SJ WorldNews - шаблон joomla Авто

အမေရိကန်-တောင်ကိုရီးယား နှစ်စဉ်ပုံမှန်စစ်ရေးလေ့ကျင့်မှုကို ဧပြီလ အစောပိုင်းတွင် ပြုလုပ်မည်

Thursday, 01 March 2018 11:40 font size decrease font size decrease font size increase font size increase font size

ဆိုး ဖေဖော်ဝါရီ ၂၈

ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲနှင့် အိုလံပစ်မသန်စွမ်းအားကစားပြိုင်ပွဲတို့ကြောင့် ရွှေ့ဆိုင်းထားရသည့် အမေရိကန်တောင်ကိုရီးယား နှစ်စဉ်ပုံမှန်စစ်ရေးလေ့ကျင့်ခန်းကို ဧပြီလ အစောပိုင်း တွင်ပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးမှလုံခြုံရေးအကြံပေးတစ်ဦးကပြောသည်။

အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ဧပြီလပထမပတ်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း လုံခြုံရေးအကြံပေး မွန်းချန်းအင်က ဝါရှင်တန်မြို့၌ကျင်းပသည့် နှီးနှောဖလှယ်ပွဲတစ်ခု၌ပြောသည်ဟု Yonhap သတင်းဌာနကဖေဖော်ဝါရီ ၂၈ ရက်တွင်ဖော်ပြထားသည်။

ယင်းစစ်ရေးလေ့ကျင့်ခန်းမတိုင်မီ နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုအများအပြားလုပ်ဆောင်သွားမည်ဖြစ်ပြီး သဘောတူညီမှုများထွက်ပေါ်လာမည်ဖြစ်ကြောင်း မွန်းချန်းအင်ကဆက်ပြောသည်။ ထို့ပြင် မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ စတင်လုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ကြောင်း ၄င်းကပြောသည်ဟုသိရသည်။

အမေရိကန်တပ်မတော်နှင့် တောင်ကိုရီးယားတပ်မတော်တို့သည် ကီရီဆော့နှင့် ဖိုးအီးဂဲအမည်ရှိ စစ်ရေးလေ့ကျင့်ခန်းများကို နှစ်စဉ် မတ်လနှင့်ဧပြီလတို့တွင် ပုံမှန်ပြုလုပ်လေ့ရှိပြီး ယင်းစစ်ရေး aလ့ကျင့်ခန်းများတွင် အမေရိကန်ဘက်မှစစ်သည် ၁၇ဝဝဝ ခန့်နှင့်တောင်ကိုရီးယားဘက်မှစစ်သည် သုံးသိန်းကျော်ပါဝင်လေ့ရှိသည်။

တောင်ကိုရီးယားနိုင်ငံ၌ ဆောင်းရာသီအိုလံပစ်မသန်စွမ်းအားကစားပြိုင်ပွဲသည်မတ် ၁၈ ရက်တွင်ပြီးဆုံးမည်ဖြစ်ပြီး ယင်းပြိုင်ပွဲပြီးဆုံးချိန်နှင့် ဧပြီလအစပိုင်းတို့တွင် စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်သည့် အစီအစဉ်များကိုကြေညာသွားရန် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဆောင်ယန်မူးနှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်တို့က ဖေဖော်ဝါရီလအစောပိုင်းတွင်တွေ့ဆုံဆွေးနွေးစဉ် သဘောတူထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ အဆိုပါနှစ်နိုင်ငံပုံမှန်စစ်ရေး လေ့ကျင့်မှုနှင့် အခြားသောပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေခြင်းသာဖြစ်ကြောင်း မြောက်ကိုရီးယားက ရှုမြင်ထားသည်။

Ref: Reuters

Read 458 times