SJ WorldNews - шаблон joomla Авто

အမျိုးသားရေးကို အစဉ် ဦးထိပ်ထားလျက် ……..

Monday, 23 March 2020 09:37 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်)

ရှေးခေတ်မြန်မာစာပေများတွင် အမျိုးသားဟူသောဝေါဟာရကို သက်္ကရာဇ် ၈၀၄ ခုနှစ်တွင် ရေးထိုးခဲ့သော ပုဂံ ၀က်ကြီးအင်း တက်နွယ်ကျောင်း ကျောက်စာတွင်တွေ့ရှိရသည်။ ကျောက်စာကိုရေးထိုးခဲ့သူမှာ တောင်တွင်း မင်းသီရိဇေယျသူ မောင်နှံဖြစ်သည်။ ကျောက်စာတွင် ““ကျောင်းတော်၌ လာလစ်အံ့သောအမျိုးသားတို့ကို သင်စိမ့်သောငှာ ဗေဒင်နှင့် တကွ ပိဋကတ်သုံးပုံ ရေးတော်မူ၏””ဟုမော်ကွန်းတင်ထားသည်။

ထိုသို့ဖော်ပြထားသော အမျိုးသားဝေါဟာရမှာ ရှေးကမူ အမည်နာမကိုမှည့်ခေါ်ကြရာတွင် အမျိုး၊ အမျိုးထွန်းဟူ၍ အသီးသီး ခေါ်ဝေါ်ခဲ့ကြောင်း တွေ့ရသည်။ မိဘက သားသမီးကို ချစ်စနိုးဖြင့် ငမျိုး၊ မျိုးရိုးဂုဏ်ကို ထွန်းပြောင်စေသူကို အမျိုးထွန်းဟူ၍ ထူးခြားစွာမှည့်ခေါ်ခဲ့ကြသည်။ သကရာဇ် ၉၀၄ ခုနှစ် အင်းဝခေတ်စာဆို ရှင်အဂသမာဓိ၏ ဘုံခန်းပျို့တွင် ““စနည်းနတ်ပဲ့၊ သူငဲ့ဆိုဟန်၊ တံဘောင်မှန်လျက်၊ ကျမ်းဂန် သင်ကြား၊ အမျိုးသားတို့””ဟူ၍ သုံးနှုန်း ထားသည်။

ပုဂံ ကျောက်စာခေတ်၊ အင်းဝပျို့ခေတ်တို့တွင် အမျိုးသားဝေါဟာရသည် မြန်မာ့အစဉ်အလာအမျိုးသား၊ အမျိုးသမီး ပညတ် သဘောကိုသာ ဆောင်ခဲ့သည်။ ထိုစဉ်က အမျိုးသားဝေါဟာရအနက်၏ ဂယက်သည် ယနေ့ ခေတ်ကဲ့သို့ လှုပ်လှုပ်ရှားရှား မရှိခဲ့ပေ။ ကန်ရေပြင်ပမာငြိမ်သက်နေခဲ့သည်။ ကန်ရေပြင်ဆိုသည်မှာ ခဲတစ်လုံး ပစ်ချလိုက်မှသာ လှုပ်ရှားလာသည့် သဘောရှိပေသည်။ ထို့အတူ မြန်မာနိုင်ငံ၏နိုင်ငံရေးသည် တည်ငြိမ်ခဲ့သည်။ နယ်ချဲ့ အင်္ဂလိပ်ဟူသော ခဲလုံးကြောင့်သာ လှိုင်းထခဲ့ရသည်။

ထိုလှိုင်းနှင့်အတူ အမျိုးသားရေး ဝေါဟာရသည် ရှင်သန်နိုးကြားခဲ့သည်။ ၁၉၀၀ ပြည့်နှစ်မှ ၁၉၂၀ ပြည့်နှစ်သည် ဗုဒဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) ပေါ်ထွက်ခဲ့ခြင်း၊ မြန်မာနိုင်ငံသုတေသန အသင်းကြီး ဖွဲ့စည်းတည် ထောင်နိုင်ခဲ့ခြင်း၊ ပထမကျောင်းသား သပိတ်ဖြစ်ပေါ်ခဲ့ခြင်း၊ ရန်ကုန်တကသိုလ်ကို  စတင် တည်ထောင်နိုင်ခဲ့ခြင်း စသည့် အမျိုးသားရေး၊ အမျိုးသားရေး စိတ်ဓာတ်လှုပ်ရှားမှု တိုက်ပွဲများ ပေါ်ထွက်လာခဲ့သည်။ အမျိုးသားဝေါဟာရ သည် အထူးနိုးကြားတက်ကြွစွာ ပေါ်ထွက်ခဲ့သည်။ အမျိုးသားအောင်ပွဲနေ့ကိုလည်း ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့၌ပင် အမှတ်ထင်ထင် ရာဇ၀င်တွင်ခဲ့သည်။

၁၉၂၀ ပြည့်နှစ်မှ ၁၉၃၀ ပြည့်နှစ်ကာလသည်လည်း အမျိုးသားရေးလှုပ်ရှားမှုကာလပင်ဖြစ်သည်။ မြန်မာနိုင်ငံသား တို့သည် ၀ံသာနုရက်္ခိတ ဟူသော ပါဠိဝေါဟာရကို မြန်မာလို အမျိုးသားရေးဝါဒဟုနားလည် လက်ခံကာ မျိုးချစ် စိတ်ဓာတ်များ နိုင်ငံအနှံ့ပျံ့နှံ့သွားခဲ့သည်။ အမျိုးသားဝေါဟာရ ခေတ်ဆန်းချိန်ဟုဆိုနိုင်ပေသည်။ ၁၉၃၀ ပြည့်နှစ် မေ ၃၀ ရက်တွင် ““တို့ဗမာအစည်းအရုံးကြီး””ကို စတင် အုတ်မြစ်ချခဲ့သည်။

သခင်ဘသောင်းဦးစီးသောမျိုးချစ်မြန်မာလူငယ်တစ်စုသည် နိုင်ငံပြုစာတမ်းအမှတ်(၁)ကို ထုတ်ဝေသည်။

ထိုစာတမ်းတွင် ““ဗမာပြည်သည်-တို့ပြည်”” ““ဗမာစာသည်-တို့စာ”” ““ဗမာစကားသည်-တို့စကား”” ““တို့ပြည်ကို ချစ်ပါ”” ““တို့စာကိုချီးမြှင့်ပါ”” ““တို့စကားကို လေးစားပါ””ဟူသော ကြွေးကြော်သံများပါရှိသည်။ ထိုစာတမ်းသည် ယနေ့တိုင် ““တို့ဗမာစာတမ်း””အဖြစ် တည်ရှိနေသည်။

တို့ဗမာစာတမ်း ကြွေးကြော်သံသည် တစ်နိုင်ငံလုံးအုန်းအုန်းကျွက်ကျွက်ဆူညံပွက်ကာ ဂယက်ရိုက်ခဲ့သည်။ သခင်မျိုးဟေ့ တို့ဗမာ ဟူသောစိတ်ဖြင့် အမျိုးသား လူငယ်များသည် ““သခင်””ဟူ၍ မိမိ၏နာမည်ရှေ့တွင် ထည့်ခေါ်သကဲ့သို့ အမျိုးသမီးလူငယ်များကလည်း ““သခင်မ””အဖြစ်ခံယူကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး အတွက် နည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်ကြသည်။ သခင်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် လက်နက်စွဲကိုင်၍ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ကို စတင်ဖွဲ့စည်း နိုင်ခြင်း သည် အမျိုးသားရေးအတွက် လမ်းပြကြယ်ပေါ်ထွန်းလာခြင်းဖြစ်သည်။

အမျိုးသားရေးအတွက် စတင်ဖြစ်ပေါ်ခဲ့သော တပ်မတော်သည် ယနေ့တိုင်လည်း အမျိုးသားရေးကို ဆောင်ရွက် လျက်ရှိသည်။ အသက်အရွယ် အပိုင်းအခြားအရ လူသားတို့ ပြောင်းလဲသွားခဲ့ကြသော်လည်း တပ်မတော်၏ မူဝါဒသဘော ထားကား ပြောင်းလဲခြင်း မရှိပါ။ ပြည်သူ့အတွက် တပ်မတော်သာဖြစ်သည်။

““တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက်””ဟူသော သစ္စာ တရားနှင့်အညီ ပြည်ထောင်စု

မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အစဉ် ဦးထိပ်ထားလျက် ရှိပါကြောင်း (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ကြိုဆိုပါသည်။ 

 

Read 36 times Last modified on Monday, 23 March 2020 09:38