SJ WorldNews - шаблон joomla Авто

ရိုးသားသောသူ ကြိုးစားသောသူသည် အမြင့်သို့ ရောက်လိမ့်မည်

Wednesday, 03 June 2020 10:29 font size decrease font size decrease font size increase font size increase font size

 

 

အယ်ဒီတာ့ အာဘော်

 

(၂၀၂၀ ပြည့်နှစ်၊ ဇွန် ၃ ရက်)

 

လောက၌ လွန်လေပြီးသော အရာတို့သည် မရှိသောအရာများဖြစ်သည်။ ဖြစ်ပေါ်လာလတ်္တံ့သောအရာ တို့သည်လည်း မရှိသေးသော အရာများဖြစ်ကြသည်။ သို့အတွက် အနာဂတ်ကို အားကိုးခြင်း၊ အတိတ်ကိုပြန်၍ လွမ်းဆွတ်ခြင်းတို့သည် အကျိုးမဲ့ဖြစ်လေသည်။ မိမိဘဝအတွက်မိမိ၏လက်ရှိအချိန်သည်သာ အကောင်းဆုံး ဖြစ်သည်။ အလုပ်တစ်ခုကို အကြွေးမထားဘဲ ချက်ချင်း လုပ်ကိုင်တတ်သူ၊ ဆောင်ရွက်တတ်သူသည် ကြီးပွားရန် ခြေလှမ်းစတင် လှမ်းသူဖြစ်သည်။ အစပြုတတ်သော အလေ့ရှိမှသာ ကြီးပွားချမ်းသာရာရနိုင်လေသည်။ လူသား အများသူငါတို့ လိုလားသောကြီးပွားခြင်းသည် တစ်ချက်တည်းဖြင့် ကြီးပွားနိုင်သည်မဟုတ်ပေ။ အဆင့်ဆင့်သော သင်ယူတတ်မြောက်စရာများကို သင်ကြားတတ်မြောက်ပြီးမှသာ ကြီးပွားခြင်းသို့ ရောက်ပေမည်။

 

တစ်လှမ်းတည်း လှမ်းသဖြင့် အထွတ်အထိပ်သို့ မရောက်နိုင်ပါ။ မြင့်သောတောင်ထိပ်တို့ မည်သည် တဖြည်းဖြည်း တက်ရ လေသည်။ နိမ့်သောနေရာကိုသာ တစ်ချက်တည်းရောက်အောင် ခုန်ချနိုင်သော်လည်း တစ်ခါတစ်ရံ ကျိုးတတ်၊ ပဲ့တတ်ပါ သေးသည်။ ယခုခေတ်သည် ရှေးကထက်ပင် အတတ်ပညာရပ်တွေပေါများ လှပေသည်။ ““အသက်မွေးမှု တစ်ခုပညာ ကိုယ်စီပါ””ဟူသောစကားကဲ့သို့ မိမိနှင့်နီးစပ်သောအတတ်ပညာ တစ်ခုခုကိုလိုချင်လျှင်  နှိမ့်ချသောစိတ်နှင့် သည်းညည်းခံသော အရင်းပါချေက မည်သည့်ပညာရှင်ထံမဆို သွားရောက်ကာတပည့်ခံသင်ယူနိုင်လေသည်။

 

ဝီရိယရှိသောသူနှင့် ရိုးသားဖြောင့်မတ်သူတို့အတွက် ပညာသင်ပေးချင်သည့် ဆရာများစွာရှိသည်။

 

မိမိကိုယ်ကိုအသုံးကျသူ တစ်ယောက်ဖြစ်အောင် ကြံနိုင်သော သတ်္တိရှိပြီး ရိုးသားသောအလုပ်အကိုင်လုပ်ကိုင်လို  စိတ်ရှိရန် လိုအပ်သည်။ မရှက်မကြောက်သောသူအတွက် အလုပ်အကိုင် အခွင့်အလမ်းကား ပေါများသည်။ အထူးသဖြင့် ““နှုတ်ချို သျှိုတစ်ပါး ”” ဟုဆိုထားပေရာ မိမိကချိုချိုသာသာ မွန်မွန်ရည်ရည် ပြောဆိုမည်ဆိုလျှင် မကြိုက်မနှစ်သက်သူရှိမည် မဟုတ်ပါ။  မိမိပါးစပ်ကို မိမိလိမ္မာ ပါးနပ်စွာအသုံးပြုတတ်ပါက လူချစ်လူခင် ပေါများပြီး အလုပ်ဆိုသည်မှာ ခက်ခဲမည်မဟုတ်ပါ။

 

မိမိအလုပ်ကို ကောင်းစွာကျွမ်းကျင်စေရမည်။ ကျွမ်းကျင်မှုရှိမှသာ သူများထက်သာလွန်ပေမည်။ လုပ်ငန်းမကျွမ်းကျင်သမျှ သူများ ထက်ထူးအောင် မကြံဆောင်နိုင်ချေ။ မိမိ၏အလုပ်နှင့်ပတ်သက်၍ နည်းလမ်း ရှိသမျှကိုကြံရမည်။ ယနေ့ဈေးကွက်ဝင် ပစ္စည်းများကို လေ့လာကြည့်ပါက အချိန်ကာလအတိုင်းအတာတစ်ခု ရောက်ရှိသည်နှင့်မူလဒီဇိုင်းထက် လူအများစိတ်ဝင်စားမှု ရှိအောင် အသွင်အပြင်ပြောင်းလဲရောင်းချသည်ကို တွေ့မြင်ကြရသည်။ အသစ်အသစ်တို့ကြာမြင့်၍ ဟောင်းသွားသည့်အခါ နောက်ထပ် အသစ်အသစ်များကို ထပ်မံတီထွင်ကြရသည်။ လူအများစိတ်ဝင်စားအောင်ဆွဲဆောင်ကြရသည်။ ဤကား လူတစ်ဦး ချင်းကဲ့သို့ ကြိုးစားနေရခြင်းဖြစ်သည်။

 

ဤသို့တီထွင် ဆန်းသစ်နိုင်မှုရှိရန်အတွက် အဓိကလိုအပ်ချက်မှာ ရိုးသားမှု၊ ကြိုးစားမှုနှင့်ပညာရှာဖွေ နိုင်မှုတို့ဖြစ်သည်။ ““ပညာဆည်းပူး၊ ပန်းသို့ခူး”” ဆိုသည့်ပမာ ပန်းကိုရှာဖွေဆွတ်သကဲ့သို့ ပညာကိုကြိုးပမ်း ရှာဖွေဆည်းပူးရမည်သာဖြစ်သည်။ ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သောသူသည် ပရိသတ်အလယ်တွင် ရဲရဲရင့်ရင့်ပြောဆိုဝံ့၍တင့်တယ်သည်။ ပညာရှာဖွေ သူသည် ပျင်းရိခြင်း ကင်းရမည်။ ပျင်းနေလျှင် ပညာ တတ်လိမ့်မည် မဟုတ်ပါ။

 

စာအုပ်ရှိသမျှကိုဖတ်ရမည်။ သတင်းရှိသမျှကို နားထောင်ရမည်။ မှတ်သားသင့်သည့် အချက်အလက် များကိုရေးမှတ်ထားရမည်။ အချက်ကောင်း ရှိသမျှ မလွတ်စေရန်သတိထားရှိရမည်။ ထိုကဲ့သို့ဉဏ်လက်နက်၊ ဝီရိယလက်နက်စုံလင်သောသူသည် အောင်မြင်ခြင်းကို မလွတ်အောင် သံပိုက်ကြီးနှင့်အုပ်၍ဖမ်းသည်နှင့်တူ၏။ ရှေးလူကြီးများအဆက်ဆက်သည် နောင်လာ နောက်သားများ အတွက် ဦးဆောင်လမ်းပြ ဖြစ်ခဲ့ကြသည်။ အလုပ်ဖြင့်လည်းသက်သေပြခဲ့ကြသည်။ စာဖြင့်လည်းမှတ်တမ်း တင်ခဲ့ကြ သည်။ မည်သည့်အလုပ်မှာမဆို ပထမတန်းဖြစ်ရုံမကြံစည်နှင့်။ ပထမတန်းစားထက် နည်းနည်းကလေးပိုအောင် စိတ်ကို ထားရမည်။ အကြံကောင်းသောသူသည် အလုပ်ကောင်းသောသူ၏အရှင်ဖြစ်သည်ဟူသော  စာမှတ်တမ်းသည် ရှေးလူကြီးများ၏ လက်ဆင့်ကမ်း အမွေဖြစ်သည်။

 

ဝီရိယရှိသော သူတို့သည်   ဘုရင်မင်းမြတ်တို့ချီးမြှောက်ခြင်း ကိုခံရ၏ဟု အနောက်တိုင်းသားတို့ ပြောစမှတ်ပြုကြလေသည်။ ၎င်းဝီရိယ သည် ကြီးပွားခြင်း၏ ဆေးစွမ်းကောင်းများဖြစ်သည်။ လုံ့လဝီရိယဟူသည် ကြိုးစားမှုပင်ဖြစ်သည်။ ပါးစပ်ဖြင့် ပြောဆို နေခြင်းထက် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခြင်းကသာ မိမိအတွက်၊ တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပေမည်။ တပ်မတော်တွင်စစ်သည်တော်တိုင်း တစ်ဦးချင်း အနေနှင့်ပြုကျင့်ရမည့် ကျင့်ဝတ်များတွင် ““ပါးစပ်က သာ တိုင်းပြည်ကိုမချစ်ဘဲ၊ အလုပ်ဖြင့် တိုင်းပြည်ကိုချစ်ပါ”” ဟူသောကျင့်ဝတ်တစ်ခုရှိလေသည်။

 

ထိုကျင့်ဝတ်သည် တပ်မတော်သား တိုင်းသာမက နိုင်ငံသူ၊ နိုင်ငံသားအားလုံးတွင်ရှိသင့်သော စိတ်ထား ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုး တိုးတက်ကြီးပွားရေး အတွက် လူတိုင်းမှာ ရိုးသားသောစိတ်၊ ကြိုးစားသောစိတ်ရှိနေပြီး အလုပ်ဖြင့် တိုင်းပြည်ကို ချစ်ကြ မည် ဆိုပါလျှင် မိမိကိုယ်တိုင်လည်း အမြင့်သို့ရောက်မည်။ မိမိတိုင်းပြည် သည်လည်းဖွံ့ဖြိုး တိုးတက်နေမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  

 

Read 63 times Last modified on Wednesday, 03 June 2020 10:30