SJ WorldNews - шаблон joomla Авто

တိုင်းပြည်လူမျိုး ဂုဏ်ရှိန်တိုးအောင် စွမ်းဆောင်ကြစို့

Sunday, 24 May 2020 07:12 font size decrease font size decrease font size increase font size increase font size

မြန်မာ့သမိုင်းကိုပြန်ပြောင်းကြည့်ပါလျှင် ထင်ထင်ရှားရှားတွေ့မြင်ရသည်မှာ အနော်ရထာ၊ ဘုရင့်နောင် နှင့်အလောင်းမင်းတရားဟူသော မင်းမြတ်သုံးပါးဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော် နှင့်တတိယမြန်မာနိုင်ငံတော်ဟူ၍ မော်ကွန်းတင်ထားနိုင်ခဲ့သည်။ အရည်အချင်းပြည့်ဝသော ခေါင်းဆောင်၏ ဦးဆောင်မှု၊ ပြည်သူလူထု၏အားပေးထောက်ခံမှုနှင့် စွမ်းရည်ထက်မြက်ပြီး အင်အားတောင့်တင်းသော စစ်သည်တော်များရှိခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ပြည်တွင်းပြည်ပရန်ဟူသမျှကို အောင်မြင်စွာချေမှုန်းအနိုင်ယူကာ တိုင်းပြည်အေးချမ်းသာယာအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။

မြန်မာတို့ သူ့ကျွန်ဘဝသို့မရောက်မီ ရာဇဝင်တွင်အထင်ရှားဆုံးမင်းမှာ အလောင်းမင်းတရားကြီးဖြစ်သည်။ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားသော ဒုတိယမြန်မာနိုင်ငံတော်ကြီးကို အလောင်းမင်းတရားကြီးသည် သွေးသောက်ရဲဘော်ခြောက်ကျိပ်ရှစ်ယောက်နှင့်အတူ ခက်ခဲပင်ပန်းစွာပြန်လည်စုစည်းခဲ့ရသည်။ အလောင်း မင်းတရားကြီးသည် သူ့ခေတ်သူ့အခါက ကံဆိုးမိုးမှောင်ကျနေသည့် မြန်မာပြည်ကြီးကိုကယ်တင်ခဲ့သည်။ နှစ်ပေါင်း ၁၃၀ တည်တံ့ခဲ့သော ကုန်းဘောင်ခေတ်ကြီးကိုစတင်ဖွင့်လှစ်ခဲ့သည်။

ယနေ့လူငယ်မောင်မယ်များအနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ကျေကျေညက်ညက်သိထားသင့် သည်။ အလောင်းမင်းတရားကြီးသည် မြန်မာတစ်နိုင်ငံလုံးကို တစုတစည်းတည်းဖြစ်အောင်ဆောင်ရွက်လျက်ရှိရာ မြို့တစ်မြို့သာသိမ်းပိုက်ရန်ကျန်နေသောအချိန်ကာလဖြစ်သည်။ တိတိကျကျဆိုရလျှင် ၁၇၅၅ ခုနှစ် သြဂုတ် ၁၇ ရက်ညနေ ၄ နာရီတွင် အလောင်းမင်းတရားကြီး၏နန်းတော်သို့ အင်္ဂလိပ်ကုမ္ပဏီအစိုးရ၏ ကိုယ်စားလှယ် အဖွဲ့လာရောက်ဂါရဝပြုသည်။ ထိုအခမ်းအနားတွင် အင်္ဂလိပ်သံမှူးဘေကာနှင့်အလောင်းမင်း တရားကြီးတို့အပြန်အလှန်အမေးအဖြေပြုကြသည်။ ထို့နောက် အင်္ဂလိပ်သံမှူးက ကုမ္ပဏီအစိုးရ၏စာချွန်တော်ကို ဖတ်ပြသည်။

ထိုစာ၏တစ်နေရာတွင် အကြည်တော်မင်းတရားကြီး၏ ပြည်တွင်းပြည်ပရန်သူတော်အားလုံးကို ချေမှုန်း နိုင်စေရန် အရှေ့အိန္ဒိယကုမ္ပဏီမှ လိုအပ်သောကူညီထောက်ပံ့မှုမျိုးစုံကိုပေးစွမ်းနိုင်ပါသည်။ ဤကုမ္ပဏီ အစိုးရသည် တန်ခိုးအင်အားကြီးမားသည်ဖြစ်၍ အကြည်တော်နှင့်ရွှေလမ်းငွေလမ်းဖောက်ကာ မဟာမိတ် စာချုပ်များပြုလုပ်သင့်လှပေသည်ဟူ၍ ဖော်ပြပါရှိသည်။အလောင်းမင်းတရားကြီးသည် ဟက်ဟက် ပက်ပက် ရယ်မောတော်မူပြီး ဟား..ဟား..သင်တို့အကူအညီကိုငါတောင်းခံဖူးသလော။ ငါ၏ရန်သူတော်များ ကိုနှိမ်နင်း ရာတွင် သူတစ်ပါး၏အထောက်အပံ့ကိုလိုလားခဲ့ဖူးသလော။  မည်သူမျှဤသို့မထင်မြင်စေလို။ ငါသည်သုံး နှစ်ကြာကာလအတွင်း အရပ်လေးမျက်နှာရှိ ရန်သူတော်မျိုးစုံတို့အား သူတစ်ပါးထံမှ သေနတ်တစ်လက်၊ အမြောက်တစ်ခုမှအကူအညီမယူဘဲ အောင်တော်မူခဲ့သည်မဟုတ်လော။ နေပြည်တော်မှသုံးလခရီးချီတက်ရသော နယ်မြေများသာတည်း။ တစ်နိုင်ငံလုံး ငါ့လက်အောက်သို့ရောက်ရန် တစ်မြို့သာကျန်တော့သည်။ ကူညီ ထောက်ပံ့ရေးမပြောပါနှင့်။  ငါ့ကိုဘာမျှကူညီရန်မလို။ ငါတို့၏ဘိုးဘွားအမွေအနှစ် နိုင်ငံတော်တစ်ရပ်လုံးကို အလုံးစုံပြန်လည်သိမ်းပိုက်ရန် တစ်မြို့သာ ကျန်သောအချိန်၌ ငါသည်သူတစ်ပါးအထောက် အပံ့ကိုလို အံ့လော ဟူ၍ပြတ်ပြတ်သားသားမိန့်ကြားခဲ့သည်။

အထက်ပါအကြောင်းအရာများမှာ ညိုမြ၏ ကုန်းဘောင်ရှာပုံတော်စာအုပ်တွင် အလောင်းဘုရားအသံ (အင်္ဂလိပ် သံမှူး ဘေကာ၏မှတ်တမ်းမှဘာသာပြန်ယူသည်) ဟူသောအခန်းမှ ကောက်နုတ်ဖော်ပြချက်များဖြစ် သည်။ အလောင်းမင်းတရားကြီးသည် မြန်မာ့သမိုင်းတွင် တစ်ခေတ်မှာတစ်ယောက်ထွန်းပေါက်ခဲ့သော အာဇာနည် ယောက်ျားဖြစ်သည်။ ထိုခေတ်ထိုအခါကပင် ပြည်ပစွက်ဖက်မှုများသည် ယင်းတို့၏အကျိုးအမြတ် ကိုသာ အဓိက ထားခဲ့ကြောင်းတွေ့ရသည်။

ရွှေဘိုမြို့ကို ထန်းလုံးတပ်အခိုင်အခံ့တည်ဆောက်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးငြိမ်ဝပ်ပိပြားရေးစတင် ဆောင်ရွက် စဉ်အချိန်အခါက အကူအညီပေးမည့်သူမရှိဘဲ မြို့တစ်မြို့သာသိမ်းပိုက်ရန်ကျန်သည့်အချိန်ကျမှ အကူအညီပေး မည့်စကားသည် အလောင်းမင်းတရားအတွက် ရယ်စရာဟာသတစ်ခုဖြစ်နေပေလိမ့်မည်။

သုံးနှစ်လုံးလုံး အကူအညီစကားမပြောခဲ့သောအင်္ဂလိပ်တို့သည် ကုန်းဘောင်အင်ပါယာကြီးတည်ဆောက်ပြီး တော့မည့််အချိန်ကျမှ အကူအညီစကားပြောခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သံမှူးဘေကာ၏မှတ်တမ်းတွင် အလောင်းမင်းတရားကြီး ဟက်ဟက်ပက်ပက်ရယ်မောသည်ဟု မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

သမိုင်းကြောင်းမှ ခေါင်းဆောင်ကောင်းတို့အကြောင်း လေ့လာသိရှိရခြင်းသည် မင်္ဂလာရှိလှသည်။ အမြဲတစေ စိတ်အားတက်ကြွစေသည်။ အမျိုးဂုဏ်ဇာတိဂုဏ်တိုးမြင့်အောင်ကြံဆောင်လိုစိတ်များဖြစ်ပွားစေသည်။ မိမိတို့၏ ဘဝနှင့်တိုင်းပြည်၏သမိုင်းကို ပိုမိုလေးနက်အဓိပ္ပာယ်ရှိစေသည်။ အနာဂတ်ကိုဖန်တီး တည်ဆောက်ကြမည့် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် သမိုင်းကြောင်းကိုလေ့လာ၍ တိုင်းပြည်လူမျိုးဂုဏ်ရှိန်တိုးအောင် စွမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း မြဝတီကဆန္ဒပြုပါသည်။ 

Read 56 times