SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး ပပျောက်ဖို့ ပြည်သူ တစ်ရပ်လုံး ပူးပေါင်း ဆောင်ရွက်စို့

Friday, 26 June 2020 08:41 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၂၆ ရက်)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အလွန်အန္တရာယ်ကြီးမားသော မူးယစ်ဆေးဝါးကို အမျိုးသားရေး အသွင် ဖြင့် အလေးအနက်ထား တိုက်ဖျက် တားဆီးလျက်ရှိသည်။  ဖမ်းဆီးရမိမှုအရေအတွက်မှာ လွန်စွာများပြား သော်လည်း လုံးဝ ပပျောက်သွားခြင်း မရှိသေးပေ။ မူးယစ်ဆေးဝါးသည် ထုတ်လုပ်သူများရှိနေ၍  ရောင်းဝယ် ဖောက်ကားခြင်း ရှိနေသည်။ ရောင်းဝယ် ဖောက်ကားခြင်း ရှိနေသည်နှင့်အမျှ သုံးစွဲသူများရှိနေသည်။

ထုတ်လုပ်သူ၊ရောင်းဝယ်သူများအနေဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်၍ ငွေကြေးရရှိမှုမှာလွန်စွာများပြား လှသည်။ ငွေကိုရေလို သုံးနိုင်သည်ဖြစ်၍ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းနှင့်ဥပဒေဖောက်ဖျက် ကျူးလွန်ခြင်းတို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုဒဏ်ကိုရိုးသားစွာလုပ်ကိုင်စားသောက်နေကြသော ပြည်သူများ ခံစားကြရသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု အများစုမှာ လေ့လာတွေ့ရှိချက်များအရ လူငယ်လူရွယ်များက အများဆုံးဖြစ် သည်။ လူငယ်များ မူးယစ်ဆေးဝါးစွဲရခြင်း အကြောင်းအရာများကိုလေ့လာကြည့်သောအခါ ပတ်ဝန်းကျင် အပေါင်း အသင်း လူငယ်လူရွယ်တို့၏ အပြုအမူကို တွေ့မြင်၍ အတုမြင်အတတ်သင် သုံးစွဲမိခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရန် အပေါင်းအသင်းများက တိုက်တွန်းဆွဲဆောင်ခြင်း၊ မိဘများ၏သွန်သင်ဆုံးမမှုလွဲမှားခြင်း၊ သူငယ်ချင်း များနှင့် ရွယ်တူ တန်းတူများ သုံးစွဲနေသည်ကိုမြင်၍ အားကျမခံအပြိုင်အဆိုင်သုံးစွဲခြင်း၊ ဆေးသုံးစွဲခြင်းကို  ခေတ်မီ သည်ဟု အယူအဆလွဲမှားခြင်း၊  အထူးအဆန်းသဘော လက်တည့်စမ်းခြင်း၊ မိမိ၏ပူပင်သောက ဗျာပါဒများ ပပျောက် စေဖို့ မှီဝဲသုံးစွဲခြင်း၊ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းမှုကြောင့် မူးယစ်ဆေးဝါးသုံးစွဲမိခြင်း၊  ဆေးဝါး၏ တဒင်္ဂ အာနိသင်ကို ကြိုက်နှစ်သက်ရာမှ ဆေးစွဲလာခြင်း၊ ဆေးဝါးအဖြစ် မှီဝဲရာမှ တန်ဆေးလွန်ဘေး ဖြစ်ကာ ဆေးစွဲ လာကြခြင်းဖြစ်သည်။

အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒတွင် သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေး အချက်များ၌ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အန္တရာယ်ကျရောက်လွယ်သော လူအုပ်စုနှင့် ပြည်သူလူ ထုအတွက် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုနည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ကုသမှုအခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် ကုသရေး ဝန်ဆောင်မှုများ၏ အရည်အသွေးပြည့်မီရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် လူထုအတွင်း ပြန်လည်ဝင်ဆံ့ရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင် ရွက်ပေးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာ ဆိုးကျိုး များနှင့် အန္တရာယ်များ လျှော့ချရေးစသည်ဖြင့် ဖော်ပြပါရှိသည်။

မူးယစ်ဆေးဝါးပြဿနာကို ကာကွယ်တားဆီးရေးမှသည် ချုပ်ငြိမ်းပျောက်ကွယ်ရေးတာဝန်မှာ  တစ်ကမ္ဘာလုံး၏ တာဝန်ဖြစ် သကဲ့သို့ သက်ဆိုင်ရာ နိုင်ငံတိုင်းရှိ   ပြည်သူတိုင်း၏ တာဝန်လည်းဖြစ်သည်။

ပြည်သူတစ်ရပ်လုံးက မိမိတို့၏ကိုယ်စီတာဝန်ဖြစ်သည်ဟု ခံယူထားသင့်သည်။ သို့မှသာနိုင်ငံတော်အတွင်းရှိ  အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ရှေ့ခရီးသည် ဖြောင့်ဖြူးသာယာနေမည်ဖြစ်သည်။ မိဘတိုင်း၏ တာဝန်၊ ဆရာတိုင်း၏ တာဝန်၊ ကျောင်းသားတိုင်း၏တာဝန်၊ နိုင်ငံ့ဝန်ထမ်းတိုင်း၏ တာဝန်ဟူ၍ခံယူထားပြီး ကိုယ်စီ ကိုယ်စီ တတ်စွမ်းသည့် ဘက်မှပါဝင်ကူညီမှသာ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပ ပျောက်မည်ဟု ယုံကြည် သည်။

နိုင်ငံတော်အစိုးရ အဆက်ဆက်က မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ဆောင်ရွက်ခဲ့သော်လည်း လုံးဝ ချုပ်ငြိမ်း သွား သည်အထိ အောင်မြင်နိုင်ခြင်းမရှိခဲ့ပေ။ စင်စစ်မူးယစ်ဆေးဟူသည် အလွန်တရာကြောက်မက် ဖွယ်ကောင်း သည့် အရာဖြစ်သည်။ ဝေးဝေးကရှောင်ရမည့်အရာဖြစ်သည်။ ဘိန်းဖြူအန္တရာယ် ကင်းဝေးစေရန် တိကျပြတ် သားသော ဥပဒေနှင့် ထိန်းချုပ်သင့်သလို လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားရေးများကို တွေးဆပြီးမငဲ့ညှာသင့်တော့ပါ။ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ရောင်းဝယ်သူများကို သက်ညှာနေမည်ဆိုလျှင် အမြစ်ပြတ်ရန် ခက်ခဲပါလိမ့်မည်။ အုပ်ချုပ်သူတို့၏ ပြင်းထန်သော အာဏာစက်ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ ဖမ်းဆီးရှာဖွ ေဖော်ထုတ်သူများ အပိုင်းကလည်း သတင်းကွင်းဆက်မပြတ်အောင်ရယူ၍လည်းကောင်း၊ ပြည်သူ များဘက်ကလည်း ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး၊ ငါ့အပေါင်းအသင်းတစ်ယောက်ယောက်များ မူးယစ်ဆေးဝါး သားကောင်ဖြစ်သွားခဲ့ရင် ဆိုသော နာကျင်ခံစားရမှုမျိုးကို ကိုယ်ချင်းစာစိတ်ဖြင့် ကြိုတွေး၍လည်းကောင်း၊ အမျိုးသားရေး စိတ်ဓာတ်ဖြင့်လည်းကောင်း ပူးပေါင်းတိုက်ဖျက်မည်ဆိုပါလျှင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နယ်နိမိတ်အတွင်း   မူးယစ်ဆေးဝါး လုံးဝ(လုံးဝ) ကင်းစင်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မူးယစ် ဆေးဝါးပပျောက်ဖို့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်စို့ ဟုတိုက်တွန်းရင်း ယနေ့တွင်ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆို ဂုဏ်ပြု ရေးသား လိုက်ရပါသည်။          

Read 30 times Last modified on Friday, 26 June 2020 08:42