SJ WorldNews - шаблон joomla Авто

အတိတ် ပစ္စပ္ပုန် မှသည် အနာဂတ်ဆီသို့

Tuesday, 24 March 2020 12:42 font size decrease font size decrease font size increase font size increase font size

မြန်မာ့သမိုင်းကို ရေးသားပြောဆိုကြတိုင်း နာကြည်းဖွယ်ကောင်းသောအတိတ်ဖြစ်ရပ်များက မပါမဖြစ် ပါလာသည်။ မေ့ပျောက်၍လည်းမဖြစ်နိုင်။  အတိတ်သည် အနာဂတ်အတွက်ဆရာတစ်ဆူဖြစ်သည်။ အတိတ်မှ သင်ခန်းစာကို ပစ္ပုန်  တွင်အသုံးပြုပြီး အနာဂတ်အတွက်ကောင်းမွန်သောအစီအမံပြုလုပ်ရပေမည်။ အထူးသဖြင့်  တိုင်းပြည်နှင့် လူမျိုး၏ လုံခြုံရေးဖြစ်သည်။ မြန်မာတို့ သူ့ကျွန်ဖြစ်ခဲ့ရသော အကြောင်းများတွင် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှု သည်လည်း ပါဝင်သည်။

နယ်ချဲ့ အင်္ဂလိပ်တို့သည် မြန်မာတို့၏စစ်ရေး၊ နိုင်ငံရေးလျှို့ဝှက်သတင်းများကို အမြဲရယူနေသည်။

မင်းလှခံတပ်၊ သပြေတန်းခံတပ်၊ အင်းဝခံတပ်များ၏ အချက်အလက်များကို အီတလီအမှုထမ်းများထံမှ  အင်္ဂလိပ်တို့ရရှိသကဲ့သို့ စုဖုရားလတ်၏အပျိုတော် ဂရိ-မြန်မာကပြား မက်တီကာလိုဂရိုဒီအမ်ထရန် (Mattic Calogreedy Amtran) မှတစ်ဆင့် ပြင်သစ်-မြန်မာ လျှို့ဝှက်စာချုပ်များ ရယူနိုင်ခဲ့ကြသည်။ မြန်မာတို့ဘက်မှ  ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိခဲ့သော်လည်း   နိုင်ငံခြားသား အမှုထမ်းများထဲတွင် အင်္ဂလိပ်၏ သူလျှိုအဖြစ်  တာဝန် ထမ်းဆောင် ခဲ့သူများ အများအပြား ရှိခဲ့သည်။

ထိုစဉ်က မြန်မာ အစိုးရထံတွင် အမှုထမ်းနေသည့် အီတလီလူမျိုး ကိုမိုတိုနှင့် မိုလီနာရီတို့သည် မင်းလှနှင့် ဂွေးချောင်း ခံစစ်များကျပြီး နောက်တစ်နေ့တွင် မင်းလှမြို့အနီး၌ အင်္ဂလိပ်တို့ထံ လက်နက်ချခဲ့ကြသည်။ ၎င်းတို့သည် ဧရာဝတီ မြစ်ကြောင်း ပိတ်ဆို့ရေး အစီအစဉ်နှင့် မြစ်ကြောင်းခံကတုတ်များ တပ်စွဲသည့် ပုံစံများပါရှိသော စာရွက်စာတမ်းများကို အင်္ဂလိပ် တို့အား ပေးအပ်ခဲ့သည်။ ထို့အတူ အီတလီလူမျိုး ကပတိန် တာစီလိုဟာဘေးရစ် သည်လည်း မြန်မာ ဘုရင်က ခန့်ထားသည့် အမှုထမ်း ဖြစ်လျက်နှင့် နယ်ချဲ့အင်္ဂလိပ်တို့အား အကူအညီပေးခဲ့သည့် အပြင် အင်္ဂလိပ်တို့နှင့် ပူးပေါင်း၍ မြန်မာတို့အား ပြန်လည် တိုက်ခိုက်ခဲ့သည်။

အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲသည် အချိန်ကာလအားဖြင့် ၁၄ ရက်သာကြာသည်။ ၁၄ ရက်အတွင်း လွယ်ကူစွာ ချီတက် သိမ်းပိုက်နိုင်သည်မှာ အင်္ဂလိပ်တို့၏ ကြိုတင်ပြင်ဆင်မှု တိကျပြည့်စုံသောကြောင့်ဖြစ်သည်။

မြန်မာတို့ ဘက်မှ ပေါ့လျော့ညံ့ခြင်း၊ သတိမမူကြခြင်း၊ အလွန်းသည်ဟု ဆိုရလောက်အောင်ပင် ရိုးသားခြင်း၊ အရာ ထမ်း အမှုထမ်းများကို ယုံလွယ်ခြင်း၊ အားကိုးခြင်း၊ ဧည့်ဝတ် ကျေပွန်ခြင်း၊ သဘောကောင်းလွန်းခြင်း တို့ကြောင့် သူခိုးကို ဓားရိုးကမ်း မိသကဲ့သို့ဖြစ်ခဲ့ရသည်မှာ သင်ခန်းစာယူဖွယ်ဖြစ်ပေသည်။

ရိုးသား၍သဘောကောင်းလွန်းခြင်းပင်လော၊ ဧည့်ဝတ်ကျေချင်လွန်းခြင်း ပင်လော၊ လုံခြုံရေးအသိ တရားကင်းမဲ့ လွန်းခြင်း ပင်လော၊ အလွန်းနုံလွန်းခြင်းပင်လော မည်သို့မှတ်ချက်ပြုရမည် မသိနိုင်တော့သည့်ဖြစ်ရပ် တစ်ခုရှိခဲ့သည်။ ၎င်းမှာ ရန်သူကို ထမင်းကျွေးပြီး သတင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်မှာ မိမိတို့ကို တိုက်ခိုက်တော့မည့် ရန်သူကို ဧည့်ခံကြိုဆို ကျွေးမွေးပြီး အရေးကြီးလှသည့် မိမိခံတပ်များအား လိုက်လံပြသခဲ့ခြင်း ဖြစ်သည်။

အင်္ဂလိပ်- မြန်မာတတိယစစ်ပွဲ၌ အင်္ဂလိပ်တပ်များကို ဦးဆောင်ခဲ့သူ ပရင်ဒါဂက်စ်သည် ၁၈၈၃ ခုနှစ် ဧပြီလတွင် ဗြိတိသျှ- မြန်မာပြည် တပ်မကို ကွပ်ကဲရန် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ ရန်ကုန်သို့ရောက်ပြီး အင်္ဂလိပ်-မြန်မာနယ်စပ်ကို လေ့လာရန် သရက်မြို့သို့သွားရောက်ခဲ့သည်။ ရန်ကုန်တွင်ရှိနေသည့် ၀န်ရှင် တော်မင်း ချားလ်ခရော့ စ၀ိတ်လည်း လိုက်ပါခဲ့သည်။ သရက်မှမင်းတုန်းမြို့သို့ မြင်းနှင့်သွားခဲ့သည်။ ပရင်ဒါဂက်စ်နှင့် အဖွဲ့သည် ထိုခရီးစဉ်၌ တွေ့မြင်သမျှ မလွတ်တမ်းပုံကြမ်းရေးဆွဲသည်။

သရက်မြို့တွင်ရှိနေစဉ် မြန်မာတို့၏ အရေးပါလှသော ဂွေးချောင်းနှင့် မင်းလှခံတပ်များကိုလေ့လာရန် အခွင့်အရေးရ သွားသည်။ သရက်မြို့ အင်္ဂလိပ်အရေးပိုင် ပီးလ်ချားသည် ရာဇ၀တ်သား လဲလှယ်ရေးအတွက် အောက်မြစ်စဉ်ဝန်နှင့် တွေ့ဆုံရန် မင်းလှမြို့သို့ သင်္ဘောနှင့် သွားသည့်အခါ ပရင်ဒါဂက်စ်ကိုလည်း ခေါ်သွားသည်။

မင်းလှရောက်သည့်အခါ  အောက်မြစ်စဉ်ဝန်က မင်းလှခံတပ်ကိုလိုက်လံပြသသည်။ ထိုမှတစ်ဆင့် ဂွေးချောင်း ခံတပ် ကိုပါ လိုက်လံပြသခဲ့သည်။ ထိုမျှသာမက အဆိုပါ အဖွဲ့အားပွဲနှင့် ဧည့်ခံဖျော်ဖြေခဲ့သေးသည်။ ပရင်ဒါဂက်စ် ရန်ကုန်ပြန် ရောက်သည့်အခါ မင်းလှခံတပ် တည်ဆောက်ထားပုံကို အတိအကျ ရေးဆွဲပြီး မည်သို့ ၀င်ရောက် တိုက်ခိုက် ရမည်ဆိုသည့် အစီအစဉ်ကို အထက်သို့တင်ပြ အစီရင်ခံခဲ့သည်။ ထို့ကြောင့် မြန်မာတို့ စစ်ရှုံးခဲ့လေသည်။ အတိတ်မှ ဖြစ်ရပ်များသည် ယနေ့လူငယ်များအတွက် သင်ခန်းစာဖြစ်ပါကြောင်း မြ၀တီက မီးမောင်း ထိုးပြလိုက်ပါ သည်။  

Read 27 times Last modified on Tuesday, 24 March 2020 12:43