SJ WorldNews - шаблон joomla Авто

ယီမင်ရှိနေရာအချို့၌ အပစ်အခတ်ရပ်စဲရန် ဆော်ဒီ သဘောတူ

Saturday, 28 September 2019 11:40 font size decrease font size decrease font size increase font size increase font size

ဆော်ဒီရေနံချက်စက်ရုံများ တိုက်ခိုက်ခံရပြီးနောက် စစ်ဖြစ်ပွားနေသော ယီမင်နိုင်ငံရှိ နေရာအချို့၌ အပစ်အခတ်ရပ်စဲရန်  ဆော်ဒီအာရေဗျက သဘောတူကြောင်း စက်တင်ဘာ ၂၇ ရက်ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါလုပ်ဆောင်ချက်သည် အရှေ့အလယ်ပိုင်းဒေသအတွင်း မြင့်တက်လျက် ရှိသည့် တင်းမာမှုများကို ဖြေလျှော့နိုင်မည် ဟု မျှော်လင့်ရသည်။

ဆော်ဒီအစိုးရသည် ဆာနားဒေသအပါအဝင် ယီမင်နိုင်ငံအတွင်းရှိ နေရာဒေသလေးခု၌ ယာယီအပစ်အခတ် ရပ်စဲကြောင်း အမည်မဖော်လိုသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ Dow Jones သတင်းဌာနက ထုတ်ပြန်သည်။

ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့၏ အကြီးမားဆုံး ရေနံထုတ်လုပ်သည့်နိုင်ငံ ဖြစ်သော ဆော်ဒီနိုင်ငံသည် တစ်ရက်လျှင် ရေနံစည်ရှစ်သန်းကျော် ထုတ်လုပ်လျက်ရှိကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်တွင် ရေနံစက်ရုံများ တိုက်ခိုက်ခံရပြီးနောက် ရေနံထုတ်လုပ်မှု ကျဆင်းသွားကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သည့် အမည်မဖော် လိုသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၄ ရက်တွင် ဆော်ဒီ ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုသည် စစ်ပွဲဖြစ်ပွားနေသည့် ယီမင်နိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည့် အခြေအနေကို ဖန်တီးပေးခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။

ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဥရောပအင်အားကြီး နိုင်ငံများ အပါအဝင် အမေရိကန်နှင့် ဆော်ဒီတို့က အီရန်ကို စွပ်စွဲအပြစ်တင်ထားသည်။ သို့သော်  ယင်းစွပ်စွဲချက်များ အားလုံးကို အီရန်အစိုးရက     ငြင်းဆိုထားကြောင်း သိရသည်။           

Ref: Bloomberg

Read 109 times Last modified on Saturday, 28 September 2019 11:40