SJ WorldNews - шаблон joomla Авто

မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါ

Monday, 23 October 2017 08:31 font size decrease font size decrease font size increase font size increase font size

အခါလွန်မိုး အချိုးမကျသည့်ပမာ အောက်တိုဘာလလယ်ပိုင်း၌ ရွာသွန်းလိုက်သည်မှာ အညာတစ်ခွင် ရေပြင်ဖွေးဖွေး လှိုင်းဖွေးဖွေး ထနေတော့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တံတားဦးမြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ အတွင်းရှိ မြစ်ချောင်းနှင့် တောင်ကျရေများ ဝင်ရောက်မှုကြောင့် အိမ်ခြေ စုစုပေါင်း ၁၃၉၈ လုံး၊ အိမ်ထောင်စု ၁၄၁၂ စုမှ လူဦးရေ ၅၂ဝ၄ ဦး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။ ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်းရှိ တောင်သူများသည် မိုးဦးကာလ ရရှိသောမိုးရေဖြင့် ပင်ထောင်မြေပဲ စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းသော်လည်း ယခုမြေပဲများ နုတ်သိမ်းရတော့မည့်အချိန်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အခက်အခဲ ဖြစ်နေကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌ လွန်ခဲ့သောနှစ်ပေါင်း ၉ဝဝ က အနော်ရထာမင်းကြီး တည်ထားခဲ့သည့် ရွှေဆံတော်စေတီသည် မိုးရွာသွန်းသောဒဏ်ကြောင့် အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စေတီတော်အောက်ဆုံး အဆင့်နံရံမှ  အလျားပေ ၂ဝ၊   အနံ ၇ ပေ၊  ထု ၁ လက်မခန့်  ပဲ့ကျသွားသည်။ ရွှေဆံတော်စေတီသည် ရာသီဥတုဒဏ်နှင့် နေဝင်၊ နေထွက်ရှုခင်းကြည့်ရှုကြသည့် ပြည်တွင်းပြည်ပမှ ဧည့်သည်များ တက်ရောက်ခြင်းတို့ကြောင့် အုတ်လွှာများပဲ့ကျခြင်းဖြစ်သဖြင့် ဧည့်သည်များ တက်ရောက်ကြည့်ရှုခွင့်ကို ယာယီပိတ်ထားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။ ကျောက်ပန်းတောင်းမြို့နယ် အတွင်းတွင်လည်း သုံးရက်ခန့် မိုးဆက်ရွာသဖြင့် ပုပ္ပားတောင်ကလပ်သို့ တက်သည့်ကားလမ်းမှ အောင်သိဒ္ဓိကုန်း၌ မြေကျွံသည့်နေရာ နှစ်နေရာဖြစ်သွားကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်း အောက်တိုဘာ ၁၈ ရက် ညပိုင်းက မိုးအဆက်မပြတ် ရွာသွန်းသဖြင့် နောက်နေ့၁၉ ရက် နံနက်ပိုင်းတွင် မိတ္ထီလာကန်ရေပြည့်အမှတ် ၇၆၆ ဒသမ ၁ ပေ အထက်သို့ တစ်ပေ ခန့်ကျော်လွန်နေခြင်းကြောင့် ဝန်ဇင်းရပ်ကွက်ရှိ နတ်ကန်စင်မြောင်းရေလွှတ်တံခါး၊ ကန်တော်မင်ရှိ ရေကျော်ခုနစ်ပေါက် ရေလွှတ်တံခါးများမှ ရေပိုများကို လွှတ်ပေးလျက်ရှိသည်။ ရေပိုများလွှတ်ပေးနေခြင်းကြောင့် မိတ္ထီလာကန် အနီးဝန်းကျင်ရှိ ကျေးရွာအချို့အတွင်းသို့ ရေဝင်ရောက်လျက်ရှိရာ ၎င်းကျေးရွာများမှ ပြည်သူတို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ မိတ္ထီလာကန်ရေသည် မြို့ပေါ်ရှိကြက်ခြေနီရုံးဝင်း အတွင်းသို့ ဝင်ရောက်လျက်ရှိသည့်အပြင် ပေါက်ချောင်းဈေးတောင်ဘက်လမ်းနှင့် မြောက်ဘက်လမ်းသို့ လည်းကောင်း၊ မြန်မာ့ဆက်သွယ်ရေး ဧည့်ရိပ်သာအနီး တောင်ကန်ပတ်လမ်း၌ လည်းကောင်း အသီးသီး ရေဝင်ရောက်နေကြောင်း သိရသည်။

မိတ္ထီလာကန်ကို ရေကူဖြည့်ပေးနေသော ရေလှောင်တမံများမှာ အနောက်ဘက်တွင် ရှမ်းမငယ်ရေလှောင်တမံနှင့် မုန်တိုင်ရေလှောင်တမံ၊ တောင်ဘက်တွင် ချောင်းကောက်၊ လွန်ငင်၊ လက်ခုပ်ပင်နှင့် ညောင်ကုန်း ရေလှောင်တမံတို့ဖြစ်သည်။ အဆိုပါရေလှောင်တမံ များသည် မိတ္ထီလာမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ပိုလျှံသောရေများကို မိတ္ထီလာကန် အတွင်းသို့ဖြည့်တင်းပေးကြသည်။

မိတ္ထီလာကန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရန် ၂ဝ၁၆ ခုနှစ် မေ ၅ ရက်က မိတ္ထီလာခရိုင် သစ်တောဦးစီးဌာနရုံး၌ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ညှိနှိုင်းဆွေးနွေးပွဲ၌ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ နယ်သာလန်နိုင်ငံ အစိုးရအဖွဲ့ ကိုယ်စားလှယ်နှင့် နယ်သာလန်နိုင်ငံ အစိုးရအဖွဲ့တာဝန်ခံတို့ တက်ရောက်ကြသည်။ မိတ္ထီလာကန်ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ ရေကန်အတွင်းနုန်း အနည်များစုပုံနေသဖြင့် တိမ်ကောနေသည်ကို ဖယ်ရှားရန်၊ ရေအရည်အသွေး ကျဆင်းနေခြင်းကြောင့် ရေဝေရေလဲဒေသ တစ်ခုလုံး ထိန်းသိမ်းပြုပြင်ရန်တို့ဖြစ်သည်။ ဆိုခဲ့သောလုပ်ငန်းများ လုပ်ကိုင်ရန် ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနများ ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲမှ သိရသော အခြားအကြောင်းအချက်များမှာ မိတ္ထီလာကန် ပတ်ဝန်းကျင်ရေဝေရေလဲ ဒေသတွင် သစ်တောများပြုန်းတီးပြီး မြေဆီလွှာများ တိုက်စားနေခြင်း၊ မြေကြီးများ အက်ကွဲကြောင်း ထနေခြင်း၊ ကန်ပတ်ဝန်းကျင်ကျေးရွာများနှင့်  ရေပေးမြောင်းတစ်လျှောက်တွင် အမှိုက်များစုပုံနေရာမှ ရေစီးနှင့်အတူ ကန်အတွင်းသို့ မျောပါသွားခြင်းတို့ကို တွေ့ရှိရကြောင်း နယ်သာလန်နိုင်ငံ အစိုးရအဖွဲ့ ကိုယ်စားလှယ်ကပြော

ကြားပြီး  စိုက်ပျိုးရေများများ သုံးစွဲရသည့်စပါးအစား  ရေအနည်းငယ်အသုံးပြု စိုက်ပျိုးရသည့်သီးနှံများဖြင့် အစားထိုးစိုက်ပျိုးရန် အကြံပြုထားရာ မိတ္ထီလာကန်ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ကြရန် လိုကြောင်း တွေ့ရသည်။

သို့ဖြစ်၍ မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါဟူသော သားချော့တေးကို ကြားဖူးကြသည့် အားလျော်စွာ မိတ္ထီလာကန်တော်အောက်ကဖား၊ ငါး၊ စပါးနှင့်  အခြားသီးနှံများ စိုက်ပျိုးဖြစ်ထွန်းရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ 

Read 717 times Last modified on Monday, 23 October 2017 08:32