SJ WorldNews - шаблон joomla Авто

လိမ္မာ ပါးနပ်သူများ ဖြစ်ကြပါစေ သတည်း ……………..

Tuesday, 30 June 2020 10:13 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန် ၃ဝ ရက်)

လူတစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် လည်းကောင်း၊ တိုင်းပြည်တစ်ပြည်နှင့် တစ်ပြည် ဆက်ဆံရာ တွင်လည်းကောင်း မိမိတို့သည် လိမ္မာပါးနပ်သူများဖြစ်ရန်လိုအပ်ပေသည်။ မြန်မာစကားပုံတွင် ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ဆိုသလို မျှတစွာစဉ်းစားလုပ်ကိုင်တတ်မှသာ အရာရာတွင် အောင်မြင်ပြီးမြောက် မည်ဖြစ်ပေသည်။ မိမိ၏ လိမ္မာပါးနပ်မှုသည် သူတစ်ပါး၏အသက်ကိုပင် ကယ်တင်နိုင်သည်။ အလျှောက်ကောင်း အထောင်းလွတ် ဆိုသည်မှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ အကြောင်းကိစ္စတစ်ခုအတွက် အပြစ်မရှ ိကြောင်း ထုချေရာတွင် အတင်အလျှောက် ကောင်းလျှင် တံတောင်ဖြင့် ထောင်း၍ အပြစ်ပေးခံရမည့် ဘေးမှ လွတ်ကင်းသကဲ့သို့ အပြောအဆိုကျွမ်းကျင်လိမ္မာ၍ အကြောင်းပြ ကောင်းလျှင် အပြစ်မှလွတ်ကင်းသည်။

သက္ကရာဇ် ၇ဝ၄ ခုမှ ၇၁၂ ခုအထိ ပင်းယတွင်မင်းပြုသော ငါးစီးရှင်ကျော်စွာလက်ထက်ကအဖြစ်အပျက် တစ်ခုသည် နှောင်းလူတို့အတွက် သင်ခန်းစာယူစရာဖြစ်သည်။ တစ်နေ့၌ ထိုမင်းကြီးစားတော်ခေါ်အံ့နီးတွင် ရဟန်းယောင် တစ်ဦးလာ၍ ဆွမ်းရပ်၏။ မွန်းတည့်နီးမှရပ်လာ၍ ရဟန္တာထင်သည်နှင့် အလွန်ကြည်ညိုမှုစိတ် မှာဖြစ်လျက် စားတော်အားလုံးကို မစားဘဲလှူလိုက်သည်။ မင်းချင်းတစ်ယောက်ကိုလည်း လိုက်၍ကြည့်စေ သည်။ မင်းချင်းတွေ့လိုက်သည်က ရဟန်းအစစ် မဟုတ်၊ မယားက သပိတ်ကို လှမ်းယူသည်ကိုတွေ့လိုက်ရလေ သည်။

ထိုအခါ မင်းချင်းကြံသည်ကား အမှန်အတိုင်းလျှောက်သော် သဒ္ဓါကြည်ညိုပြီးသောစေတနာလည်း ပျက်လိမ့်မည်။ ငါလည်း မျက်နှာရမည်မဟုတ်။ ရှင်ယောင်လည်း ဒုက္ခရောက်လိမ့်မည်။ သို့ကြောင့် မင်းကြီး သဒ္ဓါလည်းတိုးပွား ပါစေ၊ ငါ့မှာလည်း မျက်နှာရစေ၊ ရှင်ယောင်လည်း လွတ်စေ၊ မုသားလည်းလွတ်စေဟု ကြံပြီးလျှင် မင်းကြီး ထံရောက်သော် ''ကျွန်တော်မျိုးလိုက်၍ကြည့်ရာ ကြည့်စဉ်မှာပင် ထိုအရှင်သည် ရုပ်သွင် ကွယ်ပျောက်သွား ပါသည်'' ဟူ၍ လျှောက်လိုက်လေသည်။ ငါးစီးရှင်လည်း ငါတွေးထင်သည့်အတိုင်း  ရဟန္တာ အမှန်ပင်ဖြစ်လေ သည် တကားဟု အလွန်ဝမ်းမြောက်၍ လက်ရုံးကို တန်းသောဟူ၏။ ထိုနေ့၌ပင် အလွန်ကောင်းသောမြင်းကြီး တစ်စီးကို ရတော်မူသည်ကို ဤကုသိုလ်၏အကျိုးပင်ဟု အသိအမှတ်ပြုတော်မူသည်။

ဤအကြောင်းအရာမှာ  စာပေလိုက်စားသူတိုင်းသိရှိနေသော  ပင်းယခေတ်ကဖြစ်ရပ်မှန်ဖြစ်သည်။

အမျိုးသားပညာဝန်ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာတွင်ပါရှိသည်။ အမျိုးသားပညာဝန်ဦးဖိုးကျား သည် ကိုယ်တွေ့ဝတ္ထုများ ရေးသားရာတွင် ထင်ရှားသည်။ ထိုခေတ်က မြန်မာနိုင်ငံသည် ကိုလိုနီခေတ်ဖြစ်ပြီး မျက်နှာဖြူအင်္ဂလိပ်များအုပ်စိုးနေသောကာလဖြစ်သည်။ မြန်မာလူငယ်အပေါင်းကို ဗလငါးတန်နှင့်ပြည့်စုံပြီး တိုင်းချစ်ပြည်ချစ်စိတ်၊ အမျိုးဘာ သာသာသနာကိုမြတ်နိုးတန်ဖိုးထားသောစိတ် ရှိစေချင်ကြောင်း သူ၏စာများ တွင် ဖော်ပြပါရှိသည်။

အထူးသဖြင့် လူငယ်များစိတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာတွင် ထူးချွန် စေချင် သည်။ ပညာဆိုသည်မှာ လိုအပ်သည့်အတိုင်းယူရသော် လက်ရုံးရည်၊ ပညာရည်၊ နှလုံးရည် ဤသုံးပါး ပြည့်စုံခြင်းကို ဆိုရပေသည်။ လက်ရုံးရည်မှာ ကိုယ်လက်ကျန်းမာ တောင့်တင်းသန်မာ သန်စွမ်းခြင်းကိုဆိုသည်။

ဤတွင် အနာရောဂါကင်းရှင်းပြည့်ဖြိုးကျန်းမာခြင်းလည်းပါသည်။ အပြေးအလွှား၊ ကစားခုန်စား၊ ရန်သူကို ကာကွယ် နိုင်ခြင်း စသည်တို့၌ ကိုယ်လက်ထွားကျိုင်းမာ ကျောကျစ်လျစ် ပေါ့ပါးလျင်မြန်သန်စွမ်းကျင်လည် ခြင်း တို့လည်း ပါဝင်သည်။

ပညာရည်မှာ ဂဏန်းအတတ်၊ မြေပုံအတတ်၊ ရာဇဝင်အတတ်၊ ပျို့၊ ကဗျာ၊ လင်္ကာအတတ်၊ ဆေးကျမ်း ဓာတ်ကျမ်း၊ နီတိကျမ်း၊ ပိဋကတ်ကျမ်း စသောလောကီ လောကုတ္တရာ စာပေပညာ အတတ်တို့ကိုတတ်ခြင်း၊ အထူးသဖြင့် နှုတ်မှု၊ လက်မှု၊ စက်မှု စသောအသက်မွေးဝမ်းကျောင်း လုံလောက်သောပညာတတ်ခြင်းတို့ကို ဆိုသည်။ နှလုံးရည်မှာ အကျင့်စာရိတ္တစိတ်နေစိတ်ထားကောင်းမွန်မြင့်မြတ်ခြင်းကိုဆိုသည်။ မတရားမှု မကောင်းမှု မှန် သမျှကို မလိုလားရွံရှာခြင်း၊ ကောင်းမှုမှန်သမျှကို လိုလားနှစ်သက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ဝတ္တရားကျေပွန်ခြင်း၊ မိမိနှင့်တကွ သူတစ်ပါးအကျိုးကျေးဇူူးယုတ်ကိုမပြုလိုမူ၍ အကျိုးကျေးဇူးကိုသာပြုလို ခြင်း၊ နှလုံးသား ယဉ်ကျေး၍ သနားကရုဏာမေတ္တာစိတ်များနှင့်ပြည့်စုံခြင်း၊ ရဲရင့်စိတ်၊ စွန့်စားစိတ်၊ ဇွဲကောင်း သောစိတ်များနှင့် ပြည့်စုံခြင်း တို့ကိုဆိုသည်။ လက်ရုံးရည်၊ ပညာရည်နှင့် နှလုံးရည်တို့ကို ခွဲခြားဖော်ပြခြင်းဖြစ် သည်။

သို့ဖြစ်ပါ၍ ယနေ့လူငယ် မောင်မယ်များ အနေဖြင့် အရာရာတွင် မိမိ၊ သူတစ်ပါးနှင့် အများကောင်းကျိုးကို ဆတက် ထမ်းပိုး သယ်ပိုးနိုင်ကာ လိမ္မာ ပါးနပ်သူများ ဖြစ်ကြပါ စေသတည်း။  

Read 29 times Last modified on Tuesday, 30 June 2020 10:15