SJ WorldNews - шаблон joomla Авто

စပါးကို ဖျက်သည်မှာ စပါးထဲက ပိုးပါ

Wednesday, 01 November 2017 08:38 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရှိ မြို့နယ်များ၌ ယခုနှစ်မိုးစပါးဧက စုစုပေါင်း ခြောက်သိန်းကျော် စိုက်ပျိုးထားသည့်အနက် ရွှေဘိုပေါ်ဆန်းစပါးစိုက် ဧကနှစ်သိန်းကျော် ပါဝင်သည်။ ရွှေဘိုပေါ်ဆန်းစပါးသည် အနံ့မွှေးပြီး ပင်စည်ပွသဖြင့် ပိုးဖောက်ရန် လွယ်ကူသောကြောင့် စပါးဆစ်ပိုး အန္တရာယ်အများဆုံး ကျရောက်ကြောင်း သိရသည်။

စပါးကိုဖျက်သည်မှာ စပါးထဲကပိုးဟူသော ဆိုရိုးစကားရှိသည်။ ယခုရွှေဘိုခရိုင်အတွင်းမှ စပါးစိုက်ခင်းများ၌ တွေ့ရသော စပါးဖျက်ဆစ်ပိုးများမှာ အဝါရောင်ဆစ်ပိုး၊ ပန်းရောင်ဆစ်ပိုး၊ ဆစ်ပိုးအကျားနှင့် ခေါင်းမည်းဆစ်ပိုးဟူ၍ လေးမျိုးရှိကြရာ အဝါရောင်ဆစ်ပိုး ကျရောက်မှုအများဆုံးဖြစ်သည်။ စပါးဆစ်ပိုး အန္တရာယ်ကာကွယ်ရန်မှာ မစိုက်ပျိုးမီ စပါးခင်းများအတွင်း ထယ်ရေးနက်နက်လှန်ခြင်းနှင့် စပါးပင်များ ရိတ်သိမ်းပြီး ကျန်ရှိနေသော ရိုးပြတ်များကိုမီးရှို့ခြင်း၊ စိုက်ပျိုးပြီးစပါးခင်းများအတွင်းရှိ အပင်များတွင်ရှိသော ဆစ်ပိုးဥမြုံများကို ဖျက်ဆီးခြင်း၊ ဥကပ်ပါးနကျယ်ကောင်များ လွှတ်ပေးခြင်း၊ ဓာတုပိုးသတ်ဆေးဖျန်း နှိမ်နင်းခြင်း၊ မီးထောင်ချောက် ထွန်းညှိခြင်း စသည့်နည်းလမ်းများ အသုံးပြု၍ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်နေခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ် ဆစ်ပိုးအန္တရာယ် ကျရောက်မှု လျော့နည်းလာကြောင်း သိရသည်။ ယခုအချိန်တွင် ရွှေဘိုခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ကျေးရွာ ၂၁၆ ရွာမှ တောင်သူ ၄၉၁၉ ဦးတို့က မီးထောင်ချောက်ပေါင်း ၃၃၂၁၄ တိုင်ကို စုပေါင်းထွန်းညှိ၍ စပါးဆစ်ပိုး အန္တရာယ် ကာကွယ်နေကြသည်။

နိုင်ငံတော်၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် စိုက်ပျိုးရေးပညာရပ်များ သင်ကြားပေးလျက်ရှိရာ လယ်ယာသီးနှံစိုက်ပျိုးရေး ပညာဌာန၊ အပင်မျိုးမွေးမြူရေး၊ ဇီဝကမ္မဗေဒနှင့် ဂေဟဗေဒဌာန၊ မြေဆီလွှာနှင့် ရေသိပ္ပံပညာဌာန၊ အပင်ရောဂါဗေဒဌာန၊ ကိမိလနှင့် သတ္တဗေဒဌာန၊ ဥယျာဉ်ခြံသီးနှံပညာနှင့် စိုက်ပျိုးရေးဇီဝ နည်းပညာဌာန၊ စိုက်ပျိုးစီးပွားပညာ ဌာနတို့မှ ပညာရှင်များက စာတွေ့လက်တွေ့သင်ကြားပြသ၍ လက်ဆင့်ကမ်း ပညာအမွေပေးနေကြသည်။ ထို့ပြင် ပြည်ထောင်စုကြီးအတွင်း အထူးပြုသီးနှံတက္ကသိုလ် ကျောင်းခွဲများအဖြစ် မှော်ဘီတွင် စပါး အထူးပြုကျောင်းခွဲ၊ လှည်းကူးတွင် ဥယျာဉ်ခြံသီးနှံ အထူးပြုနှင့် သီးနှံကာကွယ်ရေး အထူးပြုကျောင်းခွဲ၊ မကွေးတွင် ပဲမျိုးစုံအထူးပြုနှင့် ဆီထွက်သီးနှံ အထူးပြုကျောင်းခွဲ၊ ကျောက်ဆည်တွင် ဝါသီးနှံ အထူးပြုကျောင်းခွဲ၊ ဖြူးတွင် ကြံသီးနှံအထူးပြု ကျောင်းခွဲ၊ အောင်ပန်းတွင် ပြောင်းဖူးနှင့် အခြားသီးနှံအထူးပြုကျောင်းခွဲ၊ မော်လမြိုင်တွင် နှစ်ရှည်သီးနှံအထူးပြု ကျောင်းခွဲတို့ကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သည် စိုက်ပျိုးရေး ပညာရှင်များ မွေးထုတ်ရန် လိုအပ်သော သင်ကြားရေး အထောက်အကူကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ နှစ်စဉ်ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး (GDP)တွင် စိုက်ပျိုးရေးကဏ္ဍက ၃၄ ရာခိုင်နှုန်း ပါဝင်လျက်ရှိရာ စပါးဆစ်ပိုးကဲ့သို့သော သီးနှံဖျက်ပိုးအမျိုးမျိုး အန္တရာယ်ကို ကာလဒေသအလိုက် စုပေါင်းကာကွယ်ကြရမည်ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှ ဆိုရိုးစကားများတွင် စပါးကိုဖျက်သည်မှာ စပါးထဲကပိုး၊ ဝါကိုဖျက်သည်မှာ ဝါထဲကပိုးဟုဆိုကြသည်။ ထို့အတူ ကမ္ဘာကြီးအတွက် ကောင်းဆိုးနှစ်တန်ကို ဖန်တီးသည်မှာလည်း  လူသားတို့ပင်ဖြစ်သည်။  ဆိုခဲ့သော သဘာဝတရားတို့အရ  နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူတို့၏ ရှုမြင်ယုံကြည်မှု အတိုင်းအတာကို နိုင်ငံ့ဝန်ထမ်းတို့ကိုယ်တိုင် ဖန်တီးကြသည့်သတင်းများ မကြာခဏတွေ့ရသည်။

မြန်မာနိုင်ငံတွင်ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှု ဒုတိယအကြိမ် ပြန်လည်ထွန်းကားလာသည်မှာ မကြာသေးသော ကာလမှာစခဲ့သည်ဟုဆိုကြသော် ငြင်းပယ်ရန်မရှိသကဲ့သို့ ပြည်သူ့နီတိ၊ ရာဇသတ်၊ ဓမ္မသတ်များ ထွန်းကားခဲ့သည်မှာ နှစ်ပေါင်းရာနှင့်ချီ၍ ရှိခဲ့သည်ကိုလည်း ငြင်းပယ်ရန်ရှိမည် မဟုတ်ပါ။

နိုင်ငံတော်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးတက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းခွဲများ ဖွင့်လှစ်သင်ကြားပေးနေသကဲ့သို့ နိုင်ငံသားများ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍများ၌ အဆင့်ဆင့် သင်ကြားပေးလျက်ရှိသည်။

သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်အလိုက်  သင့်လျော်သောနေရာများတွင်   နိုင်ငံ့ဝန်ထမ်းအဖြစ် ရွေးချယ်ခန့်အပ်ခံရသူများအတွက် ဌာနတွင်း စွမ်းရည်မြှင့်တင်ရေး သင်တန်းမှစ၍ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တို့တွင် တက်ရောက်စေပြီး လုပ်ငန်းစွမ်းဆောင်ရည် ထက်မြက်ရေး၊ ဝန်ထမ်းကျင့်ဝတ် စည်းကမ်းများ လိုက်နာစောင့်ထိန်းရေး၊ နိုင်ငံတော်က ပြဋ္ဌာန်းထားသော တရားဥပဒေများကို လေးစားလိုက်နာရေး၊ နိုင်ငံနှင့် လူမျိုးဂုဏ်မြှင့်တင်ရေး စသည့်ဘာသာရပ်များကို အတွေ့အကြုံရှိ ပုဂ္ဂိုလ်များက သင်ကြားပြသပေးကြသည်။

ပုထုဇဉ်တို့သဘာဝ အသိနှင့်အလုပ် ယှဉ်သူများရှိသည်။ မယှဉ်သူများလည်း ရှိသည်။ စပါးဖျက်ဆစ်ပိုးတို့တွင်  အဝါရောင်၊ ပန်းရောင်၊ အကျားနှင့် ခေါင်းမည်းဟူ၍ လေးမျိုးရှိသည့်အလား အသိနှင့်အလုပ်ယှဉ်သော နိုင်ငံ့ဝန်ထမ်းများက ဖြူစင်ကြသော်လည်း အသိနှင့်အလုပ်မယှဉ်သူတို့မှာ ကျစ်ပိုး၊ ဂျစ်ပိုး၊ ဆစ်ပိုး၊ ညစ်ပိုး၊ထစ်ပိုး၊ လစ်ပိုးစသည်ဖြင့် အမျိုးမျိုးရှိကြလေရာ နိုင်ငံတော်အစိုးရနှင့် ပြည်သူကြား ပေါင်းကူးဆက်စပ် ပေးရသော နိုင်ငံ့ဝန်ထမ်းများ ကောင်းမှသာလျှင် အစိုးရကောင်းဖြစ်နိုင်သည်ကို အလေးထားကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။      

Read 662 times Last modified on Thursday, 18 January 2018 09:37