SJ WorldNews - шаблон joomla Авто

ကျန်းမာ ဝပြောသည့် ပတ်ဝန်းကျင် ကောင်းတွင် ရှင်သန် နေထိုင်ခွင့်

Thursday, 18 June 2020 10:10 font size decrease font size decrease font size increase font size increase font size

 အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၁၈ ရက်)

လူသားတိုင်းသည် ကျန်းမာဝပြောသည့် ပတ်ဝန်းကျင် ကောင်းတွင် ရှင်သန် နေထိုင်လိုကြသည်။ အသက် ရှည်ရှည် ရောဂါကင်းကင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေလိုကြသည်။  လိမ်ညာလှည့်ဖြားမှုများပြား  လာသော ယနေ့အချိန်အခါတွင် စားသုံးသူ အခွင့်အရေးဟူသော စကားရပ်ပေါ်ပေါက်လာသည်။ စားသုံးသူ  အခွင့်အရေး ဆိုသည်မှာ အစားအသောက်တစ်ခုတည်းကိုသာဆိုလိုရင်းမဟုတ်ပေ။ အခြားသောဝန်ဆောင်မှု  မျိုးစုံ ပါဝင်သည်။ ဥပမာအားဖြင့် ခရီးသွားသူတစ်ဦးသည် သွားလိုသောခရီးအတွက် မော်တော်ယာဉ်တစ်စီးကို  ဈေးနှုန်း သတ်မှတ်ပြောဆိုပြီး ငှားရမ်းစီးနင်းလိုက်သည်။ အငှားယာဉ်မောင်းက ခရီးသည်အား သွားလိုရာသို့ အဆင်ပြေပြေ ပို့ဆောင်ပေးရန်ပျက်ကွက်ခဲ့သည်။ ခရီးသည်မှာ အဆင်မပြေမှုများနှင့် ရင်ဆိုင်ရသည်။ ထိုခရီးသည် အတွက်  စားသုံးသူ အခွင့်အရေး အပြည့်အဝမရရှိခြင်းပင်ဖြစ်သည်။  စားသုံးသူအခွင့်အရေးအပြည့်အဝ မရရှိပါက တိုင်ကြားနိုင်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏လမ်းညွှန်ချက်များအရ စားသုံးသူများ၏အခြေခံအခွင့်အရေးများမှာ စားသုံးသူများ ကုန်စည် နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ မှန်ကန်ပြည့် စုံသော သတင်းအချက်အလက်များ ရရှိစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအား စိတ်ကြိုက် ရွေးချယ်နိုင်ခွင့် ရရှိစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပါဝင်ကြားနာ ခွင့်ရရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍  ကုစား ခွင့် ရရှိစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာ၊ အခွင့်အရေးနှင့် သတင်း အချက် အလက်များကို သိရှိလေ့လာခွင့်ရရှိစေရန်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန် နေထိုင်ခွင့် ရရှိစေရန်တို့ဖြစ်သည်။

အရောင်းဆိုင်တစ်ဆိုင်မှ ရောင်းချလိုက်သော ပစ္စည်းတစ်ခုသည် ပစ္စည်း၏သတ်မှတ်သက်တမ်းကုန်ဆုံး  နေသည်ကို ရောင်းချသူကသိလျက်နှင့် ဝယ်သူထံ ရောင်းချလိုက်သည်။ သက်တမ်းကုန်ဆုံး သွားသည့်စားသောက်  ကုန်တစ်ခုခုကို ဝယ်ယူစားသောက်မိသူတစ်ဦးအတွက် စားသုံးသူအခွင့်အရေးများဆုံးရှုံးရသည်။ သို့အတွက်  စားသုံးသူ ကာကွယ်ရေး ဥပဒေအရ တိုင်ကြားနိုင်ပြီး စားသုံးသူ အခွင့်အရေးများကို ပြန်လည်တောင်းဆိုနိုင် သည်။

 စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် အာဆီယံစီးပွားရေးအသိုက်အဝန်းကြီးမဏ္ဍိုင်လေးရပ်ရှိသည့်  အနက် ယှဉ်ပြိုင် နိုင် စွမ်း အားမြင့်မားသော စီးပွားရေးဒေသ မဏ္ဍိုင်၌ ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ထားပြီးဖြစ်သည်။

၂ဝ၁၅ ခုနှစ်ကတည်းက စားသုံးသူကာကွယ်ရေးကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသည်  အာဆီယံနိုင်ငံများနှင့်လက်တွဲကာ  စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြန်လည်၍  ရေးဆွဲ ထားသည့် စားသုံးသူကာကွယ်ရေး ဥပဒေအသစ်ကို ၂ဝ၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အတည်ပြု  ပြဋ္ဌာန်းနိုင်ခဲ့သည်။ တိုင်ကြားလာမှုများအပေါ် စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်  ယူဆရသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများစောင့်ကြည့်စစ်ဆေးနိုင်ရန်၊ ဈေးကွက်အတွင်းမှ ပပျောက်သွား စေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စစ်ဆေးရေးအရာရှိများ အဆင့်ဆင့်ထားရှိဆောင်ရွက် လျက်ရှိသည် ကိုမြင်တွေ့ရသည်။

စားသုံးသူအများစုမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်၏အရည်အသွေးနှင့်  လူကြိုက်များမှုကိုကြည့်၍  အားပေးခြင်းဖြစ် သည်။ တစ်ခါတလေ အကြောင်း အမျိုးမျိုးကြောင့် အဆင်မပြေမှုများနှင့်တွေ့ရသည့်အခါ  သက်ဆိုင်ရာ လုပ်ငန်းရှင်များ ဘက်က အလေးထားဖြေရှင်းပေးလျှင် ကုန်ပစ္စည်းအပေါ်မှာ ယုံကြည်မှုလျော့နည်း ခြင်းမျိုးဖြစ်မည် မဟုတ်တော့ပေ။ မိမိကုန်ပစ္စည်းအရည်အသွေးနှင့်ပတ်သက်ပြီး တာဝန်ခံမှုရှိရှိတုံ့ပြန်ဆောင် ရွက်သည့် အတွက် လုပ်ငန်းဂုဏ်သိက္ခာမှာ ပိုမိုတိုးတက်သွားမည်ဖြစ်သည်။

လူတိုင်းသည် စားသုံးသူများဖြစ်ကြပြီး စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးအပြည့်အဝရရှိနိုင်  ကြရမည်ဖြစ်သည်။ ထိုကဲ့သို့ စားသုံးသူများ၏နစ်နာမှုများအတွက် စားသုံးသူရေးရာဦးစီးဌာနသည် ဖြေရှင်း ကူညီရန် အသင့်ရှိနေပြီး အကာအကွယ်များလည်းပေးအပ် နေပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  

 

Read 37 times Last modified on Thursday, 18 June 2020 10:13