SJ WorldNews - шаблон joomla Авто

မိဘများအတွက် သားကောင်းသမီးကောင်းများပေါ်ထွန်းရေး

Saturday, 30 May 2020 09:35 font size decrease font size decrease font size increase font size increase font size

ဘုရင်မင်းခေါင်က သားသမီးကောင်းတို့၏မိဘဖြစ်ခဲကြောင်းကိုမေးရာတွင် မင်းရာဇာက အကျယ်ထုံးပုံ ဆောင်၍ လျှောက်ခဲ့သည်။ အဘိုးရာဇာ လူတို့တွင် မိကောင်းဖကောင်းသားသမီးကား ဖြစ်လွယ်၏။ သားကောင်း သမီးကောင်းတို့မိဘတစ်မူကား အလွန်ပင်ဖြစ်ခဲသည်မဟုတ်တုံလောဟု မင်းကြီးမင်းခေါင်မေးတော်မူသော် အရှင့်သားဆိုတော်မူတိုင်း ဟုတ်လှပေ၏။ အရှင့်သား အကြင်သားသမီးတို့သည် မိဘတို့အားကျင့်ရာသော ဝတ်ငါးပါးနှင့်ပြည့်စုံအောင်ပြုမှချမ်းသာရသည်ဖြစ်ရာ၏။ သားသမီးတို့ကျင့်ဝတ်ငါးပါးဟူသည်ကား မိဘကို လုပ်ကျွေးခြင်းလည်းတစ်ပါး၊ မိမိအမှုကိုပစ်၍မိဘတို့၏အမှုကိုဆောင်ရွက်ခြင်းသည်လည်းတစ်ပါး၊ အမျိုးပွား ပြန့်အောင်ပြုခြင်းလည်းတစ်ပါး၊ အမွေကိုခံထိုက်အောင်ကျင့်ခြင်းလည်းတစ်ပါး၊ မိဘသေလွန်လျှင်လည်းငါ့ မိဘတို့ရစေဟု ကုသိုလ်ကောင်းမှုပြု၍ဝေငှခြင်းလည်းတစ်ပါး ဤသည်လျှင်ကျင့်ဝတ်ငါးပါးတည်း။ အကြင်သား သည် အဆင်းအရောင်လှပငြားသော်လည်း ဤကျင့်ဝတ်ငါးပါးလည်းမရှိ၊ ဓမ္မသတ်နီတိကျမ်းလည်း မတတ်ထိုသားကိုမွေးသဖြင့် ငါ့သားဟူ၍ မျက်စိဖြင့်ကြည့်ရသည့်အကျိုးတစ်ခုသာလျှင်အကျိုးရှိသည်။ ထိုသို့သော သားသည် သူရူးနှင့်သာတူသည်ဟူ၍ ပညာရှိတို့ဆိုကုန်၏။

ဤသည်မှာ ပုဂံခေတ်မင်းကြီးစွာစော်ကဲ၊ သားတော်တရဖျားကြီး၊ ညီတော်ပထမမင်းခေါင်ကြီးတို့ လက်ထက် မင်းသုံးဆက်မြောက်အဂ္ဂမဟာသေနာပတိရာထူးဖြင့် ချီးကျူးခန့်ထားခြင်းခံရသော ရာဇာအမည်ရှိ ပညာရှိ အမတ်ကြီး၏လျှောက်ထုံးစကားရပ်ကို ဇိနာလင်္ကာရဓမ္မရာဇာဂုရုတံဆိပ်တော်ရ ရဟန်းတော် ရှင်စန္ဒလင်္ကာ ပြုပြင်စီရင်အပ်သောမဏိရတနာပုံကျမ်းမှကောက်နုတ်ချက်ဖြစ်ပါသည်။ ကုန်းဘောင်ခေတ်က ရေးသားပြုစုသော ကျမ်းဖြစ်သော်လည်း ဤကျမ်းပါလျှောက်ထုံးများကား ပုဂံခေတ်ကဖြစ်သည်။ ဤကျမ်း တွင် လောကကြောင်း၊ ဓမ္မကြောင်း၊ ရာဇအကြောင်းတို့ကို ဖော်ပြထားသည်မှာမှတ်သားဖွယ်ဖြစ်ပေသည်။

အဘိုးရာဇာပြောပြသော သားသမီးဝတ်ငါးပါးကို ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ ဟူ၍သင်္ဂဇာဆရာတော်က မှတ်မိလွယ် အောင်လင်္ကာစပ် ဆိုခဲ့သည်။ သားသမီးဝတ်၊ မိဘဝတ်၊ ဆရာ့ဝတ်အစရှိသည်ဖြင့် ကိုယ်စီတာဝန်များရှိထား သည်မှာ ရှေးပဝေသဏီမှ ယနေ့တိုင်ဖြစ်သည်။ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးရှိသည်။

သားသမီးဆိုးတို့ကို ပစ်ရိုးမရှိဟူသောစကားအတိုင်းပင် မိဘတို့မှာသားသမီးတို့ကိုအချစ်လွန်ကြသည်မှာလည်း ဓမ္မတာပင်ဖြစ် ပေသည်။ မိဘတိုင်းက သားသမီးတိုင်းကို လူရည်ချွန်လူရည်မွန်ကလေးများဖြစ်စေချင်ကြသည်။

သားသမီးကောင်းတို့၏မိဘဖြစ်ရန်ခက်ခဲသည်မှာ ယနေ့ခေတ်တိုင်ဖြစ်သည်။ သားသမီးများကိုငယ်ငယ် ကတည်းက မဆုံးမသော် မိဘသည်လည်းရန်သူမည်၏ဆိုစကားပမာ မိမိတို့၏ရင်သွေးများကို အချစ်လွန်ကာ အလိုမလိုက်သင့်ပါ။လမ်းမှားသို့ရောက်သွားသောလူငယ်မောင်မယ်များမှာ အဓိကအားဖြင့်မိဘတို့သွန်သင် ဆုံးမမှု နည်းပါး၍ဖြစ်သည်။ မိဘတို့သည်မိမိတို့၏သားသမီးများအား လူတော်လူကောင်းကလေးများဖြစ်အောင် ငယ်ရွယ်စဉ်ကတည်းက ဆုံးမသွန်သင်ရပေမည်။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘဟုဆိုစကား ရှိသည်။

သားသမီးကောင်းဖြစ်ရန်မှာ ပတ်ဝန်းကျင်ကောင်းရှိရန်လိုအပ်သကဲ့သို့ ဆရာသမားကောင်းနှင့်တွေ့ဆုံရန် လိုအပ်လှပေသည်။ လူငယ်တို့သဘာဝမှာ အရာရာကိုလေ့လာစူးစမ်းတတ်ကြသည်။ အသစ်အဆန်းမြင်လျှင် ထိတွေ့ကိုင်တွယ်ချင်သည်။ ကျောင်းတွင်စာကြိုးစားသောသူငယ်ချင်းနှင့် ပေါင်းသင်းသောသူသည်စာကြိုးစား ချင်စိတ်ဖြစ်ကာ စာကိုကြိုးစားပေမည်။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား အချိန်တန်စာမေးပွဲအောင်မှာပါကွာဟူသော အပေါင်းအသင်းကိုပေါင်းမိသည့်သားသမီးသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်လိမ့်မည်။ သားသမီး ကောင်းများဖြစ်ရန်အတွက် ဆရာများတွင်လည်း တာဝန်မကင်းဟုဆိုနိုင်သည်။ မိမိကျောင်း၊ မိမိအတန်းသို့ စာပေသင်ကြားရန်ရောက်ရှိလာသည့်ကလေးများ အတွေးအခေါ်လွဲမှားမသွားအောင်တည့်မတ်ပေးရန်မှာ ဆရာတို့၏ တာဝန်ပင်ဖြစ်ပေသည်။

တပ်မတော်တွင် စစ်သည်တော်ဟောင်းတစ်ဦး၏အမှာစကားတစ်ခုရှိသည်။ ထိုအမှာစကားသည် ခေတ်အဆက် ဆက်မှယနေ့တိုင်မှန်ကန်နေဆဲဖြစ်သည်။ ထိုစကားမှာငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြော လိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့်ယောက်ျားမြတ်ဖြစ်စေနိုင်တဲ့တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့ ဟူ၍ဖြစ်သည်။

တပ်မတော်တွင် တပ်မတော်သားတိုင်းကိုသာမက တပ်မတော်သားများ၏သားသမီးများကိုပါ သားသမီးကောင်း များဖြစ်အောင်သင်ကြားပေးနေသည်။ ပညာရေးတွင်အထူးအားပေးနေသကဲ့သို့ လိမ္မာယဉ်ကျေးသော သားသမီး ကောင်းများဖြစ်စေရန်အတွက်လည်း ဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ဤသည်မှာ မိဘများအတွက်သားကောင်း သမီးကောင်းများပေါ်ထွန်းရေးအတွက် ဆောင်ရွက်နေခြင်းဖြစ် ပါ ကြောင်း ရေးသားလိုက်ရပေသည်။ 

Read 57 times