SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဘဏ်များနှင့် စီးပွားရေး လုပ်ငန်းများ လုံခြုံရေး လိုအပ်ချက်

Friday, 27 October 2017 11:54 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးလျက်ရှိရာ ၂ဝ၁၁ ခုနှစ် နိုင်ငံတော်ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအနက် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ငွေကြေးမူဝါဒများ ပြောင်းလဲရန် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ငွေကြေး မူဝါဒများ၏ ရည်မှန်းချက် (Monetary Policy's Objectives) များမှာ ငွေလဲနှုန်းတည်ငြိမ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပြည့်ပြည့်ဝဝ ဖန်တီးနိုင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးတို့ဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ငွေလဲနှုန်း တည်ငြိမ်ရန် နှုန်းရှင်ငွေလဲနှုန်း စနစ် ကျင့်သုံးခြင်းနှင့် ပုဂ္ဂလိက ဘဏ်များအား အာမခံချေးငွေ စာချုပ်များ ရောင်းဝယ် ခွင့်ပြုခြင်းတို့ကို နိုင်ငံတော် ဗဟိုဘဏ်က ဆောင်ရွက်ပေးထားသဖြင့် နိုင်ငံတော်တွင် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်။ ဘဏ်လုပ်ငန်းများ ကလည်း ပြည်သူများအတွက် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လျင်မြန်မှုနှင့် လွယ်ကူချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် ငွေသားထုတ်စက် (Automatic Teller Machine = ATM) များကို မြို့နယ် အဆင့်၌ တပ်ဆင် ပေးထားကြသည်။ ယခုအချိန်တွင် ပိုမိုခေတ်မီသော နည်းပညာဖြင့် တည်ဆောက်ထားသည့် ငွေသား ထုတ်စက်များဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် မြန်မာ့စီးပွားရေး ဘဏ်အပါအဝင် ပုဂ္ဂလိက ဘဏ်များက စီစဉ်နေကြောင်း သိရသည်။ ဘဏ်များက ပြည်သူတို့အတွက် ငွေသားထုတ်စက်(ATM) များ တပ်ဆင်ပေးထားသည် မှန်သော်လည်း လုံခြုံမှုရှိစေရန် ပြည်သူများကလည်း ဝိုင်းဝန်းစောင့်ရှောက်ကြရန် လိုအပ်သည်။ ၂ဝ၁၄ ခုနှစ်အတွင်းက ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် ပြည်လမ်း၌ စိန်ဂေဟာကုန်တိုက်ရှိ CB ဘဏ်၏ ATM စက်မှ မြန်မာငွေကျပ် ငါးသိန်းကို ဗြိတိန်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယ နိုင်ငံသား တစ်ဦးအပါအဝင် နိုင်ငံခြားသား ငါးဦးတို့က ခိုးထုတ်ခဲ့ကြောင်း CCTV မှတ်တမ်းအရ သိရှိရသဖြင့် အရေးယူ ခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗိုလ်တထောင် မြို့နယ်တို့တွင် အလားတူ ဖြစ်စဉ်များ ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။ ကမာရွတ်မြို့နယ်နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့တွင် ကျူးလွန်ခဲ့သူဟု ယူဆရသော ဘူလ်ဂေးရီးယား နိုင်ငံသား တစ်ဦးကိုလည်း စစ်ဆေးလျက် ရှိကြောင်း ၂ဝ၁၆ ခုနှစ် မေလထုတ် ပုဂ္ဂလိက နေ့စဉ် သတင်းစာ တစ်စောင်၌ ဖော်ပြထားသည်။ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်၌ စည်ပင်သာယာရေး အဖွဲ့က တည်ဆောက်ထားသော ဧည့်ရိပ်သာရှိ CB ဘဏ်၏ ATM ငွေသားထုတ်စက်မှ ငွေကျပ် ၇၅ သိန်းကို ဥတ္တရသီရိ မြို့နယ်မှ CB ဘဏ်ခွဲကြီးကြပ်ရေးမှူးက ခိုးထုတ်သွားကြောင်း CCTV မှတ်တမ်းအရ တွေ့ရသဖြင့် တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၂ ရက်တွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) ရဲစခန်းသို့ တိုင်ကြားအမှု ဖွင့်ထားပြီး ငွေခိုးထုတ် ယူသွားသူမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။ ဘဏ်လုပ်ငန်းများ အနေဖြင့် ငွေသားထုတ်စက်များ လုံခြုံရေးအပြင် လုပ်ငန်းခွင် လုံခြုံရေးကိုပါ   အထူး အလေးထား ဆောင်ရွက်ကြရန်လိုသည်။ အောက်တိုဘာ ၂၄ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီး  မြိတ်မြို့ရှိ  ကမ္ဘောဇဘဏ်ခွဲ အတွင်းသို့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားသော အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး သေနတ်ပြ ခြိမ်းခြောက်၍ ဘဏ်ကောင်တာပေါ် တင်ထားသည့် ငွေကျပ်သိန်း ၂၇ဝ ခန့်ကို ယူဆောင်ကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး အတွက် CCTV မှတ်တမ်း များအား ကြည့်ရှုပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အခြားဖြစ်စဉ် တစ်ခုမှာ ကုမ္ပဏီတစ်ခုမှ အမျိုးသမီး ဝန်ထမ်းနှစ်ဦးသည် ကုန်သည်များက စားအုန်းဆီဖိုးငွေ အဖြစ် ပေးသွင်းထားသော ငွေများကို ဘဏ်လေးခုမှ ထုတ်ယူ၍ ကုမ္ပဏီပိုင် ယာဉ်ဖြင့် ပြန်လာပြီး မရမ်းကုန်းမြို့နယ် ယုဇနလမ်းရှိ ကမ္ဘောဇဘဏ်(၁)သို့ ငွေထုတ်ရန် ရောက်ရှိချိန်၌ မိမိတို့ကားရပ်ရန် နေရာမရှိသဖြင့် ဘဏ်လေးခုမှ ထုတ်ယူလာသော ငွေကျပ်သိန်းပေါင်း ၁၄ဝဝ ကျော်ကို ယာဉ်ပေါ်တွင် ထားခဲ့ပြီး ကမ္ဘောဇဘဏ်အတွင်း ဝင်ရောက်ငွေထုတ် ကြသည်။ ငွေထုတ်ပြီး ပြန်လာသောအခါ မိမိတို့ယာဉ်ကို မတွေ့ရှိရသဖြင့် ယာဉ်မောင်းအား ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူရာ ဖုန်းပိတ်ထားကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးနှစ်ဦး၏ ပြောပြချက်အရ ကုမ္ပဏီပိုင် ငွေများနှင့်အတူ မော်တော်ယာဉ်ကိုပါ မောင်းနှင် ထွက်ပြေးသွားသော ယာဉ်မောင်းအား အရေးယူပေးပါရန် တိုင်တန်းချက်အရ ဘုရင့်နောင်နယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အထက်ပါ ဖြစ်စဉ်များအရ လူတို့၏ မတော်လောဘများကြောင့် ဘဏ်လုပ်ငန်းများ အနေဖြင့် ဝန်ထမ်းများ လုံခြုံရေး၊ ငွေနှင့်ပစ္စည်း လုံခြုံရေး၊ နည်းပညာ လုံခြုံရေးတို့ကို အလေးထားရန် လိုအပ်သကဲ့သို့ စီးပွားရေး လုပ်ငန်းအားလုံး အနေဖြင့် အလားတူ လိုအပ်ကြောင်း မြဝတီက စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပါကြောင်း။

Read 595 times Last modified on Thursday, 18 January 2018 09:39