SJ WorldNews - шаблон joomla Авто

ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့

Saturday, 21 October 2017 08:25 font size decrease font size decrease font size increase font size increase font size

သတ္တဝါဟူသမျှ ဝမ်းစာရေးကို နေ့စဉ် ရှာဖွေ စားသောက်ကြရသည့် သဘာဝအတိုင်း ဝမ်းဘဲနှင့် ဟင်္သာ စသည့် ရေပျော်ငှက် တို့သည် ချောင်းကို ငယ်သည် ကျဉ်းသည် ငါးအရနည်းသည်၊ မြစ်ပြင်၌ ငါးရှာရသော် ပို၍ရမည် အထင်ရောက်ကာ ချောင်းကို စွန့်ခွာ မြစ်တွင်း၌ ငါးရှာကြရာ ရေသာများ၍ ငါးမတွေ့ ဖြစ်ကြရသည်။

ထို့အတူ လူတို့မှာလည်း မိမိလက်ရှိ လုပ်ကိုင်နေကြရသော အလုပ်မှ ရသည့် ဝင်ငွေနှင့် မရောင့်ရဲနိုင်ဘဲ ဝင်ငွေပို၍ရမည် ထင်သော အလုပ်ကို လုပ်ကိုင်ကြရာ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ကြရသည်။

ဥပဒေနှင့် ငြိသော အလုပ်ကို လုပ်ကိုင်မိသူအတွက် ဒုက္ခရောက် ရသည်ကို ရည်ညွှန်း၍ ဝမ်းဘဲဟင်္သာ၊ ချောင်းကိုပစ်၍၊ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့ဟူသော မြန်မာစကား ပုံဖြင့် ပြောကြသည်။

ဥပဒေနှင့် လွတ်ကင်းသော ကုန်ရောင်း ကုန်ဝယ် လုပ်ငန်းနှင့် အသက်မွေးဝမ်း ကျောင်းပြု ကြသူတွေ ရှိကြလေရာ သင့်တင့် မျှတသည့် အမြတ်ဖြင့် လောဘ သတ်နိုင်သူများက အများစု ရှိကြသည်။ သမ္မာအာဇီဝ မဟုတ်သည့်အပြင် ဥပဒေနှင့် ငြိစွန်းသော အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်ကြ သူများတွင် မူးယစ်ဆေးဝါး သယ်ယူ ရောင်းချ ဖြန့်ဖြူးသူများလည်း တွေ့ရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ် ခမာရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်ရှိ မှော်ကုန်းနေရာ၌ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားနေကြောင်း သတင်းအရ အောက်တိုဘာ ၁၆ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အဆိုပါ နေရာသို့ သွားရောက် ရှင်းလင်းရာ ဘိန်းဖြူ အဝါရောင်အမှုန့် ၁၂၃ ဒသမ ၅ ဂရမ်ခန့်နှင့် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၂၈၁၂ ပြား စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း ၁၄ဝ ကျော်နှင့် မြန်မာငွေကျပ် တစ်သိန်းတို့ကို အမျိုးသား ခြောက်ဦး၊ အမျိုးသမီး တစ်ဦးတို့ထံမှ သိမ်းဆည်း ရမိသည်။ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီး ရမိသူများအား တရား ဥပဒေအရ အရေးယူနိုင်ရေး ခန္တီးမြို့မ ရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၅) ရပ်ကွက်အတွင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေး ဆောင်ရွက်နေကြစဉ် ၄င်းရပ်ကွက်ရှိ လမ်းမပေါ်၌ ယာဉ်အမှတ်၊ SHN 4 M/---- အား ရပ်တန့် စစ်ဆေးစဉ် ယာဉ်ရှေ့ခန်း၌ အဖြူရောင် ဆာလာအိတ် အတွင်းမှ မှိုင်းခံစက္ကူဖြင့် ထုပ်ပိုးထားသည့် တစ်ထုပ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၉၇၅ဝ ပြား စီပါသည့်အထုပ် ၅ဝ စုစုပေါင်း စိတ်ကြွဆေးပြား ၄၈၇၅ဝဝ (ကာလတန်ဖိုး ငွေကျပ်သိန်း ၉၇ဝဝ ကျော်)အား ဖမ်းဆီး ရမိခဲ့သည်။

အလားတူ အောက်တိုဘာ ၁၈ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောမြို့ဝင် တံတား လုံခြုံရေးဂိတ်၌ မော်တော်ယာဉ်များအား စစ်ဆေးစဉ် Nissan အမျိုးအစား ယာဉ်အမှတ်၊ YGN 5L/--- အား စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားခဲ့ပြီး ယာဉ်နောက်ခန်းအတွင်း အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ဆာလာအိတ်လေးအိတ် အတွင်းမှ မှိုင်းခံစက္ကူဖြင့် ထုပ်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၉၇၅ဝ ပြားစီပါသည့် အထုပ် ၉၈ ထုပ် စုစုပေါင်း ဆေးပြား ၉၅၅၅ဝဝ ပြား (ကာလတန်ဖိုးငွေကျပ် သိန်း ၁၉၁၁ဝ ကျော်)တို့ကို ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူနှစ်ဦး နှင့်အတူ ဖမ်းဆီး ရမိသည်။ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီး ရမိသူများအား မောင်တောမြို့မ ရဲစခန်းက တရားဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

မူးယစ်ဆေးဝါး များကို မော်တော်ယာဉ်များနှင့် သယ်ဆောင် ရောင်းဝယ် ဖြန့်ဖြူးနေကြ သကဲ့သို့ တရားမဝင်သစ် များကိုလည်း မော်တော်ယာဉ်များနှင့် သယ်ယူရောင်းဝယ် ကြကြောင်း တွေ့ရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ ရေပူ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီခွဲ ခန့်တွင် မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် လားရှိုးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် ၂၂ ဘီးတွဲယာဉ်အမှတ်၊YGB 7N/--- အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ ပြောင်းဖူးစေ့အိတ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသော တရားမဝင် ပိတောက်သစ် ဓားရွေတုံး ၉၆ တုံး(၅ ဒသမ ၈ တန်ခန့်)နှင့် ပိတောက်သစ်လုံး ငါးလုံး(သုည ဒသမ ၄ တန် ခန့်)တို့အား သိမ်းဆည်း ရမိသည်။ အဆိုပါ တရားမဝင် သစ်များနှင့် ဖမ်းဆီး ရမိသူတို့အား လားရှိုးမြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

ဈေးကွက်စီးပွားရေး စနစ်တွင် လူတိုင်း ပါဝင်နိုင်ကြစေရန် တစ်ဦးချင်း ကုန်သွယ်ခွင့်ကို ဥပဒေစည်းမျဉ်း နှင့်အညီ ခွင့်ပြုပေးထားပြီး ဖြစ်သဖြင့် ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့ အဖြစ်မျိုး မကြုံကြစေခြင်းငှာ တရားဝင် ကုန်သွယ်မှုနှင့်သာ အသက်မွေး ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

Read 708 times Last modified on Saturday, 21 October 2017 08:26