SJ WorldNews - шаблон joomla Авто

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး

Saturday, 27 June 2020 09:10 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၂၇ ရက်)

လူသားတို့၏ လိုချင်တပ်မက်မှု လောဘစိတ်များ ကြီးစိုးလွှမ်းမိုးလာသောအခါ ငတ်မွတ်သည့်ကပ်ဘေး ဆိုက်ရောက်သည်။ ဒေါသတရားတို့ ကြီးမားလာသောအခါ လက်နက်ကပ် ဘေးဆိုက်ရောက်သည်။ မောဟ တရားတို့ ကြီးမားလွန်းလာသောအခါ ရောဂါဘယထူပြောသည့် ကပ်ဘေးဆိုက်ရောက်သည်။ ငတ်မွတ်သည့်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့သည် လူသားတို့တွင်  ကိုယ်ချင်းစာနာစိတ် ကင်းမဲ့လာသောအခါ ဖြစ်ပေါ်လာလေ့ရှိသည်။ ထိုမှဆက်၍ ဆွေမျိုးများ ပျက်စီးခြင်း၊ စီးပွားဥစ္စာပျက်စီးခြင်း၊ အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊  မှားသောအယူ ယူမိသဖြင့် အယူမှန်ပျက်စီးခြင်း၊ ကိုယ်ကျင့်သီလ ပျက်စီးခြင်းတို့ဖြစ်ပေါ်လာသည်။

ကပ်ကြီးသုံးပါးဟူသော ဘေးဒုက္ခများ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများတွင် ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာခြင်းသည်လည်း အကြောင်းတစ်ရပ်ဖြစ်သည်။ ယနေ့ခေတ်ကဲ့သို့ စက်မှုနည်းပညာ လွန်စွာ ထွန်းကားလာသောအချိန်အခါတွင် လူသားတို့သည်  သဘာဝပတ်ဝန်းကျင်မှ အသုံးအဆောင် ပစ္စည်းများကို လိုသည်ထက် ပိုမိုထုတ်လုပ် သုံးစွဲလာကြသည်။ အဆောက်အအုံများ ဆောက်လုပ်သည်မှအစ မြေကွက်သစ်များ ဖော်ထုတ်ခြင်းအဆုံး သစ်ပင်များခုတ်လှဲကြသည်။ ထို့ပြင် ပြည်တွင်းသောင်းကျန်းသူများ ကြီးစိုးရာနယ်မြေဒေသတွင် အဖိုးတန်သစ်ပင်များ ခုတ်လှဲခြင်း၊ ကျောက်မျက်တူးဖော်ခြင်းနှင့် အခြားသော စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာသည်။

ပျက်စီးနေသော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ရန်မှာ လူသားတိုင်းတွင် တာဝန်ရှိပေသည်။ ရာသီဥတုမျှတစေရန် လူတိုင်းသစ်ပင်များစိုက်ပျိုးခြင်း၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချခြင်း၊ လေထုသန့်စင်စေရန် နှင့် စိုက်ပြီးသစ်ပင်များ ရှင်သန်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည်ဖြင့်လုပ်ဆောင်ကြရမည်ဖြစ်သည်။

အထူးသဖြင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်သင့်သည်။ သစ်ပင်များများ စိုက်ပျိုးနိုင်မှ အပူဒဏ်သက်သာမည်။ ရာသီဥတု မှန်ကန်လာမည်။

တပ်မတော်အနေဖြင့် ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စေရန်နှင့် ရာသီဥတု အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်နှင့် နိုင်ငံတော် စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်များကို ၂ဝ၁၁ ခုနှစ်မှ စတင်၍ ရတနာတန်းဝင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်များကို နှစ်စဉ်စိုက်ပျိုးပေးလျက်ရှိသည်။

 ထို့ပြင် ရေဝေ၊ ရေလဲ ထိန်းသိမ်းကာကွယ်ရန်နှင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်၊ သစ်ပင်ပေါက်ရောက်မှုမရှိသည့် တောင်ကတုံးများတွင် သစ်ပင်များပြန်လည်ပေါက်ရောက်ပြီး စိမ်းလန်းစိုပြည်စေရန်၊ မြေဆီလွှာတိုက်စားခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် တားဆီးနိုင်ရန်နှင့် သစ်တောပြုန်းတီးမှုများအား ကာကွယ်နိုင်ရန် ရည်ရွယ်၍ လွယ်ကူလျင်မြန်ပြီး လုပ်အားစိုက်ထုတ်မှု သက်သာကာ အပင်များ အချိန်တိုအတွင်း ရှင်သန်ဖြစ်ထွန်းနိုင်စေရန်အတွက် သွားလာမှုခက်ခဲသည့် သစ်တောများအတွင်း ဝေဟင်မှတစ်ဆင့် တပ်မတော် ရဟတ်ယာဉ်များဖြင့် ဒေသနှင့်ကိုက်ညီသော သစ်ပင်မျိုးစေ့များ ကြဲချစိုက်ပျိုးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပေသည်။

တပ်မတော်ရဟတ်ယာဉ်များဖြင့်  သစ်ပင်မျိုးစေ့များ ကြဲချခြင်းများကို ၂ဝ၁၂ ခုနှစ်နှင့်  ၂ဝ၁၆ ခုနှစ် တို့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်နှင့်  မိုင်းမောမြို့နယ်တို့တွင် လည်းကောင်း၊ ၂ဝ၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ ယခုနှစ် ဇွန် ၁၉ ရက်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း  ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးကန် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တောင်ကုန်းတောင်တန်းများတွင် သစ်စေ့မြေလုံးသုံးသိန်းကို လည်းကောင်း၊ ဇွန် ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် သစ်စေ့မျိုးလုံးသုံးသိန်းကို လည်းကောင်း၊   ဇွန် ၁၉ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင်ရှားမျိုးစေ့သုံးသောင်း၊   ဘောစကိုင်းစေ့ ငါးသောင်း၊ ဆူးဖြူစေ့ နှစ်သောင်းတို့ကို လည်းကောင်း၊ ဇွန်၂ဝ ရက်တွင် ဝန်းသိုမြို့နယ်၌  မဲဇလီမျိုးစေ့သုံးသောင်း၊  ဘောစကိုင်းစေ့သုံးသောင်း၊ ဆူးဖြူစေ့လေးသောင်း တို့ကိုလည်းကောင်း၊ ဇွန် ၂၁ ရက်တွင် ချင်းပြည်နယ်အတွင်း ထင်းရှူးမျိုးစေ့ ၇ဝ၅ဝဝဝ၊ ချယ်ရီမျိုးစေ့ ၂၄၅ဝဝဝ၊ ရေသင်းဝင်စေ့ ၅ဝဝဝဝ တို့ကိုလည်းကောင်း ရွှံ့လုံးတစ်လုံးလျှင်  မျိုးစေ့ငါးစေ့ခန့် ထည့်သွင်း၍ Seeds Ball များပြုလုပ်ပြီး တပ်မတော် ရဟတ်ယာဉ်များဖြင့် မျိုးစေ့ကြဲ စိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အဆိုပါ ဆောင်ရွက်မှုများမှာ တိုင်းစစ်ဌာနချုပ်များနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်သည်။ မဲဇလီ၊ ယင်းမာ၊ ဘောစကိုင်း၊ ရေသင်းဝင်၊ ငုစပ်၊ ယမနေ၊ ချယ်ရီ၊ မန်ဂျန်ရှား၊ ပျဉ်းမ၊ ကုက္ကို၊ ယူကလစ်၊ ဆီး၊ ထင်းရှူး၊ သပြေ၊ စွယ်တော်၊ ဆူးဖြူ စသည်ဖြင့် သစ်ပင်အမျိုးပေါင်း စုံလင်လှပေသည်။ တပ်မတော်၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မကြာမီ နှစ်ကာလများတွင် စိမ်းလန်းစိုပြည်သော သဘာဝပတ်ဝန်းကျင်များ  ဖြစ်ပေါ်လာတော့မည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  

 

Read 33 times Last modified on Saturday, 27 June 2020 09:11