SJ WorldNews - шаблон joomla Авто

မမေ့မလျော့မပေါ့မဆ အသိတရားနှင့် မုန်တိုင်းအန္တရာယ်သတိပြုရေး

Tuesday, 19 May 2020 09:47 font size decrease font size decrease font size increase font size increase font size

 

ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်များပြား လာသည်။ မိုးကြိုကာလတွင် နှစ်စဉ်နီးပါးကြုံတွေ့ရလေ့ရှိသော သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်နှင့် နောက်ဆက်တွဲဆိုးကျိုးများ ပါလာသည်။ ခေတ်မီနည်းပညာများအရ မုန်တိုင်းတစ်ခုဖြစ်ပေါ်မှုကိုကြိုတင်ခန့်မှန်းတွက်ချက်လာနိုင်သည့် အတွက် ပြည်သူလူထုများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည်များကို သက်ဆိုင်ရာက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်။

မေ ၁၈ ရက်ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်  ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) သည် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ပါရာဒစ်ပ်မြို့(သြရိဿ)၏ တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်၊ ဒီဂါမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်ပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၀၀ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏အနောက်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်နှင့် ပုသိမ်မြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၅၀၀ မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)  ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့်အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။

အဆိုပါစူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ၏အရှိန်ကြောင့် ၁၈-၅-၂၀၂၀ မှ ၂၁-၅-၂၀၂၀ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှလှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၄ ပေခန့်ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်^မြေပြင်လေသည် တစ်နာရီလျှင်  ၃၅ မိုင်မှမိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအပေါင်းသည် မုန်တိုင်းသတင်းကိုစဉ်ဆက်မပြတ်နားထောင်လေ့လာ၍ လိုအပ်ပါက ကြိုတင်တိမ်းရှောင်ကြပါ။ နေအိမ်အဆောက်အအုံများ၏ကြံ့ခိုင်မှုကိုစစ်ဆေး၍ အိမ်အပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းပါ။ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များအရန်သင့် ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကိုအားသွင်းထားပါ။ မုန်တိုင်းတိုက်နေစဉ် တတ်နိုင်ပါကအဆောက်အအုံ အပြင် ဘက်သို့မထွက်ပါနှင့်၊ ဖုန်းများအသုံးမပြုပါနှင့်။ လျှပ်စစ်ပစ္စည်းများအသုံးမပြုပါနှင့်။

လေတိုက်နှုန်းမြင့်မားချိန်တွင် တဲအိမ်ငယ်များပြိုလဲနိုင်ခြင်း၊ နေအိမ်များအမိုးအကာလန်ခြင်းများလည်း ဖြစ်ပွား နိုင်သဖြင့် မိမိအိမ်ခိုင်ခံ့မှုမရှိပါက နီးစပ်ရာအိမ်များ၊ အဆောက်အအုံများသို့ ကြိုတင်ရွှေ့ပြောင်းနေထိုင်ပါ။

ထို့ပြင် အန္တရာယ်ရှိသည့်မြစ်ချောင်းအနီး၊ တောင်ကျချောင်းများအနီးနှင့်မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်  နေရာများ တွင်နေထိုင်သူများ အထူးသတိပြုပါ။ သို့မဟုတ် ခေတ္တရှောင်နေပါ။ မိုးသည်းထန်စွာရွာသွန်းရာမှ လျှပ်တစ်ပြက် ရေကြီးခြင်းများဖြစ်ပေါ်နိုင်ပြီး လျှပ်တစ်ပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန်အချိန်မရနိုင်သည့်အတွက် ညအချိန်များတွင် ပိုမိုဂရုပြုနေထိုင်ပါ။ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းများပြီးစီး၍ အပြင်ထွက် ပါက လျှပ်စစ်မီးကြိုး၊ လျှပ်စစ်ဓာတ်တိုင်များနှင့် တတ်နိုင်သမျှဝေးဝေးနေပါ။ အထူးသဖြင့် မြွေနှင့် အဆိပ်ရှိ သောတိရစ္ဆာန်များ၏အန္တရာယ်ကိုသတိပြုပါ။

အဆိုပါစူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ၏အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည့်အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးသွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကောင်း၊ ဆိုးရွား သည့်မိုးလေဝသအခြေအနေများကို လေကြောင်းပျံသန်းရေးအနေဖြင့်လည်းကောင်း ကြိုတင်သတိပြုရန် လိုအပ်ပြီး ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ၂၄ နာရီဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေးဆက်သွယ်သတင်းရယူ   အကူအညီတောင်းခံ နိုင်ပါကြောင်း မြဝတီကအသိပေးနှိုးဆော်အပ်ပါသည်။  

               

Read 41 times