SJ WorldNews - шаблон joomla Авто

ကောက်သော် စားမလောက် ဖြောင့်သော် စားမနိုင်

Tuesday, 31 October 2017 08:40 font size decrease font size decrease font size increase font size increase font size

မြန်မာစကားပုံများတွင် ကောက်သော်စားမလောက်၊ ဖြောင့်သော်စားမနိုင်ဟု ဆိုထားသည်။ ရှင်းလင်းချက်မှာ တံငါသည်တို့သည် ကောက်သောငါးမျှားချိတ်ဖြင့် ငါးမျှားရာတွင် တစ်နေကုန်သည့်တိုင်အောင် လှေတစ်စင်းစာ ပြည့်အောင် ငါးမရနိုင်၊ မုဆိုးတို့သည် သားကောင်ကို ဖြောင့်သောမြားဖြင့် ပစ်ခတ်ဖမ်းဆီးကြရာ တစ်နေ့တည်းမှာပင် လှေတစ်စင်းစာမက ရနိုင်သည်။ ထို့အတူ ကောက်ကျစ်သော နည်းလမ်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသော် ဝလင်အောင် မစားရ၊ ဖြောင့်မှန်သော နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါက စားမကုန်နိုင်အောင် ကြွယ်ဝကြောင်း ဖော်ပြထားသည်။

ယခုရက်ပိုင်း နေ့စဉ်သတင်းစာများတွင် ရူပဗေဒပညာရှင် အိုင်းစတိုင်း၏ လက်ရေးမူမှတ်စု နှစ်စောင်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် လေလံတင်ရောင်းချသည့် သတင်းတွေ့ရသည်။ ဂျာမနီနိုင်ငံ၌ မွေးဖွားသော အိုင်းစတိုင်းသည် ၁၉၂၂ ခုနှစ် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ပညာရပ်ဆိုင်ရာ ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့သည်။ ထိုကာလနောက်ပိုင်း ဥရောပသို့ အိုင်းစတိုင်းရောက်ရှိချိန်တွင် ရူပဗေဒ ဘာသာရပ်အတွက် နိုဗယ်ဆု ရရှိချိန်မှစ၍ နာမည်ကျော်ကြား လူသိများလာသော်လည်း အိုင်းစတိုင်း၏ ပင်ကိုသဘောမှာ ရိုးရိုးသားသား ကြိုးစားလိုစိတ်သာရှိပြီး ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်သဖြင့်  လူစုလူဝေးရှိသည့် နေရာများသို့ သွားလိုစိတ်မရှိပေ။ အိုင်းစတိုင်းသည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဧကရာဇ်ဟိုတယ်၌ တည်းခိုနေစဉ် တစ်နေ့သောအခါ စာပို့လုလင်တစ်ဦးက အိုင်းစတိုင်းအမည်ဖြင့် ရောက်လာသော ချောစာထုပ်တစ်ထုပ် လာပို့သည်။ အိုင်းစတိုင်းက စာပို့လုလင်အား မုန့်ဖိုးအဖြစ် ပိုက်ဆံပေးသောအခါ စာပို့လုလင်က မယူလိုကြောင်း ငြင်းဆန်လိုက်သည်။

စာပို့လုလင်က ပိုက်ဆံမယူသောအခါ အိုင်းစတိုင်းက မိမိလက်ရေးမူဖြင့် ရေးသားထားသော မှတ်စုနှစ်စောင်ကို ထုတ်ပေးပြီး နောင်တစ်ချိန်တွင် ဤစာများက တန်ဖိုးရှိလာလိမ့်မည်။ ထိုအခါ ငွေတန်ဖိုး အမြောက်အမြားဖြင့် ရောင်းရန်မှာလိုက်သည်။ ထိုစာနှစ်စောင်ကို ဂျာမန်ဘာသာဖြင့်ရေးသားထားပြီး အိုင်းစတိုင်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။ စာတစ်စောင်မှာ လူသားတို့ အနေဖြင့် ဘဝအောင်မြင်ရေးအတွက် ကြိုးပမ်းကြရာ၌ ခရုငယ်ကို အလွယ်တကူ ကောက်ယူရုံမျှနှင့် ရနိုင်ပါလျက် ပုဆိုးခါးတောင်းကျိုက်၍ အင်တိုက်အားတိုက် ဖမ်းသကဲ့သို့  အလုပ်တစ်ခုကို အလွယ်တကူနှင့်ပြီးနိုင်ပါလျက် မလိုအပ်ဘဲ အကျယ်ချဲ့၍ ပင်ပန်းကြီးစွာ လုပ်ကိုင်ခြင်းထက် ဆင်ခြင်တုံတရားနှင့် တည်တည်ငြိမ်ငြိမ် လုပ်ကိုင်ခြင်းဖြင့် ဘဝပျော်ရွှင်ချမ်းမြေ့မှုကို ရနိုင်ကြောင်း ရေးသားထားသည်။ နောက်စာတစ်စောင်မှာ လိုလျှင်ကြံဆ နည်းလမ်းရနိုင်သော အကြောင်း အရာများကို ရေးသားထားကြောင်း သိရသည်။

ရူပဗေဒပညာရှင် အိုင်းစတိုင်းသည် ရိုးသားကြိုးစားမှုဖြင့် ဘဝကို တည်ဆောက်သူဖြစ်သည့် အားလျော်စွာ မိမိထံသို့ ချောစာထုပ်လာပို့သော စာပို့လုလင်၏ တာဝန်ကျေပွန်မှုနှင့် ရိုးသားမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ကိုယ်တိုင်ကြိုးစား အားထုတ်ရေးသားထားသော    လူ့အဖွဲ့အစည်း အကျိုးပြုစာမူ နှစ်စောင်ကို ချီးမြှင့်ပြီး ကိုယ်တိုင်လက်မှတ် ရေးထိုးပေးခဲ့ခြင်းဖြစ်သည်။ ပညာရှိတို့ တွေးကြည့်လျှင် ပြေးကြည့်သလိုမှန်သည် ဆိုထားကြသည့်အတိုင်း အိုင်းစတိုင်း၏ မှတ်စုနှစ်စောင်ကို ယခုလအတွင်း လေလံတင်ရောင်းချရာ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ရရှိသည်။ စာပို့လုလင်သည် အိုင်းစတိုင်းပေးသော ပိုက်ဆံကိုယူလိုက်ပါက တစ်နေ့စာ စားသောက်ရန် လုံလောက်ကောင်း လုံလောက်ပေမည်။ သို့သော် မိမိမှာတာဝန်ကို ထမ်းဆောင်သည့်အတွက် လစာ သို့မဟုတ် ထိုက်သင့်သော ဝန်ဆောင်ခကို စာတိုက်လုပ်ငန်းက ပေးထားပြီးဖြစ်သဖြင့် သက်ဆိုင်သူများထံမှငွေကြေးရယူ လက်ခံခြင်းသည် မိမိဂုဏ်သိက္ခာနှင့် လုပ်ငန်းဌာနအပေါ် လူထုယုံကြည်မှု ကျဆင်းစေမည့်အရေးကို မျှော်တွေးတတ်သူဖြစ်သည်ဟု ဆိုနိုင်သည်။

စာမူနှစ်စောင်ပေးလိုက်သော အိုင်းစတိုင်း၏ ရည်ရွယ်ချက်မှာလည်း   တာဝန်ကျေပြီး ရိုးသားသော စာပို့လုလင်သည် ဤစာနှစ်စောင်ကိုဖတ်၍ အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးလျှင် ဘဝအောင်မြင်မှုကို ရရှိပေမည် သို့မဟုတ် တောက်မည့်မီးခဲ အလျှံနှင့်ရဲရဲ ဆိုသည့်အလား ကြီးပွားတိုးတက်နိုင်သည့် ရိုးသားကြိုးစားမှုရှိသော စာပို့လုလင်၏ သဘောကို ရိပ်စားမိသဖြင့် စာမူနှစ်စောင်ကို ရောင်းချရာမှရသောငွေနှင့် အရင်းအနှီးပြုစေနိုင်ရန် ရည်ရွယ်ချက်လည်း ဖြစ်နိုင်သည်။

ယနေ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဝန်ထမ်းများ အဂတိတရား ကင်းရှင်းရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးစားနေကြချိန်တွင် ရိုးသားကြိုးစား လုပ်အားဖြင့် နိုင်ငံတည်ကြရမည်ဖြစ်ရာ ဆရာဇော်ဂျီ(ဦး) ရေးသားခဲ့သော''အိမ်အလှ''ကဗျာမှ ကောက်နုတ်ဖော်ပြရသော် ''အားအင်မျှတ၊ ပန်းမလှလည်း၊ စိတ်ကမေတ္တာ၊ လက်ကစာဂ၊ နှုတ်ကဖြောင့်ရိုး၊ အနေရိုးမူ၊ သူ့ကျိုးကိုယ့်ကျိုး၊ ထိုအိမ်မျိုး''ဟု ဆိုထားကြောင်း တွေ့ရသည်။ ထို့ကြောင့် လောကသဘာဝ အတုံ့အလှည့်ဆိုသည်မှာ ရှိတတ်ကြလေရာ မြန်မာနိုင်ငံသားများ အနေဖြင့် ဘဝရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားကြရာတွင်   ကောက်သော်စားမလောက်၊ ဖြောင့်သော်စားမနိုင် မြန်မာစကားပုံကို အလေးအနက်ထား၍ နိုင်ငံတော်ကို အလှဆင်ကြစေလိုကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   

Read 737 times Last modified on Thursday, 18 January 2018 09:38