SJ WorldNews - шаблон joomla Авто

ရှောင်ဖယ်ဝေးဝေး ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်ဘေး

Sunday, 31 May 2020 09:45 font size decrease font size decrease font size increase font size increase font size

 

ဆေးလိပ်၏ဆိုးကျိုးများကို ကမ္ဘာ့လူသားများသိရှိလာကြပြီး ဆေးလိပ်မသောက်ရေးအတွက် နည်းလမ်း မျိုးစုံဖြင့် အသိပညာဗဟုသုတပေးလျက်ရှိသည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးဆိုးရွားရွား ထိခိုက်စေပါသည်။ မူးယစ်ဆေးဝါးအစဆေးလိပ်က စသည်ဖြင့် သိမှတ်ဖွယ်ဆောင်ပုဒ်ပေါင်းများစွာ ထုတ်ပြန်ပေးထားပါသည်။ သို့သော် ဆေးလိပ်သောက်သူဦးရေလျော့ကျမလာဘဲ ပို၍သာတိုးပွားနေသည်။ အကြောင်းရင်းမှာ မိမိပတ်ဝန်းကျင်တွင် ဆေးလိပ်ကိုအလွယ်တကူဝယ်ယူရရှိနေခြင်း၊ ဈေးနှုန်းချိုသာခြင်း၊ စီးပွားရေးသမားများ၏ ဈေးကွက်မြှင့်တင်မှုကြော်ငြာအားကောင်းခြင်း၊ အခကြေးငွေဖြင့်ကြော်ငြာပေးသော သရုပ်ဆောင်များကို အားကျမိကာ အတုခိုးမှားခြင်း၊ အတုမြင်အတတ်သင်ခြင်း၊ အပေါင်းအသင်းများ၏ဆွဲဆောင် စည်းရုံးမှုကောင်းခြင်းများကြောင့် ဆေးလိပ်စတင်စမ်းသပ်သုံးစွဲလာကြသည်။

ဆေးလိပ်ငွေ့တွင် လူကိုအန္တရာယ်ဖြစ်စေသောဓာတ်ပစ္စည်းများပါဝင်သည်။ ထုတ်လုပ်ပြီးဆေးလိပ် ဆေးရွက်ကြီး တွင် ဓာတ်ပစ္စည်းအနည်းဆုံး ၇၀၀၀ ပါရှိပြီး ဆေးလိပ်ငွေ့တွင် နီကိုတင်း၊ ကတ္တရာ၊ ကာဗွန်မို နောက်ဆိုက်၊ ဘင်ဇင်း၊ အမိုးနီးယား စသောလူကိုသေစေတတ်သည့်  ကင်ဆာရောဂါဖြစ်စေတတ်သောပစ္စည်း ၆၉ မျိုးခန့် ပါဝင်သည်ဟုသိရှိရသည်။ အဆိုပါဓာတုပစ္စည်းများသည် လူ၏အဆုတ်ကိုထိခိုက်စေပြီး ကြံ့ခိုင်မှုကို လျော့နည်းစေသည်။ ဆေးလိပ်သောက်သုံးသူနှင့် ဆေးလိပ်လုံးဝမသောက်သူတို့ လမ်းအတူလျှောက်လျှင် ဆေးလိပ်သောက်သူမှာ ကိုယ်ခံအားနည်းပြီး မောပန်းမှုပိုမိုလာသည်။

ဆေးလိပ်သောက်ခြင်းကြောင့် နုနယ်သည့်အဆုတ်လေအိတ်ကလေးများ၏နံရံများ ပျက်စီးစေသည်။ အသက်ရှူ လမ်းကြောင်းတစ်လျှောက်ရှိ အမြှေးပါးကလေးများ၏လုပ်ငန်းများကို ပျက်စီးစေသည်။ သို့ဖြစ်၍ အဆုတ် အတွင်း၌ နာတာရှည်သလိပ်များခြင်း၊ သလိပ်ပွခြင်းဖြစ်လာသည်။ ချောင်းအကြိမ်ကြိမ်ဆိုး၍ အဆုတ် ရောင်လာသည်။ ထိုမှတစ်ဆင့် အဆုတ်လေပြွန်အိတ်ကလေးများလုံးဝပျက်စီးသွားကာ အဆုတ်ပွလာသည်။

အဆုတ်ပွခြင်းကြောင့် နှလုံးရောဂါဖြစ်ကာ အဆုတ်တီဘီရောဂါကို ပိုမိုဆိုးရွားစေသည်။ ဆေးလိပ် သောက်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးမမှန်သည့် ရောဂါ၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သည့်ရောဂါ၊ ဦးနှောက်အမြှေးပါးအောက်သွေးယိုခြင်း၊ ခြေပုပ်လက်ပုပ် ရောဂါဖြစ်ခြင်း၊ ပြင်းထန်သည့်သွေးတိုးရောဂါဖြစ်ခြင်း၊ ပင်မသွေးကြောလွယ်ကူစွာပေါက်နိုင်ခြင်းစသည့် နှလုံးသွေးကြောရောဂါများကိုဖြစ်ပေါ်စေပါသည်။

ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်၍ ကိုယ်တိုင်သောက်သူလည်း ရောဂါခံစားရသလို  ဆေးလိပ် မသောက်ဘဲ ဆေးလိပ်ငွေ့ကိုရှူရှိုက်မိသူမှာလည်း ရောဂါဖြစ်ပွားတတ်သည်။ ဖြစ်ပွားတတ်သောရောဂါများမှာ နှလုံးသွေး ကြောနှင့် အဆုတ်ရောဂါများအပြင် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာများဖြစ်ပွားခြင်း၊ အသက်ရှူမဝခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးလိပ် သောက်လျှင် သို့မဟုတ် သူတစ်ပါးဆေးလိပ်ငွေ့ရှူရလျှင် ကိုယ်ဝန်ပျက်ခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ ပေါင်မပြည့်သောကလေးမွေးဖွားခြင်း၊ မွေးရာပါကိုယ်လက်အင်္ဂါချို့ယွင်းသည့်ကလေးမွေးဖွားခြင်း၊ မွေးစကလေး ရုတ်တရက်သေဆုံးခြင်းများ ဖြစ်စေနိုင်သည်။ ဆေးလိပ်မီးခိုးငွေ့များသည် မွေးစကလေးငယ်များနှင့် လသား ကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းရောဂါများ၊ ပန်းနာရင်ကျပ်ရောဂါနှင့် မကြာခဏနားပြည်ယိုခြင်း များဖြစ်တတ်ပါသည်။

ကမ္ဘာပေါ်ရှိ လူအများဆုံးသေဆုံးရသောအကြောင်းရင်းများတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု လျင်မြန်စွာ တိုးတက်လာမှုလည်းပါဝင်သည်။ ၂၀၂၀ ပြည့်နှစ် မေလအတွင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယနေ့ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲသူပေါင်း  ၁ ဒသမ ၃ ဘီလီယံရှိပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှစ်စဉ်လူပေါင်းရှစ်သန်းခန့်  သေဆုံးလျက်ရှိကြောင်း၊  ယင်းတို့ အနက် ခုနစ်သန်းသည် တိုက်ရိုက်ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုကြောင့်သေဆုံးရပြီး ၁ ဒသမ ၂ သန်းခန့်သည် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ လူသားတွေအတွက် ကောင်းကျိုးလုံးဝမပေးသော ဆေးလိပ်ကိုသောက်သုံးခြင်းမှ ရှောင်ရှား သင့်လှပေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက၂၀၂၀ ပြည့်နှစ် မေ ၃၁ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ဆောင်ပုဒ်အဖြစ် ထုတ်လုပ်သူတို့ပစ်မှတ်သဖွယ်၊ တို့လူငယ်များကိုသတ်မှတ်တယ်၊ အသိဉာဏ်နှင့်ရှောင်ဖယ်ပေး၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်ဘေး (Protecting youth from industry manipulation and preventing them from tobacco and nicotine use) ဟု သတ်မှတ်ထားပါသည်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်တို့မှ   ကာကွယ်နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက    ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ရေးသားလိုက်ရပေသည်။   

 

           

Read 56 times