SJ WorldNews - шаблон joomla Авто

ဆော်ဒီရေနံချက်စက်ရုံများကို အီရန်တို့က တကယ်ပဲတိုက်ခိုက်တာလား

Friday, 20 September 2019 10:37 font size decrease font size decrease font size increase font size increase font size

ပြီးခဲ့သည့်သီတင်းပတ်အကုန် စက်တင်ဘာ ၁၄ ရက်တွင် ဆော်ဒီအာရေဗျမြေပေါ်ရှိ နိုင်ငံပိုင်ရေနံကုမ္ပဏီဖြစ်သည့် အာရမ်ကိုကုမ္ပဏီ၏   ရေနံချက်စက်ရုံနှစ်ရုံသည် မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို ခံလိုက်ရသည်။ ထိုတိုက်ခိုက်မှုကြောင့်   ကမ္ဘာ့ရေနံဈေးကွက်အတွင်း ကမောက်ကမဖြစ်ကာ ရေနံတင်ပို့မှုထက်ဝက် ခန့်ကျဆင်းသွားရသည်။

အဆိုပါတိုက်ခိုက်မှုကိုလုပ်ဆောင်သူမှာ ယီမင်နိုင်ငံမှ   ဟူသီသူပုန်များဖြစ်သည်ဟု ယင်းသူပုန်အဖွဲ့က ကိုယ်တိုင်ဝန်ခံထားသည်။

သို့သော်  ထိုတိုက်ခိုက်မှုကို နောက်ကွယ်မှ စေခိုင်းသူက   အီရန်အစိုးရဖြစ်သည်ဟု ဆော်ဒီအာရေဗျအစိုးရနှင့်   မဟာမိတ်ဖြစ်သော အမေရိကန်အစိုးရတို့က ကနဦးတွင်စွပ်စွဲထားသည်။ သို့သော် အီရန်အစိုးရကတော့ ငြင်းဆိုထားမြဲဖြစ်သည်။

ထိုတိုက်ခိုက်မှုကိုလုပ်သည်ဟူသော ဟူသီသူပုန်အဖွဲ့က ၄င်းတို့အနေဖြင့် ယင်းတိုက်ခိုက်မှုကို ယီမင်နိုင်ငံအတွင်းရှိ နေရာသုံးခုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၈ ရက်တွင်ထပ်မံဝန်ခံထားသည်။ ထို့ပြင် ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် စာရင်းပြုစုထားသော ဆော်ဒီရှိနေရာဒါဇင်ပေါင်း များစွာရှိသေးသည်ဟုလည်း   ပြောထားသည်။

သို့သော်  ဆော်ဒီအာရေဗျအစိုးရက ရေနံချက်စက်ရုံတိုက်ခိုက်ခံရမှုတွင်ပါဝင်သည့် မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များ၏အစိတ်အပိုင်းများကို ထုတ်ဖော်ပြသကာ  ယင်းတိုက်ခိုက်မှုတွင်  မောင်းသူမဲ့လေယာဉ်နှင့် ခရု(စ်)ဒုံးကျည် ၂၅ စင်းပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးတာကီအယ်မာကီက သတင်းစာရှင်းလင်းပွဲတွင်  ပြောသည်။ ထိုတိုက်ခိုက်မှုသည် နိုင်ငံမြောက်ပိုင်းမှလာခြင်းဖြစ်ပြီး တောင်ပိုင်းရှိ ယီမင်နိုင်ငံအတွင်းမှ မဟုတ်ကြောင်း၊ ထို့ကြောင့် ယင်းတိုက်ခိုက်မှုကို အီရန်နိုင်ငံက လုပ်ဆောင်သည်ဟုဆိုရခြင်းမှာ မငြင်းနိုင်သည့်အမှန်တရားဖြစ်ကြောင်းနှင့် မည်သည့်နေရာမှနေ၍ တိုက်ခိုက်မှုများလုပ်သည်ကို ဆက်လက်စစ်ဆေးကာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ဟူသီသူပုန်များနှင့်ဆော်ဒီအစိုးရတို့မှာ ယီမင်ပြည်တွင်းစစ်အတွင်း ဆော်ဒီဦးဆောင်သောညွန့်ပေါင်းအဖွဲ့၏   တိုက်ခိုက်မှုများကြောင့် ရန်ဘက်များ ဖြစ်နေခြင်းဖြစ်သည်။ အီရန်နှင့်ဆော်ဒီမှာ  အရှေ့အလယ်ပိုင်းဒေသအတွင်း အင်အားပြိုင်ဆိုင်နေသည့် ပြိုင်ဘက်နိုင်ငံများ ဖြစ်သည်။ ထို့ကြောင့် အီရန်သည်ဟူသီသူပုန်များကို ထောက်ပံ့ပေးကာ ကိုယ်စားစစ်ပွဲဆင်နွှဲနေသည်ဟု ကမ္ဘာ့နိုင်ငံများကလက်ခံထားသည်။

အီရန်နှင့်   အမေရိကန်တို့ကလည်း တဖြည်းဖြည်းနှင့်တင်းမာမှုများမြင့်တက်နေသည်။    ဆော်ဒီရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် နည်းလမ်းအားလုံးအသုံးပြု၍  တုံ့ပြန်နိုင်ကြောင်း၊ နောက်ဆုံးနည်းလမ်းမှာစစ်ဖြစ်ခြင်း ပင်ဖြစ်ကြောင်းပြောထားသည်။  ထို့ပြင် အီရန်နိုင်ငံအပေါ်   သီးခြားအကြောင်း ပြချက်မရှိဘဲ အရေးယူပိတ်ဆို့မှုတိုးမြှင့်ရန် ထရမ့်က ဘဏ္ဍာရေးဝန်ကြီးဌာနကို ညွှန်ကြားထားသည်။

အီရန်အစိုးရကမူ အမေရိကန်နှင့်ဆော်ဒီ အာရေဗျတို့၏ လုပ်ဆောင်ပြောဆိုနေမှုများ အားလုံးသည် အီရန်နိုင်ငံကိုအသရေဖျက်ကာ အမြင့်ဆုံးသောဖိအားများပေးရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း အီရန်သမ္မတ ဟက်ဆန်

ရူဟာနီကပြောသည်။ ထို့ပြင် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသကိုစစ်မြေပြင် ဖြစ်အောင်ဖန်တီးနေခြင်း ဖြစ်ကြောင်း၊ အီရန်အနေဖြင့် နိုင်ငံကိုကျူးကျော်လာမှုမှန်သမျှကို   လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့တိုက်ခိုက်မှုသည် အလုံးစုံ စစ်ပွဲဆီသို့ပင်ဦးတည်သွားနိုင်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ကသတိ ပေးထားသည်။

လက်ရှိတွင်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဆော်ဒီအာရေဗျနိုင်ငံ သို့ရောက်ရှိနေပြီဖြစ်ကာ အိမ်ရှေ့မင်းသားနှင့်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့ကြောင့်  လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ ဆော်ဒီရေနံချက်စက် ရုံများတိုက်ခိုက်မှုကို အီရန်တို့က တကယ်ပဲလုပ်ဆောင်တာလား၊ ဒါမှမဟုတ် ဟူသီတို့၏ တိုက်ခိုက်မှုကို ဆော်ဒီနှင့်အမေရိကန်တို့ကအသုံးချပြီး  အီရန်အပေါ် ဖိအားပေးတာလားဆိုသည်မှာ စောင့်ကြည့်ရမည့်အနေအထားဖြစ်နေသည်။

  Ref: Sputnik, Reuters

Read 84 times Last modified on Friday, 20 September 2019 11:27