SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နုပျိုသည်မှ အိုမင်းရင့်ရော်သည် အထိ

Saturday, 28 October 2017 08:22 font size decrease font size decrease font size increase font size increase font size

မြန်မာမှုနယ်ပယ်၌ ဆင်နှင့်မြင်း သတ္တဝါသည် လူတို့အတွက် အကျိုးပြုကြသဖြင့် ဆင်ရတနာ၊ မြင်းရတနာဟူ၍ တန်ဖိုးထားကြသည်။ လောကကျင့်ဝတ် ကြီးသူကို ရိုသေ၊ တန်းတူကို လေးစား၊ ငယ်သူကို ချစ်ခင်သနား ဆိုထားသည့်အလျောက် သူ့အရွယ်အစားနှင့် ကိုက်ညီသော စွမ်းအားကို  အသုံးချတတ်ရန် လိုကြောင်းကို ဆင်လည်း ဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာနှင့် ဟူသောစကားပုံဖြင့် ခိုင်းနှိုင်း ပြောဆိုကြသည်။

အင်အားကြီးသူက အင်အားငယ်သူအပေါ် သက်ညှာရန် ဆင်ကျီစားရာ ဆိတ်မခံသာဆိုသည့် အလား အားကြီးသူက ထိခိုက်စေလိုသည့် သဘောမပါဘဲ ခပ်ပေါ့ပေါ့ ပြုလိုက်သောအမှုသည် အားနည်းသူအဖို့ မခံသာအောင် ဖြစ်ရသည်ကို သတိပေး ဥပမာပြုထားသည်။ ပြဿနာ တစ်ရပ်ကို စဉ်းစားဆုံးဖြတ်ရန် ဝေ့လည်ကြောင်ပတ် မလုပ်ရန် သတိပေးရာ၌ ဆင်ကောင်ကြီး တွေ့ပြီးမှ ဆင်ခြေရာရှာရန် မလိုသကဲ့သို့ လက်ဆုပ်လက်ကိုင် တွေ့ထားပြီးဖြစ်၍  ဟုတ်မဟုတ်ကို သဲလွန်စရှာရန် မလိုတော့ကြောင်းကို လည်းကောင်း၊  အကောင်အထည် ကြီးမားသည့် ဆင်သေကို သေးငယ်သော ဆိတ်သားရေနှင့် ဖုံးသကဲ့သို့ ကြီးမားသော ပြဿနာကို မခိုင်လုံသော အကြောင်းပြချက်ဖြင့် ဖုံးကွယ်ရန် အားထုတ်သည်ကို ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသည်ဟူ၍ လည်းကောင်း ပုံခိုင်းပြောဆိုကြသည်။ အရှိန်အဝါ ရှိသူကို မှီခို၍ အခွင့်အရေး ယူတတ်သည့် လူတို့သဘာဝကို ဆင်ဖြူတော်မှီ ကြံစုပ်သည်၊ အလုပ်ကိစ္စ တစ်ခုကို မိမိတတ်နိုင်သည့် အင်အားနှင့် နှိုင်းချိန်၍ ဖြစ်နိုင်သည်က စလုပ်ကြရန်လိုကြောင်းကို ဆင်ခေါင်းခွေးမချီနိုင်၊ လူ့အဖွဲ့အစည်းအတွင်း ကျင့်ဝတ်စည်းကမ်း များကို ခိုင်ခိုင်မြဲမြဲ လိုက်နာ စောင့်ထိန်းရမည်ကို ဆင်စွယ်မှန် ပိုးမစားစသည်ဖြင့် အကောင်းဘက်သို့ ဦးတည်သော နည်းပေးလမ်းပြ ဥပမာ စကားပုံများစွာ ရှိခြင်းသည် ဆင်ကလူကို အကျိုးပြုမှုများပင်ဖြစ်သည်။ ရှေးခေတ်က ကုန်ထုတ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး အတွက် ဆင်၊ မြင်း၊ ကျွဲ၊ နွားတို့ကို အားထားကြရ သကဲ့သို့ စစ်မှုရေးရာတွင်လည်း ဆင်တပ်၊ မြင်းတပ်တို့ကို အားထားကြရ ခြင်းကြောင့် နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးနှင့် စီးပွားရေး အင်အားတို့အတွက် ဆင်သည် များစွာအသုံးဝင်သည်။

စက်မှုနည်းပညာ ထွန်းကားသော ယနေ့ခေတ်တွင် ဆင်တို့၏ အခန်းကဏ္ဍ လျော့နည်း သွားသည့် တိုင်အောင် ပျောက်ကွယ်သွားသည့် အခြေအနေ မရှိသေးကြောင်း တွေ့နိုင်သည်။ ဦးပုည ရေးသားခဲ့သော ဆဒ္ဒန်ဆင်မင်း ဝတ္ထုဇာတ်လိုက် မိဖုရားကြီး စူဠသုဘဒ္ဒါသည် ဆင်မင်း၏ အစွယ်ကို နားတောင်းပန်လိုသော စိတ်ဆန္ဒကြောင့် မင်းကြီးအား တောင်းဆိုသဖြင့် မင်းကြီးက သောနုတ္တရ မုဆိုးကို အသုံးကံကြွေး ငါးရွာစားပေး၍ ဟိမဝန္တာသို့ စေလွှတ် လိုက်သည်။ သောနုတ္တ ရမုဆိုးကလည်း ဆဒ္ဒန်ဆင်မင်း အစွယ်ကို ဖြတ်ယူခဲ့ပြီး စူဠသုဘဒ္ဒါ မိဖုရားထံ ဆက်သခဲ့သည်။ မပြစ်မှားထိုက်သူကို ရန်ငြိုးဖွဲ့ ပြစ်မှားမိသော စူဠသုဘဒ္ဒါ ရင်ကွဲနာကျ သေပွဲဝင်သွားသည်။ ဦးပုည၏ ဝတ္ထုဆိုသော်ငြား ငါးရာ့ငါးဆယ် နိပါတ်တော် ဖြစ်ကြောင်း မှတ်သားရဖူးသည်။ ယခုခေတ်တွင် ဆင်တစ်ကောင်လုံး အသုံးချတတ်သူတွေ များလာကြခြင်းကို ခေတ်သစ် စူဠသုဘဒ္ဒါများဟု မဆိုလိုပါ။ ယခင်က ဆင်စွယ်ကိုသာ အသုံးများကြရာမှ ယခုအခါ ဆင်သားရေနှင့် ဆင်သားကို အသုံးများလာ ကြသဖြင့် ကမ္ဘာပေါ်ရှိ ဆင်ကောင်ရေ လျော့နည်းလာကြောင်း ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေး အဖွဲ့များ၏ ဖော်ပြချက်များတွင် တွေ့ရသည်။  ဆင်သားရေ အထူများကို ကြက်သွေးရောင်တင်၍ ပုတီးစေ့ကလေးများ ပြုလုပ်ပြီး လည်ဆွဲနှင့် လက်ကောက်အဖြစ် ဝတ်ဆင်ခြင်းသည် ဖျားနာရောဂါ မဖြစ်နိုင်ကြောင်း ယုံကြည်ပြောဆို နေကြသဖြင့် ဆင်သားရေ ဈေးကွက်တွင်ကျယ်လာပြီး ဆင်များကို တရားမဝင် သတ်ဖြတ် စီးပွားရှာသည့် ဆင်မုဆိုးဦးရေ ပိုများလာသည်နှင့် အမျှ ဆင်ကောင်ရေ လျော့နည်းလျက် ရှိသည်။

လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် ဆင်ကောင်ရေ ၆ဝ ကိုသတ်ဖြတ်၍ ဆင်သားရေများ ဆုတ်ယူထားကြောင်း တွေ့ရပြီး မြန်မာနိုင်ငံသည် ဆင်သားရေ ခိုးထုတ်ရာ ဗဟိုဌာနသဖွယ် ဖြစ်နေခြင်းကြောင့် ယခုနှစ်အတွင်း တစ်ကြိမ်တည်းတွင် ဆင်နှာမောင်း ၆၆ ခု ဖမ်းဆီး ရမိသည်။ လွန်ခဲ့သော နွေကာလအတွင်း အုပ်ဖွဲ့သွားလာ ကျက်စားနေသော ဆင်အုပ်နှစ်အုပ် သတ်ဖြတ်ခံရပြီး ရက်သတ္တ ခြောက်ပတ်အတွင်း အရေခွံ ဆုတ်ယူသွားသော ဆင်သေ ခြောက်ကောင်ကို တွေ့ရသဖြင့် ယခုအတိုင်း ဆိုသော် မြန်မာနိုင်ငံ အတွင်းရှိ ဆင်များ ၂၄ လအတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း သတိပေးထားကြသည်။ မြန်မာနိုင်ငံမှ ဆင်စွယ်နှင့် ဆင်သားရေများကို အိမ်နီးချင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်တောင်ပိုင်းရှိ ဆစ်ဆောင်ပနား (လယ်တွင်းဆယ့်နှစ်ခရိုင်) ဈေးကွက်သို့ ရောင်းချကြရာ ဆင်သားရေ အလေးချိန် ၁ ကီလိုလျှင် အမေရိကန် ဒေါ်လာ ၁၂ဝ ရရှိခြင်းသည် မြန်မာနိုင်ငံ ပြည်တွင်း ပေါက်ဈေး၏ ခုနစ်ဆနှင့် ညီမျှသည်။ ကြက်သွေးရောင် တင်ထားသော ဆင်သားရေ ပုတီးစေ့များကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် အွန်လိုင်းဈေးကွက်ဖြင့် ရောင်းချနေ ကြကြောင်း သိရသည်။ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် လူတို့အတွက် အကျိုးပြုခဲ့သော ဆင်များကို မျက်မှောက်ကာလ သစ်ထုတ်လုပ်ရေး လုပ်ငန်းများ ခေတ္တရပ်နား ထားချိန်တွင် ဆင်ထိန်းသိမ်းရေး စခန်းများ၌ အနားပေးထားသည့် တိုင်အောင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ အတွက် ဝန်ဆောင်မှုပေး၍ အကျိုးပြုနေကြသေးသော သက်ကြီးဆင်များကို တွေ့နေရပေရာ နုပျိုသည်မှ အိုမင်းရင့်ရော်သည်အထိ တာဝန်ကျေကြ ပေသည်။ တောဆင်ရိုင်းများ ကိုလည်း ဆင်ယဉ်ဖြစ်အောင် ပြုပြင်နိုင်ခြင်းကြောင့် တရားမဝင် ဆင်မုဆိုး ပပျောက်ရေး အလေးအနက် ဆောင်ရွက်သင့်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 696 times Last modified on Thursday, 18 January 2018 09:38