SJ WorldNews - шаблон joomla Авто

အရာရာတွင် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ပြည့်ဝသော နိုင်ငံ့သားကောင်းများ ဖြစ်ရေး

Wednesday, 24 June 2020 09:17 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၂၄ ရက်)

ယနေ့ကမ္ဘာတွင် ပညာ၏ သတ်မှတ်ချက်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲနေပြီဖြစ်ပေသည်။ နည်းပညာများ မြင့်သည်ထက် မြင့်လာနေသည်။ ဒီကနေ့ အသစ်အဆန်းကို နောက်များမကြာမီတွင် နောက်အသစ်အဆန်းက ကျော်တက်သွားသည်။ ထို့ကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် လူတိုင်းကြိုးစား လှုပ်ရှားနေကြရသည်။  ပညာ၏ အဆင့်အတန်း မြင့်မားမှုကို  ထင်ရှားစွာ တွေ့လာကြရသည်။

လူတိုင်းအတွက် ပညာသည် ဘဝ၏ အလင်းရောင်ဖြစ်ပေသည်။ ပညာဟူသော အလင်းရောင်မရှိသူတို့သည် မျက်မမြင်တစ်ယောက်နှင့် တူနေပေလိမ့်မည်။ မျက်စိမမြင်သူကား အဘယ်သို့လျှင် ခရီးသွားနိုင်မည်နည်း။

ဖြောင့်ဖြောင့်တန်းတန်း လိုရာခရီးကို သွားနိုင်မည်မဟုတ်ပေ။ ပညာမပါဘဲ ခရီးသွားသူသည်လည်း  ထိုနည်းလည်းကောင်း အတိုင်းပင်။ မိမိရည်မှန်းချက် ပန်းတိုင်ကို ချောမွေ့စွာ ရောက်နိုင်မည် မဟုတ်ပါ။ မြန်မာဆိုရိုးစကားတွင်လည်း ပညာနှင့်ပတ်သက်၍ မှတ်သားဖွယ်များမှာ ''ပညာကိုရှေး၊ ဥစ္စာကိုနောက်'' ''ပညာကိုလိုသော် ပညာရှိကိုယှဉ်'' ''ပညာဆည်းပူး၊ ပန်းသို့ခူး'' ''ပညာမရှိ၊ သူ၏ဝန်ထမ်း'' ''ပညာရဲရင့် ပွဲလယ်တင့်'' ''ပညာရှာပမာ သူဖုန်းစား'' ''ပညာရှိတွေးကြည့်လျှင် ပြေးကြည့်သည်ထက် မှန်သည်'' ''ပညာရှိမှ ခွင့်သိသည်'' ''ပညာရှိ သတိဖြစ်ခဲ'' ''ပညာလိုသော်မပျင်းနှင့်  ဥစ္စာလိုသော် မငြင်းနှင့်'' ''ပညာလို အိုသည်မရှိ'' ''ပညာသမာ၊ အာဘာနတ္ထိ'' စသည်ဖြင့် ဆိုရိုးစကား များပြားလှသည်။

ခေတ်၏ ရွေ့လျားမှုအရ ဉာဏလုပ်သား (Knowledge Worker) ကနေ ပညာ ဖန်တီးသူများ (Knowledge Creators) ဖြစ်ရန် တောင်းဆိုနေပြီဖြစ်သည်။ တိုးတက်ပြောင်းလဲနေသော နည်းပညာများ၊ ဘာသာရပ်အချင်းချင်း ဆက်နွှယ်နေမှုများ၊  လက်တွေ့နယ်ပယ်၏ လိုအပ်ချက်များနှင့်အညီ တီထွင်ဖန်တီး အသုံးချနိုင်မှသာ ပညာသည် ရှင်သန်နေမည်ဖြစ်ပေသည်။ ထို့ကြောင့်  လူတိုင်းသည် ပညာဗဟုသုတနှင့်အသုံးချမှုများကို အမြဲမပြတ် လေ့လာဆည်းပူးပြီး စွမ်းရည်ပြည့်ဝ နေစေဖို့ ကြိုးစားအားထုတ် ကြရမည်ဖြစ်ပေသည်။

ပညာကိုအခြေခံပြီး တွေးခေါ်သုံးသပ်တီထွင်ဖန်တီးနိုင်ခြင်း၊ ကျင့်ဝတ်သိက္ခာ ပြည့်စုံပြီး စိတ်နေစိတ်ထား ကောင်းမွန်ခြင်း၊ လက်တွေ့ကျွမ်းကျင် နှံ့စပ်မှုရှိခြင်းတို့ပြည့်စုံမှသာ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် တိုးတက်ပိုင်ဆိုင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိလာပေမည်။ လွတ်လပ်သောအာဆီယံ အသိုက်အဝန်း အစီအစဉ်အရ ကဏ္ဍအသီးသီးတွင် အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ပြည့်ဝရန်အတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးရင်း ဖြည့်ဆည်းနေကြရမည်ဖြစ်သည်။

အနာဂတ်နိုင်ငံတော်ကို တာဝန်ယူကြမည့် မျိုးဆက်သစ် မောင်မယ်များအနေဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသောစိတ်၊ တန်ဖိုးထားသော စိတ်များကိုလည်း ထိန်းသိမ်း ကြရန် လိုပေသည်။

အရည်အချင်း ရှိသူများပီပီ အပြောအဆို၊ အနေအထိုင်၊ အပြုအမူများတွင် ကိုယ်ကျင့်သိက္ခာမြင့်မားစွာ ထိန်းသိမ်းကြရန်လည်း  လိုအပ်သည်။  မိမိတို့နေထိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး၊  မိမိတို့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ရန်မှာလည်း မျိုးဆက်သစ်တို့၏ အလေးထားရမည့်တာဝန်ပင်ဖြစ်ပေသည်။

အတတ်ပညာသာ ထူးချွန်ပြီး အသိပညာဖြင့် ထိန်းကွပ်မှုမရှိခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် မိမိနှင့်အတူ ပတ်ဝန်းကျင်ကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် ချစ်မြတ်နိုး ဂုဏ်ယူတတ်သော စွမ်းရည်ထက်မြက်သည့် လူငယ်များဖြစ်ရန်မှာ မိမိကိုယ်မိမိ တည်ဆောက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်နှင့်နိုင်ငံသားတို့ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့အတွက် နိုင်ငံတော်၏ လိုအပ်ချက်များကို   မိမိတို့ တတ်ကျွမ်းထားသော ပညာများနှင့်  ပံ့ပိုးပေးနိုင်အောင် ကြိုးစားရပေမည်။  အရာရာတွင် ယှဉ်ပြိုင်နိုင်စွမ်းပြည့်ဝသော နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်အောင်ကြိုးစားခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် ကျေးဇူးသိတတ်ခြင်း၊ ကိုယ်ကျင့်တရား မြင့်မားကောင်းမွန် သူများဖြစ်ခြင်း စသော ဂုဏ်အရည်အသွေး ပြည့်ဝအောင် စွမ်းဆောင်ကြမှသာ  အရာရာတွင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ပြည့်ဝသော  နိုင်ငံ့သားကောင်းများ ဖြစ်လာမည်ဟု မြဝတီက ယုံကြည်ပါသည်။     

 

Read 38 times Last modified on Wednesday, 24 June 2020 09:19