SJ WorldNews - шаблон joomla Авто

သန့်ရှင်းစင်ကြယ် ကောင်းကျိုးကြွယ် ပြောဖွယ်သည်စကား

Saturday, 16 May 2020 10:51 font size decrease font size decrease font size increase font size increase font size

 

ဤလောက၌ နေ့စဉ်ပြောဆိုနေကြသောစကားများကို အကျဉ်းချုပ်လိုက်လျှင် စကားအမျိုးအစား ခြောက်မျိုး သာရှိလေသည်။ စာပေအရာနှင့်တင်စားလျှင် စကားကြီးခြောက်ခွန်းဖြစ်သည်။ မြန်မာ့ဆိုရိုးစကားတွင် စကား ခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည် ဟူ၍ဆိုထားသည်။

ပထမတစ်ခွန်းမှာ  မဟုတ်မှန်လည်းမဟုတ်မှန်၊  အကျိုးလည်းမရှိ၊ သူများလည်းမကြိုက်သည့် စကားဖြစ်၏။ သီလစင်ကြယ်နေသည့်သူကို သီလမရှိတဲ့သူပါ၊ ဒုဿီလပုဂ္ဂိုလ် စသည်ဖြင့်ပြောဆိုသည့်စကား မျိုးဖြစ်သည်။ ထိုစကားသည် ဟုတ်လည်းမဟုတ်၊ ထိုသို့ပြောသည့်အတွက် အကျိုးလည်းမရှိ။ ပြောသည့်လူ၌ လည်း အကုသိုလ်ဖြစ်သည်။ ကြားနာသည့်သူတို့၌လည်း သူပြောတာကိုယုံပြီး ထိုသီလစင်ကြယ်နေသည့်

ပုဂ္ဂိုလ်ကို ပြစ်မှားလျှင်အကုသိုလ်ဖြစ်သည်။ အပြောခံရသည့်သူ၌လည်းမကြိုက်။ ပညာရှိသူတော်ကောင်း တို့လည်းမကြိုက်ချေ။ ထိုစကားမျိုးသည် မပြောသင့်မပြောထိုက်သည့်စကား၊  မပြောကောင်းသည့် စကား ဖြစ်သည်။

ဒုတိယတစ်ခွန်းမှာ မဟုတ်မှန်လည်း မဟုတ်မှန်၊ အကျိုးလည်းမရှိ၊ သို့သော်အများကမူ ကြိုက်နေသော စကား ဖြစ်သည်။ ထိုစကားသည် ဒဏ္ဍာရီစကား၊ ကုန်းတိုက်သည့်စကား၊ မှားယွင်းသည့်ဘာသာရေးစကားတို့ ဖြစ်သည်။ ဒဏ္ဍာရီပုံပြင်တို့မှာ အမှန်စကားမဟုတ်၊ သို့သော်အများက ကြိုက်နှစ်သက်သည်။ ကုန်းတိုက်

စကားသည်လည်း တစ်ဖက်သားတို့၏အပြစ်ကို မဟုတ်မမှန်ပြောခြင်းသာဖြစ်သည်။ သို့သော်အခြား တစ်ဖက် ကကြိုက်နှစ်သက်သည်။ မှားယွင်းသည့်ဘာသာရေးစကားသည်လည်းလူပြိန်းကြိုက်ဖြစ်တတ်သည်။

တတိယတစ်ခွန်းမှာ ဟုတ်မှန်၏၊ အကျိုးတော့မရှိ၊ သူများကလည်း မကြိုက်သည့်စကားဖြစ်သည်။ ထိုစကားက သူခိုးကိုသူခိုးဟုပြောသည့်စကားမျိုး၊ လူလိမ်ကိုလူလိမ်ဟု ပြောခြင်းမျိုး၊ မျက်မမြင်ကို မျက်စိကန်း ဟုပြော သည့်စကားမျိုးဖြစ်သည်။ ထိုသို့ပြောသည့်အတွက် ဘာမျှအကျိုးမရှိပါ။ အပြောခံရသူ၌မခံချင် စိတ်ဖြစ်ပြီး စိတ်ဆင်းရဲရုံမျှသာဖြစ်သည်။

စတုတ္ထတစ်ခွန်းမှာ ဟုတ်မှန်၏၊ အကျိုးတော့မရှိ၊  သူများကမူ ကြိုက်နေသည့်စကားဖြစ်သည်။ ထိုစကားမျိုးကား တစ်ဖက်ပုဂ္ဂိုလ်က တကယ်ပြောသည့်စကားကိုယူပြီး အခြားပုဂ္ဂိုလ်ထံ ကုန်းတိုက်သည့်စကား၊ သူခိုးဓားပြ အကြောင်း၊ မြို့ရွာအကြောင်းစသည်ကိုပြောသည့် စကားမျိုးဖြစ်သည်။  ဤသို့မှန်ကန်သည့်                  အကြောင်း အရာကို ပြောပြပြီး သက်ဆိုင်သူသည် မိမိအကျိုးအတွက်ပြောသည်ဟု ထင်ကာ သဘောကျတတ်သည်။

ပဉ္စမတစ်ခွန်းမှာ ဟုတ်မှန်၏၊ အကျိုးလည်းရှိ၏။ သူများကမူ မကြိုက်သောစကားဖြစ်သည်။ ထိုစကား ကားသင်ဟာရှေးဘဝက ကောင်းမှုကိုမပြုခဲ့ဘဲ မကောင်းမှုကိုပြုခဲ့သည့်အတွက် ဆင်းရဲဒုက္ခရောက်နေရသည်၊ ယခုလည်းကောင်းမှုမပြုဘဲ မကောင်းမှုကိုပြုနေလျှင်အပါယ်လေးပါးကျသွားလိမ့်မည်စသည်ဖြင့် အကျိုးစီးပွား ကို ရှေးရှုပြီး ဆုံးမသည့်အနေဖြင့် ဟောပြောသည့်စကားမျိုးဖြစ်သည်။ ထိုကဲ့သို့ တိုက်ရိုက်ပြောလျှင်ဟုတ်မှန်ပြီး အကျိုးရှိသောစကားဖြစ်သော်လည်း တချို့က မကြိုက်ဘဲရှိနေမည်။

ဆဋ္ဌမတစ်ခွန်းမှာ ဟုတ်မှန်၏၊ အကျိုးလည်းရှိ၏။ သူများကလည်း ကြိုက်သောစကားဖြစ်သည်။ ထိုစကားကား ဒါနကထာ၊ သီလကထာ၊ ဘာဝနာကထာအစရှိသော မှန်ကန်သောတရားစကားပင်ဖြစ်သည်။ ထိုကဲ့သို့သော စကားသည် မှန်လည်းမှန်သည်။ အကျိုးလည်းရှိသည်။ ပညာရှိသူတော်ကောင်းတို့ကြားနာ၍ အားမရနိုင်အောင် ကြိုက်လည်းကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့်ဟုတ်မှန်၏၊ အကျိုးရှိ၏၊ သူများကကြိုက်၏ ဟူသော အင်္ဂါ() ပါးနှင့်ညီသည့်စကားဖြစ်သည်။ထိုစကားမျိုးကို ဟောပြောသင့်သည့်အချိန်၌ မြတ်စွာဘုရား သည် ဟောပြော တော်မူသည်။

ထို့ကြောင့် လူတိုင်းသည် လူအချင်းချင်းပြောဆိုဆက်ဆံရာ၌ ပြောသင့်သောစကား၊ မပြောသင့်သော စကား ကိုစဉ်းစားတွေးခေါ်၍ ပြောဆိုဆက်ဆံသင့်သည်။အကျိုးရှိသောတရားစကားဖြစ်သော်လည်း ပျော်ပွဲ ရွှင်ပွဲကျင်းပရာ၌ သွားဟောလျှင်မသင့်လျော်ချေ။ စီးပွားရေးအလုပ်ဌာန၌သွားဟောလျှင်လည်း မသင့်လျော်ပေ။  မင်္ဂ လာဆောင်၊ ရှင်ပြုအလှူအခမ်းအနားတို့၌ ကောင်းသောစကား၊ မင်္ဂလာရှိသောစကားပြောခြင်းသည် အံဝင်ခွင်ကျဖြစ်သော်လည်း မင်္ဂလာအခမ်းအနားတွင် အမင်္ဂလာစကားပြောလျှင်လည်း လွဲမှားလေသည်။

ထို့ကြောင့်စကားအရာအင်္ဂါလေးတန်ရှိသည်ဟု အစဉ်အဆက်သတ်မှတ်ကြသည်။ မဟုတ်တာကို လိမ်လည် မပြောရ။ ဟုတ်မှန်တာကိုသာ အမှန်အတိုင်းပြောရမည်။ ကွဲပြားရေး ကုန်းတိုက်စကားကိုမပြောရ။ ညီညွတ်ရေး စကားကိုသာပြောရမည်။နားမချမ်းသာသည့် ဆဲဆိုကြိမ်းမောင်းစကားကိုမပြောရ၊ နားဝင်ချိုသည့် သာသာယာယာ စကားကိုသာပြောရမည်။ ထိုလေးတန်သောအင်္ဂါနှင့်ပြည့်စုံညီညွတ်သောစကားသည်သာ သန့်ရှင်းစင်ကြယ် သောစကားဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  

Read 38 times