိသော COVID-19 ကူးစက်မြန် ရောဂါဆိုးသည် ယနေ့အချိန်ထိ မြန်မာနိုင်ငံအတွင်း ရောက်ရှိခြင်းမရှိသေးကြောင်း ဝမ်းသာဖွယ် သတင်းကောင်း ကြားနေရသည်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များ၊ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ နေ့စဉ်မပြတ် ရွတ်ပွားပူဇော်နေသော ရတနသုတ်တော်ကြောင့် ဘေးရန်များ ဖယ်ရှားနေခြင်းဖြစ်သည်။ ဆရာတော် သံဃာတော်များနည်းတူ သာသနာ့နွယ်ဝင် သီလရှင်များသည် အချိန်အခါမလပ် ရတနသုတ်ပရိတ်တော်ကို ရွတ်ဆိုပူဇော်လျက်ရှိနေ သည်။

မြန်မာနိုင်ငံရှိ မြန်မာပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်ရတိုင်း သူ့ခေတ်သူအခါ အလျောက် ဆရာတော်ကြီးများက ဦးဆောင်ကာကွယ်ပြီး ပပျောက်အောင် ဆောင်ရွက်ပေးခဲ့ သောသမိုင်းအစဉ်အလာများ ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က မြန်မာ တစ်နိုင်ငံလုံးနီးပါး ပလိပ်ကပ်ရောဂါကြီး ကျရောက်ခဲ့သည်။ သက္ကရာဇ် ၁၂၇၁ ခုနှစ် တပို့တွဲ လ(အေဒီ ၁၉၁ဝ ပြည့်နှစ် ဇန်နဝါရီလ)တွင် စစ်ကိုင်းတစ်မြို့လုံး ပလိပ်ကပ်ရောဂါ အကြီး အကျယ်ဖြစ်ပွားရာ လယ်တီဆရာတော်ကြီး ကြွရောက်၍  ပလိပ်ရောဂါ ကင်းဝေးအောင် ဆောင်ရွက်ရသည်။ စစ်ကိုင်းမြို့သို့ ရောက်သောအခါ ဒါယကာများကို ''မင်းတို့မြို့ရှိ သံဃာ များပရိတ်ရွတ်ခြင်း၊ ကမ္မဝါဖတ်ခြင်းပြုလုပ်၍ အန္တရာယ်ကိုမခုခံကြဘူးလား''ဟုမေးတော်မူ၏။ ဒါယကာများက ''ပရိတ်ကိုလည်း ရွတ်ကြပါ၏။ ကမ္မဝါကိုလည်း ဖတ်ကြပါ၏။ ဖတ်သော်လည်း အန္တရာယ်မပျောက်ငြိမ်းပါ''ဟု လျှောက်ထားကြသည်။

''မင်းတို့ပရိတ်ရွတ်၊ ကမ္မဝါဖတ်ရန် သံဃာများကိုပင့်လျှင် သတိထားရန်၊ နွားသားစားသော ဘုန်းကြီးများ မပါစေရ၊ နွားသားစားသော ပါးစပ်ကြီးနှင့် ''သုဏာတုမေဘန္တေသံဃော'' ဟု ဖတ်လိုက်သည်နှင့် တစ်ပြိုင်နက်ပါးစပ်က နွားသားနံ့ကြီး တစ်ခေါ်လောက်ရောက်အောင် ကင်းထောက်သွားသည်။ ထိုအခါ ဘီလူးသဘက်တွေက နွားသားနံ့ကို မီးခိုးလျှောက်လိုက်ပြီး လာတတ်သည်''ဟု လယ်တီဆရာတော်ကြီးက မိန့်တော်မူသည်။ ထိုအခါ ဒါယကာများက ''မှန်လှပါ။ ဟုတ်ပါပေသည်ဘုရား။ တပည့်တော် တို့ပင့်သော သံဃာထဲက နွားသားစားသော ဘုန်းကြီးနှစ်ပါး ယခုပလိပ်ကပ်ထဲ ပါသွားပါပြီဘုရား''ဟု လျှောက်ထားကြသည်။

လယ်တီဆရာတော်ကြီးသည် ထိုခေတ်က နွားသားမစားရေး တရားဟောကြားပြီး နွားမေတ္တာ စာရေးသားခဲ့သည်။ ပလိပ်ရောဂါကပ်ဆိုးကြီးသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားနေ သည်။ ရောဂါဖြစ်သည့် ဒေသတိုင်းကို ဆရာတော်ကိုယ်တိုင် သွားရောက်သည်။ မသွားဖြစ် သည့်ဒေသများသို့ တပည့်များကို ရောဂါနှိမ်နင်းရေး အစီအမံများဖြင့် စေလွှတ်သည်။ ဆရာတော်ကြီး၏ စိတ်အကြံမှာ ''မြတ်စွာဘုရား သာသနာတော်ကြီးရှိပါလျက်နှင့် သည်ပလိပ် ကပ်အန္တရာယ်တွေ အနှံ့အပြားဖြစ်နေရခြင်း၊ အန္တရာယ်တွေ နှိပ်စက်သည့်အတွက် သံဃာ တော်တွေ ထွက်ပြေးနေရခြင်းသည် သာသနာတော်မြတ်၏ အရောင်အဝါ ညှိုးနွမ်းရာရောက် နေ၏။ သာသနာတော်မြတ်ကြီး အစွမ်းမရှိရာ ရောက်နေ၏။ သို့အတွက် သာသနာတော်၏ ဂုဏ်ကိုဖြင့် မပျက်စေရဘူး။ မငြိမ်းမနေရ ငြိမ်းအောင်ပြုလုပ်မည်''ဟု စိတ်အကြံဖြစ်ပေါ်တော် မူလေသည်။

ထိုသို့အကြံဖြစ်ပြီးနောက် တရားပွဲများကို ရုပ်သိမ်းလျက် အောက်မြန်မာပြည်မှ အထက်မြန်မာ ပြည်သို့ တက်လာသည်။ ပျဉ်းမနား၊ မိတ္ထီလာ၊ မလှိုင်၊ ပန်းအိုင်မြင်းခြံ မီးရထားလမ်း တစ် လျှောက်၌ ဖြစ်နေသော အန္တရာယ်ကပ်ဆိုးကို မနေမနား နှင်ထုတ်တော်မူသည်။ သက္ကရာဇ် ၁၂၇၂ ခုနှစ် တပို့တွဲလ(အေဒီ ၁၉၁၁ ခုနှစ် ဇန်နဝါရီလ)တွင် မန္တလေးမြို့သို့ ပလိပ်ကပ် အန္တရာယ် ကျရောက်နေ၍ ဆရာတော်ကြွတော်မူသည်။ မန္တလေးမြို့သို့ ရောက်သောအခါ လေးပြင်လေးရပ်၌ ဖြစ်ပေါ်နေသော ပလိပ်ရောဂါကို ရက် ၂ဝ အတွင်း နေ့ရောညဥ့်ပါ မနေ မနားအပင်ပန်းခံလျက် ငြိမ်းစဲအောင် အားထုတ်တော်မူသည်။ ထိုအချိန်ကာလက အမျိုးမျိုး သော ကပ်ဥပဒ်တို့အတွက် အသင့်ကြိုတင်ပြင်ဆင် ကာကွယ်ရမည့်အချက်တို့တွင် တစ်ကိုယ် ရေကြိုတင်ပြင်ဆင်ရန်နှင့် မြို့ရွာအတွင်း နေထိုင်ကြကုန်သော လူအများတို့ စုပေါင်း၍ ကြိုတင် ပြင်ဆင်ရန်ဟူ၍ နည်းနှစ်နည်းကို လယ်တီဆရာတော်ကြီးက ရေးသားပြညွှန်တော်မူသည်။ တစ်ကိုယ်ရေ ကြိုတင်ပြင်ဆင်ရန်မှာ ငါးပါးသီလကို အမြဲနိစ္စလုံခြုံစွာ စောင့်ထိန်းရမည်။ ''အဘိ ဝါဒနသီလိဿ၊ နိစ္စံဝုဎာပစာယိနော၊ စတ္တာရောဓမ္မာဝဎာန္တိ၊ အာယုဝဏ္ဏောသုခံဗလံ'' ဟူသော ပါဠိအရ အာယုဝဎာနဆေးကြီးကို အမြဲမှီဝဲရမည်။ အန္တရာယ်ကင်းစေတတ်သည်ဟူ၍ လောက ၌ထင်ရှားသော ပရိတ်တော်၊ ဂုဏ်တော် ပါဠိတော်ဂါထာများကို နေ့စဉ်စွဲမြဲ၍ ပုတီးစိပ်မှု၊ အခေါက်များစွာ ရွတ်မှုရှိစေရမည်။ လောကီအရာ၌ အန္တရာယ်ကင်းစေတတ်သည်ဟူ၍ ဒိဋ္ဌ သုတရှိနေကြသော ဂါထာမန္တရား၊ ဆေးဝါး၊ အင်းအိုင်များကိုလည်း ကိုယ်စောင့်လက်စောင့် ထားရှိစေရမည်။

ယနေ့ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သော COVID-19 ဖြစ်ပွားနေသော နိုင်ငံများတွင် မြန်မာ နိုင်ငံပါဝင်ခြင်း မရှိသေးသည်မှာ ဆရာတော်သံဃာတော် မထေရ်မြတ်ကြီးများ၏ ကြီးမားသော မေတ္တာ၊ ကရုဏာနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ ဘာသာတရားအပေါ် ရိုသေလေးစား ကိုင်းရှိုင်းကျင့်ကြံမှုကြောင့်ဖြစ်ပေရာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ကမ္ဘာ့ကပ်ရောဂါ ကိုအောင်နိုင်ခဲ့သလို ယခု ၂ဝ၂ဝ ပြည့်နှစ်တွင်လည်း အောင်မြင်စွာ ကျော်လွှားနိုင်ပါစေ ကြောင်း မြဝတီက ဆုမွန်ကောင်း တောင်းအပ်ပါသည်။  

Read 51 times Last modified on Sunday, 22 March 2020 10:34