SJ WorldNews - шаблон joomla Авто

ပြည်သူတွေဘေးမသန်း အေးချမ်းလို့ပျော်ပါစေ

Thursday, 25 June 2020 12:14 font size decrease font size decrease font size increase font size increase font size

လူသားတို့သည် လူ့ဘဝခရီးကို ဖြတ်သန်းသွားလာကြရာတွင် အချို့က ပန်းခင်းလမ်းကို လျှောက်လှမ်းကြရသည်။ အချို့က အလွန်ကြမ်းတမ်းသော ဂဝံလမ်းကိုဖြတ်သန်းကြရသည်။ အချို့က ချောချောမွေ့မွေ့သာသာယာယာ၊ အချို့က ကြမ်းကြမ်း တမ်းတမ်း နေထိုင်လှုပ်ရှားကြရသည်။ မိမိတို့၏ ကုသိုလ်ကံကြောင့်ဟု ဆိုနိုင်သော်လည်း အချို့မှာ ပတ်ဝန်းကျင် အနေအထားကြောင့် ဖြစ်ပေသည်။ ပတ်ဝန်းကျင် ကောင်းလျှင်ကောင်းသလောက် စိတ်ပျော်ရွှင်စွာ နေနိုင်ကြ သကဲ့သို့ ပတ်ဝန်းကျင် ဆိုးလျှင်လည်း အဆိုးနှင့် ရင်ဆိုင်ကြရသည်။

ချင်းပြည်နယ် ပလက်ဝဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ လူနေမှု အဆင့်အတန်းလည်း မြင့်မြင့်မားမားမရှိ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်ကို ပြုပြင်၍ရသည်။ လူနေမှု အဆင့်အတန်းမြင့်မားစေ ရန် အတွက်လည်း ကြိုးစားလုပ်ဆောင်လျှင် အောင်မြင်နိုင်သည်။ အဆိုးဆုံးမှာ အကြမ်းဖက်သောင်းကျန်းသူ လက်နက်ကိုင်သူပုန်များ ရှိနေခြင်းဖြစ်သည်။ မြန်မာစကားပုံတွင် ဘူးလေးရာ ဖရုံဆင့်ဟူသော စကားပုံရှိသည်။ ဘူးသီးဖြင့် လေးလံလျက်ရှိရာတွင် ဖရုံသီးထပ်ဆင့်ပြန်သကဲ့သို့ မူလကပင် ဆင်းရဲသော ဝန်ထုပ်ဝန်ပိုးရှိနေရာ အကြမ်းဖက်သောင်းကျန်းက ထပ်ဆင့်ပေါ်လာသောအခါ ဝန်ထုပ်တစ်ခု ထပ်ဆင့်တိုးခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 က ဝင်ရောက်နှောင့်ယှက်သောအခါ ထိုဒေသနေပြည်သူတို့မှာ ရေနစ်သူဝါးကူလို့ထိုးဆိုသလို ရေနစ်သူကိုဝါးလုံးဖြင့် ထိုးနှစ်ဘိသကဲ့သို့  ဘေးဒုက္ခကျရောက်သူကိုပို၍ နစ်မွန်းအောင်ပြုလိုက်ခြင်း ဖြစ်ပေသည်။

ချင်းပြည်နယ် ပလက်ဝနေ ပြည်သူများမှာ အကြမ်းဖက်သောင်းကျန်းသူဒဏ်၊ ကပ်ရောဂါဒဏ်နှင့် ရာသီ ဥတုဆိုးရွားမှု ဒဏ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ အကြမ်းဖက်သောင်းကျန်းသူများ ရှိသည့်အခါ တိုက်ပွဲ ရှောင်ပြည်သူဆိုသော စကားရပ်က ရှိလာသေးသည်။ အရှင်းလင်းဆုံး စကားသုံးနှုန်းရလျှင် ထိုပလက်ဝဒေသရှိ လူသားများ အလွန်ဒုက္ခရောက်နေသည်။ မြန်မာနိုင်ငံတွင် ကျစ်လျစ်ခိုင်မာ၍ အစဉ်အလာ ၁၂ ရပ်နှင့်ပြည့်စုံသော အဖွဲ့အစည်းမှာ တပ်မတော်သာဖြစ်သည်။ တပ်မတော်သည် ပြည်သူများဘေးအန္တရာယ် တစ်ခုခုနှင့် ကြုံရလေတိုင်း မားမားမတ်မတ်ရပ်ကာ ကူညီလေ့ရှိသည်။

ပလက်ဝမြို့ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို အခက်အခဲမျိုးစုံကြားမှ တပ်မတော်က ကူညီပို့ ဆောင်ပေးသည်။ ဆန် ၃၅၂၈ အိတ်၊ ပဲ ၈၃ အိတ်၊ ကြက်သွန်နီ ၂၁  အိတ်၊ ဆား ၁၀၂ အိတ်၊ ဆီ ၂၅ ပီပါနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ပါဝင်သည်။ ထို့ပြင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုများက ၎င်းင်းတို့ စားသုံးမည့်ရိက္ခာ ပစ္စည်းများထဲမှ ဆန်အိတ် ၁၀၀ စီကို မတ် ၁၄ ရက်နှင့် ဧပြီ ၁၅ ရက်တွင်လည်းကောင်း၊ ပလက်ဝမြို့ ပြည်သူ့ဆေးရုံအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)ကလှူဒါန်းသည့်  COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ဇွန် ၃ ရက်တွင် လည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့် ဒေသခံပြည်သူများ၏ လူမှုဘဝလုံခြုံ အဆင်ပြေစေရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိရာ နေထိုင်စားသောက်ရေး အခက်အခဲ ကြုံတွေ့လာပါကလည်း ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းကြား သိရသည်။

စာဖတ်သူပြည်သူများ အနေဖြင့် ချင်းပြည်နယ် ပလက်ဝသို့ ထောက်ပံ့ကူညီမှု ပစ္စည်းများ ရောက်ရှိသွားသော သတင်းကို ကြားရသည့်အခါ မည်သူမဆို ဝမ်းသာစိတ်ဖြင့် သာဓုခေါ်ဆိုကြမည်ဖြစ်သည်။ ထိုဒေသရှိ ပြည်သူများ အနေဖြင့်မူကား ဆိုဖွယ်ရာရှိလိမ့်မည်မဟုတ်ပေ။ ချင်းပြည်နယ် ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လှုပ်ရှားပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းနှင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ အဆိုပါ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေး တို့အတွက် တပ်မတော်အနေဖြင့်  အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နိုင်ခြင်းကြောင့်သာ ယခုအခြေအနေသို့ ရောက်ရှိခြင်း ဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အနေဖြင့်   ပလက်ဝဒေသဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ ချင်းပြည်နယ်အစိုးရ အဖွဲ့နှင့် NGO အဖွဲ့များက လှူဒါန်းသည့် စားသောက်ကုန်ပစ္စည်းများကိုလည်း နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ နှောင့်ယှက်ရယူ နေခြင်းများကြောင့် ဒေသတွင်းကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသည်။ ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေးအခက်အခဲများ ကြုံတွေ့လျက်ရှိသည်။ တပ်မတော်သည် မည်သည့်အခက်အခဲနှင့် ရင်ဆိုင်ရသည်ဖြစ်စေ သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ပြည်သူတွေဘေးမသန်း အေးချမ်းလို့ ပျော်စေချင်သည်မှာ တပ်မတော်၏ဆန္ဒ  ဖြစ်ပါကြောင်း မြဝတီက ဖော်ညွှန်း ရေးသားလိုက်ရပေသည်။  

Read 33 times Last modified on Thursday, 25 June 2020 12:15