SJ WorldNews - шаблон joomla Авто

ကောင်းကျိုးမပေးမူးယစ်ဆေး ဝေးဝေးရှောင်ခွာစိတ်ချမ်းသာ

Saturday, 20 June 2020 10:55 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၀ ရက်)

ကမ္ဘာ့လူသားအားလုံးကို မျိုးတုံးအောင်လုပ်ဆောင်နေသော အရာတစ်ခုကို မီးမောင်းထိုးပြရလျှင် မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးသည် လူသားအများစု အတွက်ကြီးမား လွန်းသော အဖျက်အန္တရာယ်ဖြစ်သည်။ အပေါင်းအသင်းမှားကာ မူးယစ်ဆေးဝါး စွဲသွားသူတစ်ဦးတွင် သူ၏မိဘ ညီအစ်ကို မောင်နှမများ အများအပြားရှိပေလိမ့်မည်။ သူတစ်ယောက်ကြောင့် ဆွေမျိုးအသိုင်းအဝိုင်းစိတ်ဆင်းရဲ ကြရသည်။ မူးယစ်ဆေးစွဲသူမှာလည်း အရွယ်မတိုင်မီ  သေမင်းနှင့်ရင်ဆိုင်ကြရသည်။  သေမင်းနှင့် ရင်မဆိုင်မိ လျှင်လည်း တရားဥပဒေနှင့် ရင်ဆိုင်ရမည်မှာ အမှန်ပင်ဖြစ်သည်။

မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာသောအခါ သောကနှင့်ရင်ဆိုင်ရသော ဆွေမျိုးအသိုင်းအဝိုင်းလည်း များပြား လာပေမည်။ ထိုသို့ဖြစ်လာသောအခါ နိုင်ငံတော်အတွက်လည်း အနုတ်လက္ခဏာ အသွင်ဆောင်နေ ပေလိမ့် မည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျပေလိမ့်မည်။ မူးယစ်ဆေးဝါးကြောင့်ကြီးပွားချမ်းသာ သူဟူ၍ မူးယစ်ဆေးဝါး ရောင်းချနေသူများသာ ရှိပေလိမ့်မည်။ ထိုသူများသည်လည်း တရားဥပဒေနှင့်မတွေ့ သရွေ့ ခေါင်းမော့နေနိုင်ကြမည်ဖြစ်သော်လည်း တရားဥပဒေနှင့် ရင်ဆိုင်တွေ့ကြုံရသောအခါ ကျားရှေ့မှောက် လျက်လဲသည့်ပမာရှိကြပေလိမ့်မည်။ အနှစ်ချုပ်လျှင် မူးယစ်ဆေးဝါးသည် လူသားတို့အတွက် ကောင်းကျိုး ပေးခြင်းမရှိပါ။ ကောင်းကျိုးမပေး မူးယစ်ဆေး၊ ဝေးဝေးရှောင်ခွာ စိတ်ချမ်းသာပါလိမ့်မည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို အစဉ်တစိုက် အားကြိုး မာန်တက် လုပ်ဆောင်လျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း ဇွန် ၁၄ ရက်တွင် တာချီလိတ် မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၉၇၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား သယ်ဆောင်လာသူများအား ဖမ်းဆီးရမိသည့် သတင်းနှင့် ဇွန် ၁၃ ရက်တွင် ပုသိမ်ကြီးမြို့နယ်ရှိ (၁၆) မိုင်စစ်ဆေးရေးဂိတ်၌ ဒီတိုနေတာနှင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိသတင်းများကို ဖတ်လိုက်ရသည်။

ဇွန် ၁၆ ရက်တွင် လောက်ကိုင်မြို့နယ် ချာလူချိုင်း ရွာပျက်အတွင်းရှိ နေအိမ်တစ်လုံးမှ လက်နက် ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှု သတင်းကိုလည်းကောင်း၊ ဇွန် ၁၆ ရက်တွင် မန္တလေးမြို့၌ ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသတင်းကိုလည်းကောင်း၊ ဇွန် ၁၇ ရက်တွင် တာချီလိတ် မြို့နယ်အတွင်း မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသတင်းကိုလည်းကောင်း နေ့စဉ်နီးပါး ဖတ်ရှုနေရသည်။ ထိုသို့နေ့စဉ်နီးပါး ဖမ်းဆီးရမိနေသော်လည်း မူးယစ်ဆေးဝါးကား လုံးဝပပျောက်သွားသည် ဟူ၍တော့ မရှိသေးပေ။ ကမ္ဘာ့နိုင်ငံအများစုတွင်လည်း မူးယစ်ဆေးဝါးပြဿနာကို ကြီးမားစွာရင်ဆိုင်နေကြ ရသည်။ မြန်မာနိုင်ငံတွင် ဘိန်းအစားထိုးသီးနှံများ ပံ့ပိုးပေးနေသော်လည်း စိတ်ကြွမူးယစ်ဆေးအမျိုးအနွယ် ပေါင်းများစွာက မိမိနိုင်ငံထဲသို့ ဝင်လာမစဲဖြစ်နေသည်။

မူးယစ်ဆေးဝါးမြောက်မြားစွာ ဖမ်းဆီးရမိသည့် သတင်းများကြားရတိုင်း လူ့အသက်ပေါင်းများစွာ ကယ်တင် လိုက်ခြင်းဟူ၍ မှတ်ယူမိသည်။ ဖမ်းဆီးရရှိရေးအတွက် ပါဝင်ဆောင်ရွက်သူအားလုံးကို ပြည်သူတစ်ရပ်လုံး အတွက် ကျေးဇူးတင်သည်။ မူးယစ်ဆေးဝါးရောင်းချခြင်းသည် ငွေရလွယ်ကူသော လုပ်ငန်းတစ်ခုဖြစ်သည့် အတွက် တရားမဝင်လက်နက် ကိုင်ဆောင်သူများအဖို့ အားကိုးအားထားပြုစရာ လုပ်ငန်းကြီးတစ်ခုကဲ့သို့ဖြစ် နေသည်။ မူးယစ်ဆေးဝါးပပျောက်ရေးမှာ အဓိကစိုက်ပျိုးသူနှင့် သုံးစွဲသူမရှိပါက ရောင်းချသူလည်းရှိလိမ့်မည် မဟုတ်ပေ။

မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ သုံးစွဲသူတို့သည် စက်ဝိုင်းတစ်ခု အသွင်ပမာရှိနေသည့် အတွက် ထိုစက်ဝိုင်းကို ရိုက်ချိုးဖျက်ဆီးနိုင်မှသာ မူးယစ်ဆေးဝါး ပပျောက်မည်ဖြစ်ပေသည်။ ထိုသို့ဖျက်ဆီးရန်မှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် လိုအပ်ပေသည်။ မိမိတို့၏ ပတ်ဝန်းကျင်တွင် သာမန်ထက်ပို၍ကြီးပွား ချမ်းသာနေသူများ၊ လုပ်ငန်းတစ်ခုခုမရှိဘဲ ငွေကြေးအဆမတန် သုံးစွဲနေသူများကိုမြင်မိလျှင် သူသည်မူးယစ် ဆေးဝါး သို့တည်းမဟုတ် တရားမဝင်လုပ်ငန်း တစ်ခုခုနှင့် ဆက်နွှယ်နေသူများဟု သိမြင်ကြရန်လိုပေသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေရာ ဗုဒ္ဓဘာသာတရားတော်အရ သူတစ်ပါးကြီးပွား ချမ်းသာလျှင် မုဒိတာပွား ရမည့်စိတ်ထားရှိကြသည်။ လူတစ်ဦးတစ်ယောက်ကြီးပွားချမ်းသာသည်ကို မသိကျိုးကျွန်ပြုပြီးနေ လိုက်ပါက ထိုသူသည် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူဖြစ်နေပါလျှင် သူသည်လူသတ်သမားတစ်ယောက်နှင့် မခြားသော အနေအထားဖြစ်သည်။ သူ့ကြောင့် လူပေါင်းများစွာ မူးယစ်ဆေးဝါး နွံနစ်ကာသေဆုံးကြရမည်။ သူ့ကြောင့် မိသားစုပေါင်းများစွာ စိတ်ဆင်းရဲကြရမည်။ သူ့ကြောင့် နိုင်ငံတော်၏ အလှများအကျည်းတန် စေသည်။ ထို့ကြောင့် ပြည်သူတစ်ဦးအနေဖြင့် မိမိပတ်ဝန်းကျင်ကို ဂရုတစိုက်သတိပြုကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပါဝင်ကူညီသင့်ပါသည်။ မူးယစ်ဆေးဝါး ပပျောက်ရေးသည် ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်မှသာ ပပျောက်မည်ဖြစ်သည်ဟု မြဝတီက ယုံကြည်ပါကြောင်း ရေးသားလိုက်ရပေသည်။   

Read 36 times Last modified on Saturday, 20 June 2020 10:56