SJ WorldNews - шаблон joomla Авто

အမှိုက်က မီးလောင်ရာမှာ သီးခိုင်ညှာကြွေလွင့်

Sunday, 29 October 2017 09:17 font size decrease font size decrease font size increase font size increase font size

ရာသီဥတုခြောက်သွေ့သော ကာလသို့ ကူးပြောင်းစပြုသည်နှင့် မီးလောင်သော သတင်းကို စတွေ့ရသည်မှာ ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့ရှိ Hungkiu(myanmar)

အထည်ချုပ်စက်ရုံအတွင်း အမှိုက်နှင့်ဖြတ်စများ ထားရှိရာ အလျားပေ ၄ဝ၊ အနံ ၁၅ ပေ၊ အမြင့် ၁၂ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်လောင်း တစ်ထပ်အဆောက်အအုံအတွင်းမှ အမှိုက်နှင့်ဖြတ်စများကို ပလတ်စတစ်အိတ်နှင့် ထည့်ထားရာ အောင်းအပူရှိန်ကြောင့် အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီတွင် မီးစတင်လောင်ကျွမ်းသည်။ မီးလောင်ရာသို့ ပဲခူးမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ ငြှိမ်းသတ်ကြရာ ည ၆ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းရပ်ကွက် မိုးပုလဲလမ်း၌ ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း ခြေတံရှည်နေအိမ် တစ်လုံးကို အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီခွဲတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဝါးထရံသို့ ကူးစက်လောင်ကျွမ်းနေကြောင်း ပြည်သူတစ်ဦးက တယ်လီဖုန်းဖြင့် သတင်းပို့အကြောင်းကြားသဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်း သတ်ကြရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်။ လူထိခိုက်မှု မရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာရှိ လူနေအိမ်တစ်အိမ်၌ ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မီးမှတစ်ဆင့် အောက်ခံပျဉ်ပြားကို မီးကူးစက် လောင်ကျွမ်းသွားသော ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ရာ သွပ်မိုး၊ပျဉ်ကာ၊ ပျဉ်ခင်း လူနေနှစ်ထပ်အိမ်တစ်လုံးနှင့်    သက်ငယ်မိုး၊  ဝါးထရံကာ၊  ဝါးခင်းတဲငယ်တစ်လုံး မီးလောင်ကျွမ်းသွားသော်လည်း လူထိခိုက်မှုမရှိပေ။ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် မြရတနာလမ်းသွယ်ရှိ လူနေအိမ်၌  အဝတ်ထည့်ထားသော သစ်သားသေတ္တာပေါ်တွင် ခြင်ဆေးခွေထွန်းရာမှ မီးလောင်သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၂၃ ရက် ည ၆ နာရီ မိနစ် ၅ဝ က  ဖြစ်ပွားခဲ့သဖြင့် တောင်ကြီးခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။  အဆိုပါဖြစ်စဉ်တွင် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့ အမှတ်(၃)ရပ်ကွက် မင်းလမ်း(၃)ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းတစ်ထပ်နေအိမ်တွင် အောက်တိုဘာ ၁၇ ရက် ည ၁၁ နာရီ မိနစ် ၅ဝ က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းသဖြင့် ၎င်းနှင့်ကပ်လျက် နှစ်ထပ်လူနေအိမ်နှစ်လုံးသို့ ကူးစက်လောင်ကျွမ်းသွားသည်။ ဘုရားကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ သန္ဓေနှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူများက အချိန်မီ ငြှိမ်းသတ်နိုင်သဖြင့် ပတ်ဝန်းကျင်သို့ မီးမကူးစက်ဘဲ ငြိမ်းသွားသည်။ အဆိုပါဖြစ်စဉ်၌ လူထိခိုက်မှုမရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အောက်တိုဘာ ၂၁ ရက် တစ်ရက်တည်းတွင် မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ပထမမီးလောင်မှုမှာ မွန်းလွဲ ၂ နာရီတွင် ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာရှေ့၌ မော်တော်ယာဉ်တစ်စီး ဘက်ထရီရှော့ခ်ဖြစ်၍ မီးလောင်ခြင်းဖြစ်ပြီး ဒုတိယမီးလောင်မှုမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်(၁၁ဝ)မှ ဒဂုံတက္ကသိုလ်ရှေ့ရှိ တက္ကသိုလ်ရိပ်မွန် အိမ်ရာ၌ မွန်းလွဲ ၂ နာရီ ၄၃ မိနစ်တွင် မီးလောင်ခြင်းဖြစ်သည်။ မီးလောင်သည့်နေရာများသို့ သက်ဆိုင်ရာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ  သွားရောက်ငြှိမ်းသတ်ပေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြောက်ဘက်ဈေးဆိုင်တန်းမှ Five Star ကြက်ကင်ဆိုင်၌   ဆိုင်ဝန်ထမ်း သုံးဦးတို့  ကြက်ကင်ကြရာ မီးခိုးခေါင်းတိုင်ရှိ အပေါက်မှတစ်ဆင့် ဂျပ်စက္ကူများပေါ်သို့ မီးလွင့်စဉ်ကျသဖြင့် ဆိုင်ခန်းအတွင်း မီးလောင်သည့်ဖြစ်စဉ် အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဖြစ်ပွားခဲ့သည်။ မီးလောင်သည့်ဆိုင်ခန်းကို မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်ပြည်သူများ အချိန်မီဝိုင်းဝန်း ငြှိမ်းသတ်နိုင်သဖြင့် ကြီးမားသော ဆုံးရှုံးမှုနှင့်လူထိခိုက်မှုမရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်ကျေးရွာတွင် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ဆိုလာလျှပ်စစ်မီးရှော့ခ်ဖြစ်ပြီး လူနေအိမ်တစ်လုံး မီးလောင်သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများဝိုင်းဝန်း၍ အချိန်မီငြှိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါဖြစ်စဉ်၌ လူထိခိုက်မှုမရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှာ အိမ်သုံးလျှပ်စစ်မီးနှင့်ထင်းမီးဖိုတို့ကို ပေါ့ဆစွာအသုံးပြုခြင်း၊ ဖယောင်းတိုင်မီးနှင့် ခြင်ဆေးခွေမီးတို့ကို ပေါ့ဆစွာထွန်းညှိခြင်း၊ မော်တော်ကား ဝါယာရှော့ခ်ဖြစ်ခြင်းတို့ကြောင့် မီးလောင်ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၌ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ မီးစတင်လောင်ကျွမ်းရာ နံနက် ၈ နာရီ ၂၄ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့သည်။ ဟိုတယ်ရှိ အခန်းပေါင်း ၁၈၅ ခန်းအနက် ၁၂၅ ခန်း မီးလောင်ဆုံးရှုံးသွားကြောင်း သိရသော်လည်း ဆုံးရှုံးမှု တန်ဖိုးမသိရသေးပါ။

သို့ဖြစ်၍ အချိန်ကာလမရွေး၊ နေရာဒေသနှင့် လူတန်းစားမခွဲခြားဘဲ ဒုက္ခပေးတတ်သော မီးဘေးအန္တရာယ်ကို ယခင်နှစ်များက ဖြစ်စဉ်များအား သင်ခန်းစာယူ၍ ယခုနှစ်ခြောက်သွေ့ကာလ အတွက် ကြိုတင်ပြင်ဆင် သတိရှိကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ 

Read 661 times Last modified on Sunday, 29 October 2017 09:19