SJ WorldNews - шаблон joomla Авто

အခက်အခဲကိုကျော် ပြည်သူ့အတွက် တပ်မတော်

Saturday, 28 March 2020 10:00 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့သမိုင်းကို လေ့လာလျှင် ၂ဝ ရာစုအစဦးပိုင်း ခရစ်နှစ် ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ် ဖြစ်ပွားသည်။ ပထမကမ္ဘာစစ်တွင် နှစ်ဖက်အကျအဆုံးမှာ စစ်သည် ရှစ်သန်းမျှရှိခဲ့သည်။ နောက်ထပ်စစ်ပွဲမဖြစ်စေရန် ၁၉၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁ဝ ရက်တွင် နိုင်ငံပေါင်းချုပ် အသင်းကြီးကို တည်ထောင်ခဲ့ကြသည်။ ပထမ ကမ္ဘာစစ်ပြီးဆုံးချိန်မှ နှစ်ပေါင်း ၂ဝ အတွင်း ဂျာမနီ၊ ဂျပန်၊ အီတလီတို့ကတစ်ဖက်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဆိုဗီယက်နှင့် အမေရိကန်တို့က တစ်ဖက် ၁၉၃၉ ခုနှစ်တွင် စစ်ဖြစ်ကြပြန်ရာ ထိုစစ်ပွဲကို ဒုတိယကမ္ဘာစစ်ပွဲဟု ခေါ်သည်။ ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်တွင် အမေရိကန်နိုင်ငံက ဂျပန်နိုင်ငံအား အဏုမြူဗုံးကြဲချခြင်းဖြင့် ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်စေခဲ့သည်။  နှစ်ဦးနှစ်ဖက် အကျအဆုံးမှာ  စစ်သည်  ငါးသန်းနှင့် ပြည်သူ သန်း ၄ဝ မျှရှိခဲ့သည်။

ပထမကမ္ဘာစစ်ထက် ဒုတိယကမ္ဘာစစ်မှာ လူအသေအပျောက် များပြားခဲ့သည်။ လူအများကို တစ်ပြိုင်တည်း  သေကျေပျက်စီးနိုင်သော အဏုမြူလက်နက်ကို အသုံးပြုခြင်းကြောင့် ဖြစ်သည်။ကမ္ဘာစစ်ကြီး နောက်တစ်ကြိမ် မဖြစ်ရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ကုလသမဂ္ဂအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေး ဆုံးရှုံးမှုကာလ၌ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ကြုံတွေ့ခဲ့ရသည်။

ဒုတိယကမ္ဘာစစ်၏ အစပိုင်းတွင် ဖက်ဆစ်စနစ် ကျင့်သုံးသော နိုင်ငံများက အနိုင်ရရှိပြီး ဒုတိယကမ္ဘာစစ် အဆုံးတွင် မဟာမိတ်နိုင်ငံများ ပြန်လည်အနိုင်ရခဲ့သည်။

မြန်မာ့မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်များသည် အင်္ဂလိပ်အခက် ဗမာ့အချက်ဟူသော ရည်မှန်းချက်ဖြင့် မြန်မာ့လွတ်လပ်ရေးအတွက်  တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။  ၁၉၃၉ ခုနှစ် အောက်တိုဘာလတွင် တို့ဗမာအစည်းအရုံး၊ ဆင်းရဲသားဝံသာနုအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့နှင့် နေပြည်တော်အဖွဲ့တို့ ပါဝင်သော ''ဗမာ့ထွက်ရပ်ဂိုဏ်း''ကို ဖွဲ့စည်းသည်။ ဗမာ့ထွက်ရပ်ဂိုဏ်း အစီအစဉ်ဖြင့် မြန်မာမျိုးချစ်လူငယ်၃ဝ တို့အား ဟိုင်နန်ကျွန်းသို့ စေလွှတ်၍ မြန်မာ့အရေးကို လက်နက်ကိုင် တိုက်ပွဲဆင်နွှဲပြီး ဖြေရှင်းနိုင်ရန် စစ်ပညာ သင်ကြားစေခဲ့သည်။

မြန်မာလူငယ် ရဲဘော်သုံးကျိပ်တို့သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နှင့် ၃ဝ ရက်တို့တွင် ဗန်ကောက်မြို့၌  မြန်မာပြည် လွတ်လပ်ရေးအတွက် အသက်ပေးကာ တိုက်ပွဲဝင်ရန် သစ္စာအဓိဋ္ဌာန်ပြုပြီး သွေးသောက်ပွဲများ ကျင်းပခဲ့ကြသည်။ ထို့နောက် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) သည် မြန်မာနိုင်ငံအတွင်းသို့ မော်လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီတပ်ဖွဲ့၊ အတွင်းသူပုန်တပ်ဖွဲ့ ဟူ၍ စစ်ကြောင်းကြီးများ ဖြန့်ပြီး ဝင်ရောက်ခဲ့ကြသည်။

မြန်မာပြည်လွတ်လပ်ရေးနှင့် ပတ်သက်၍ ဂျပန်တို့က ကတိမတည်ခြင်း၊ အချုပ်အခြာ အာဏာကို အသိအမှတ်မပြုခြင်း၊ ပြည်သူလူထုကို ဖက်ဆစ်ပီသစွာ မတရားညှဉ်းပန်း နှိပ်စက်ခြင်းတို့ကြောင့် ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် တပ်မတော်နှင့်ပြည်သူ လက်တွဲ၍ ဖက်ဆစ်တော်လှန်ပွဲကြီး ဆင်နွှဲခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံသည်လည်း နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်မှုအောက်သို့ နောက်တစ်ကြိမ် ရောက်ခဲ့ရပြန်လေသည်။

၁၉၄၅ ခုနှစ် မေလတွင် မျိုးချစ်ဗမာ့တပ်မတော်နှင့် မဟာမိတ်တပ်များက ရန်ကုန်မြို့ကို သိမ်းပိုက်ရရှိသည်။ ထိုစဉ်က ဗြိတိသျှမြန်မာပြည် မြို့ပြရေးရာအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ဘက်အာဏာပိုင်တို့သည် မျိုးချစ်ဗမာ့ တပ်မတော်ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာပြီး ဖျက်သိမ်းရန် ကြံရွယ်ခဲ့သေးသည်။ ထို့ပြင် ၁၉၄၂ ခုနှစ်က ဗြိတိသျှအုပ်စိုးမှုကို တွန်းလှန်တိုက်ခိုက်သူများအဖြစ် တရားစွဲပြီး ဖမ်းဆီး အရေးယူလိုကြသည်။

သို့သော် ထိုစဉ်က မျိုးချစ်ဗမာ့တပ်မတော်၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်မှု၊ စုစည်းညီညွတ်သော အင်အားနှင့်  တိုင်းတစ်ပါးအုပ်စိုးမှုကို  တွန်းလှန်တိုက်ခိုက်လိုသည့် စိတ်ဓာတ်များကို ဗြိတိသျှတို့သုံးသပ်မိ၍ လက်လွတ်စပယ် မပြုလုပ်ရဲခြင်းဖြစ်သည်။

ထို့ပြင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ မဟာမိတ်တပ်များ၏ စစ်သေနာပတိ  မောင့်ဘက်တန်က ''မျိုးချစ်ဗမာ့တပ်မတော်သည် ယင်းတို့သဘောအလျောက် ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ပြီး ကျွန်ုပ်တို့နှင့် အဆက်အသွယ် ရခဲ့ခြင်းဖြစ်သည်။ မျိုးချစ်ဗမာ့တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ရန်သူဂျပန်များ ရာပေါင်းများစွာ သေဆုံးခဲ့သည်။ မျိုးချစ်ဗမာ့တပ်မတော်ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာပြီး လက်နက်သိမ်းကာ တပ်မတော်သားများကို ဖမ်းဆီးမည်ဆိုပါက ကျွန်ုပ်တို့သည် ဖက်ဆစ်ဂျပန်ကို ပူးတွဲတိုက်ခိုက်ခဲ့သည့် မျိုးချစ်ဗမာ့တပ်မတော်နှင့် ဆက်လက် တိုက်ခိုက်ရမည်ဖြစ်ပြီး ပြည်တွင်းစစ် ဖြစ်ပွားမည့်အရေးကို ရင်ဆိုင်ရပေမည်''ဟူ၍ ၁၉၄၅ ခုနှစ် မေ ၁၄ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆွေးနွေးညှိနှိုင်းပြီး မျိုးချစ်ဗမာ့ တပ်မတော်ကို မဟာမိတ်တပ်ဖွဲ့က အသိအမှတ်ပြုရသည်။ အကယ်၍သာ ထိုစဉ်က စစ်သေနာပတိ မောင့်ဘက်တန်၏ ဆုံးဖြတ်ချက်မှားကာ မျိုးချစ်ဗမာ့တပ်မတော်ကို ရန်သူအဖြစ် သတ်မှတ်ခဲ့ပါက မျိုးချစ်ဗမာ့တပ်မတော်သည် ခေါင်းငုံ့၍ ခံနေကြမည် မဟုတ်သည်မှာ ရာနှုန်းပြည့် သေချာသည်။ ထိုစဉ်က တပ်မတော်နှင့် ပြည်သူတို့၏ တစည်းတလုံးတည်း၊

တစ်သားတည်းရှိမှုကို ဗြိတိသျှတို့ သိမြင်ကြသည်။ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်မှစတင်ခဲ့သော တပ်မတော်သည် ယခုအခါ စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ မြန်မာ့သမိုင်းကြောင်းတွင် စတင်ဖြစ်ပေါ်သည်မှ ယနေ့တိုင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။မည်သို့သော အခက်အခဲများနှင့် ကြုံရသည်ဖြစ်စေ တပ်မတော်သည် အောင်မြင်စွာ ကျော်လွှားနိုင်မည်သာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် ပြည်သူ့အတွက် ဖြစ်နေသောကြောင့် တည်း။   

Read 61 times Last modified on Saturday, 28 March 2020 10:01