SJ WorldNews - шаблон joomla Авто

ကိုယ့်အားကိုယ်ကိုးစီးပွားတိုး ကောင်းကျိုးဖြာဝေမြန်မာပြည်

Sunday, 21 June 2020 09:23 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၂၁ ရက်)

လူသားတို့ သဘာဝ မိမိ၏လုပ်ဆောင်ချက်မှာ အများအတွက် ကောင်းကျိုးလည်းဖြစ်နိုင်သည်။ ဆိုးကျိုး လည်းဖြစ်နိုင်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိ၏လုပ်ဆောင်ချက်က မိမိ၏ တန်ဖိုးကို ဆုံးဖြတ်ပေးလေသည်။ ဘယ်သူမပြု မိမိမှုဆိုသကဲ့သို့ သူတစ်ပါးက လာရောက်ပြုပြင်စီမံခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင်သာ ပြုမူကြခြင်းဖြစ်သည်။ အကျင့်စာရိတ္တ ကောင်းခြင်း၊ အကျင့်စာရိတ္တ မကောင်းခြင်းဆိုသည်မှာလည်း သူတစ်ပါး တို့ကလာ၍ ပေးအပ်ခြင်း မဟုတ်ဘဲ မိမိ၏အပြုအမူကသာ အဓိကဖြစ်သည်။ ကိုယ့်အားကိုယ်ကိုးကာ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်မှသာ အားကိုးထိုက်သူများ ဖြစ်လာပေမည်။

ငယ်စဉ်ကလေးဘဝက ကျောင်းသားချင်း အတူတူဖြစ်ပါလျက် ကြီးလာသောအခါ အချို့မြင့်မားသည်။ အချို့နိမ့်ကျသည်။ အချို့ကချမ်းသာသည်။ အချို့ကဆင်းရဲသည်။ ကျောင်းကလည်း တစ်ကျောင်း တည်း၊ စာသင်ခန်းကလည်း တစ်ခန်းတည်း၊ ဆရာတစ်ဦးတည်းက ဘာသာရပ်တစ်ခုကို တပည့်အားလုံးအား အတူတူ သင်ကြားပေးပါလျက် သင်ယူသူတို့၏ အာရုံစိုက်မှုနှင့် လုံ့လဝီရိယ စိုက်ထုတ်မှုတို့  ကွာခြားခြင်းကြောင့် ထိုဘာသာရပ်တွင် ထူးချွန်သူနှင့် မထူးချွန်သူဟူ၍ ကွဲပြားသွားကြသည်။ လူသည်မိမိအတွက် မိမိကိုယ်တိုင် သာလျှင်အားထားရာဖြစ်ကြောင်း ကောင်းစွာ ထင်ရှားသည်။

မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် ဘုရားဖြစ်တော်မူရန်အတွက် ကိုယ့်အားကိုယ်ကိုးကာ ကျင့်ကြံ အားထုတ်ခဲ့ရသည်။ မြတ်စွာဘုရားရှင်ကလည်း ''အတ္တာဟိ အတ္တနော နာထော'' မိမိကိုယ်သာ ကိုးကွယ်ရာ ဖြစ်သည်ဟု ဟောတော်မူသည်။ အတ္တာဟိ-မိမိကိုယ်သာ၊ အတ္တနော- မိမိ၏၊ နာထော-ကိုးကွယ်ရာဖြစ်၏။ ''ကောဟိနာထော ပရောသိယာ'' သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာဖြစ်နိုင်အံ့နည်းဟူ၍လည်း မြတ်စွာဘုရား ဟောတော်မူထားရာ လူသားတစ်ဦးချင်းစီသည် မိမိကိုယ်မိမိ အားထားရာ အမှန်ဖြစ်သည်မှာ ထင်ရှားလှပေသည်။

မိမိကိုယ်ကိုချစ်မှ အားကိုးမှ မိမိတို့၏ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ပေမည်။ မိမိကိုယ်ကို မချစ်သောသူသည် အဘယ်မှာလျှင် ကောင်းသောအကျိုးတရား ရှိပါမည်နည်း။ တစ်ခါသော် ပသေနဒီကောသလမင်းသည် မလ္လိကာ မိဖုရားအား'' မလ္လိကာ၊ သင့်အား သင့်ထက်ပိုမို၍ ချစ်သောသူရှိပါသလော'' ဟုမေးသော် ''အရှင်မင်းကြီး၊ အကျွန်ုပ်အား အကျွန်ုပ်ထက်ပို၍ ချစ်သောသူမရှိပါ''ဟုလျှောက်၏။ မလ္လိကာ မိဖုရားကလည်း မင်းကြီးအား ''မင်းကြီး သင့်အားလည်း သင့်ထက်ပို၍ ချစ်သောသူရှိပါသလော'' ဟုမေး၏။

''မလ္လိကာ ငါ့အားလည်း ငါ့ထက်ပို၍ချစ်သောသူမရှိ'' ဟုဆို၏။

ပသေနဒီကောသလမင်းကြီးသည် တစ်နေ့သောအခါတွင် ဘုရားရှင်ထံသွားရောက်၍ ထိုအမေးအဖြေ စကားကို လျှောက်ထား၏။ ထိုအခါမြတ်စွာဘုရားက ''အရပ်ရပ်သို့စိတ်ဖြင့် လှည့်လည်ရှာဖွေပါသော်လည်း သင့်ထက်သင့်ကိုယ်ကို ချစ်သောသူအားမတွေ့နိုင်။ ထို့အတူပင် အခြားသူတို့သည်လည်း မိမိတို့ကိုယ်ကိုသာ မိမိတို့ချစ်ကြ၏'' ဟု မိန့်ကြားတော်မူပါသည်။

မိမိကိုယ်မိမိချစ်ပါလျှင် မည်သူမဆို မိမိဘဝ တိုးတက်ကြီးပွားရေးကိုသာ ကြိုးစား လုပ်ဆောင်ကြရ ပေမည်။ ကိုယ့်အားကိုယ်ကိုး စီးပွားတိုးဟူသော စကားအတိုင်း ယုံကြည်မှုအပြည့်ဖြင့် ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်မှသာ မိမိတိုင်းပြည်၊ မိမိလူမျိုး ကြီးပွားတိုးတက်မည်။ သူတစ်ပါးကို အားကိုးအမှီရသဖြင့်မိမိ၏ လုပ်ငန်းဆောင်တာများမှာ သူတစ်ပါး အထောက်အပံ့ဖြင့်သာလျှင် ပြီးစီးသွားဖန် များလာသောအခါ မိမိကိုယ်တိုင် ကြံစည်တွေးတော အားထုတ်လိုစိတ် ယုတ်လျော့သည်။သူတစ်ပါးကိုသာ အားကိုးလိုသော ဆန္ဒစွဲဖြစ်နေ ပေလိမ့်မည်။ ကြာလာသော် မိမိအစွမ်းအစများ ကွယ်ပျောက်ကာ မိမိအတွက် ကောင်းကျိုးများ ယုတ်လျော့သွား တတ်လေသည်။

ဥပမာအားဖြင့် မိဘတို့၏ လက်ကိုဆွဲကိုင်လျက် လမ်းလျှောက်သော ကလေးငယ်သည် မိဘတို့၏ ထောက်ပံ့ဖေးကူ တွဲခေါ်သောလက်ကိုလွှတ်၍ လမ်းလျှောက်ပါက လဲကျခြင်းမျိုး ကြုံတွေ့ရ တတ်သည်။ လေ့ကျင့်မှု အဖန်ဖန်ရှိလာသောအခါ မိဘတို့၏ အကူအညီမလိုတော့ဘဲ ကိုယ်တိုင် လမ်းလျှောက်နိုင်သော အခြေအနေသို့ ရောက်ကြသည်။ အရာရာတိုင်းသည် ကိုယ်တိုင်ပြုဖူး၊ ကြုံဖူးမှသာလျှင် တတ်မြောက်နိုင်သည်။ ကိုယ်တိုင်မတတ် မြောက်သေးသဖြင့် တတ်မြောက်သူ၏ အကူအညီမရှိလျှင် မှားယွင်းချွတ်ချော်ခြင်းရှိနိုင်သည်။ သို့သော် နောက်တစ်ကြိမ် ထပ်မမှားအောင် ကြိုးစားသော် အမှန်သို့ ရောက်မည်ဖြစ်သည်။ အမှားကြောက်၍ မလုပ်ဘဲနေသော် လဲကျမည်ကိုကြောက်သော ကလေးငယ်ပမာ အများနည်းတူ လမ်းမလျှောက်တတ်ဘဲ ရှိနေပေလိမ့်မည်။

ထို့ကြောင့် မိမိမသိ၊ မိမိမတတ်သေးသော ပညာရပ်ကို တတ်ကျွမ်းအောင် လေ့လာသင်ယူပြီး ကိုယ့်အား ကိုယ်ကိုးသောစိတ်ဓာတ်၊ မိမိကိုယ်တိုင် ဉာဏ်နှင့်ယှဉ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် မိမိဘဝတိုးတက် မြင့်မားရေးကို ဆောင်ရွက် ကြရပေမည်။ တစ်ဦးချင်း၊ တစ်ယောက်ချင်းက ကိုယ်စီကိုယ်စီ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ဖြင့် ကြိုးစားရှင်သန်ကြမှသာ မိမိတို့နိုင်ငံတော်ကြီး တိုးတက်သာယာ ဖွံ့ဖြိုးနေမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  

 

Read 38 times Last modified on Sunday, 21 June 2020 09:25