SJ WorldNews - шаблон joomla Авто

စားဝတ်နေမှု ကျန်းမာမှု ဒါနပြုလျက်ရှိသည့်တပ်မတော်

Monday, 18 May 2020 08:49 font size decrease font size decrease font size increase font size increase font size

စားဝတ်နေမှု ကျန်းမာမှု ဒါနပြုလျက်ရှိသည့်တပ်မတော်

တပ်မတော်သည် ပြည်သူကြားကပေါက်ဖွားလာပြီး ပြည်သူများအခက်အခဲအကျပ်အတည်းနှင့်ရင်ဆိုင် နေရ ချိန်တွင် ရှေ့မှမားမားမတ်မတ်ရပ်တည်ကာ ကူညီဖြေရှင်းပေးသည့်သမိုင်းအစဉ်အလာရှိခဲ့သည်။ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းသာမက ယခုကဲ့သို့လူမှုရေးအခက်အခဲဖြစ်သည့် COVID-19 ရောဂါဆိုးကြီး ကြုံတွေ့ ရချိန်တွင်လည်း တပ်မတော်အနေဖြင့် ပြည်သူများရှေ့က မားမားမတ်မတ်ရပ်တည်ကာ ကူညီလှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။ COVID-19ရောဂါဆိုးကြီးရိုက်ခတ်မှုဒဏ်ကို တစ်ကမ္ဘာလုံးခံစားနေကြရပြီး အင်အား ကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ အင်္ဂလန် စသည့်နိုင်ငံကြီးများတွင်ပင် ခုခံကာကွယ်တားဆီးနိုင်ခြင်းမရှိဘဲ လူရာထောင်ချီသေဆုံးနေသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ရောဂါဆိုးကြီး ၏ဒဏ်ကို ဆိုးဆိုးရွားရွားမခံစားရသည်မှာ အစိုးရနှင့်တပ်မတော်၊ ပြည်သူများအားလုံးဝိုင်းဝန်း ကူညီဆောင် ရွက်ကြခြင်းကြောင့်ဖြစ်သည်။

တပ်မတော်သည် COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများ အား နေပြည်တော်နှင့်ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံလျက် ရှိသည်။ COVID-19 ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများကိုလည်း ဆက်လက်လှူဒါန်း လျက်ရှိသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ ပါသည်။

တပ်မတော်တွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများဖြစ်သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင် များ၊ နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏မိသားစုဝင်များ စားသောက်ရေးအခက်အခဲမရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးကိုလည်း သက်ဆိုင်ရာ စစ်မှုထမ်းဟောင်းရုံးများ၊ အိမ်ရာများနှင့်တပ်နယ်ခန်းမများ၌ ပေးအပ်လျက်ရှိသည်။တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့်ကျန်းမာရေးဌာနခွဲတို့တွင် တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်နေသူများနှင့်ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကွတ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်၊  တီးမစ် စသည့်အာဟာရဖြည့်စားသောက်ဖွယ်ရာများကိုလည်း ပေးအပ်လှူဒါန်းလျက်ရှိသည်။

ထို့အတူ တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်မိသားစုများက သတင်းမီဒီယာများနှင့်  သဘင်ပညာရှင် များအတွက် COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းကို မေ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်း မ၌ကျင်းပသည်။ တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးအနေနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။ သတင်းမီဒီယာများနှင့်သဘင်ပညာရှင်များသို့ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများဖြစ်သော Surgical Mask  ၂၀၀၀ ခု၊ Hand Gel ဘူး ၆၀၊ Hand Wash ဘူး ၆၀ နှင့်  စားသောက်ကုန်များဖြစ်သော ဆန် ၆၄ အိတ်၊ ဆီ ၁၁၂ ပိဿာ၊ ဆား ၉၈ ပိဿာနှင့် ပဲ ၁၆၈ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်တို့ကလက်ခံရယူခဲ့ကြသည်။

သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က သတင်းမီဒီယာများနှင့်သဘင်ပညာရှင်များကိုယ်စား ကျေးဇူးတင် စကားပြောကြားရာတွင် ယနေ့အလှူသည် တပ်မတော်သားများချွေးနှဲစာဖြင့် ရရှိသောငွေကြေးကို လှူသည့်အ လှူဖြစ်သည့်အတွက် မွန်မြတ်သည့်အလှူဖြစ်ပါကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါ ဆိုးကြီးကြောင့် အလုပ်အကိုင်များပျက်ပြီး စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်နေချိန်တွင် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများက သတင်းမီဒီယာများနှင့်သဘင်ပညာရှင်များအတွက် စားရေးသောက်ရေးတစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်(ဆန်၊ ဆီ၊ ဆား၊ ပဲ) အစရှိသည့်စားသောက်ကုန်ပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကူညီပေးလှူသည့်အတွက်  တပ်မတော်အကြီးအကဲများနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မြန်မာလူမျိုးတည်ရှိနေသရွေ့ သတင်းမီဒီယာသည်ရှိနေရမည်ဖြစ်သလို သဘင်ဂီတစသော အနုပညာ သည်လည်း တည်ရှိနေရမည်ဖြစ်သည်။ သတင်းမီဒီယာဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြန့်ချိခြင်းအစရှိသည်တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံ၊ ကိန်းဂဏန်းအချက်အလက်၊ ရုပ်ပုံဒီဇိုင်း စသည့်အသွင်သဏ္ဌာန်များအသုံးပြုကာ ပုံနှိပ်မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့်လုပ်ကိုင်သည့် အများပြည်သူဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများကိုဆိုသည်ဟူ၍ သတင်းမီဒီယာဥပဒေပုဒ်မ-၂ (က)တွင်ဖော်ပြထားသည်။ နိုင်ငံတော်တွင် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသောမဏ္ဍိုင်ကြီးများနည်းတူ ပြည်သူတို့၏ နား၊မျက်စိနှင့် တူသည့် သတင်းမီဒီယာကို စတုတ္ထမဏ္ဍိုင်ဟုသတ်မှတ်ထားပေရာ  သတင်းမီဒီယာများနှင့် သဘင် ပညာရှင် များအတွက် ကူညီလှူဒါန်းပေးခြင်းသည် လွန်စွာပင်ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ 

Read 45 times