SJ WorldNews - шаблон joomla Авто

စစ်အင်အားကိုပိုမိုတည်ဆောက်လာသည့် တောင်ကိုရီးယား

Friday, 11 October 2019 11:46 font size decrease font size decrease font size increase font size increase font size

စစ်အင်အားတိုးမြှင့်ရေး

နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးများ ဖြစ်သည့် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံတို့ကြားတွင်ရှိသော တောင်ကိုရီးယား နိုင်ငံက ၎င်း၏ စစ်အင်အား တည်ဆောက်မှု ကို ပိုမိုတိုးမြှင့် လာပြီဖြစ်သည်။ တောင် ကိုရီးယားနိုင်ငံ၏ စစ်အင်အား တည်ဆောက်မှု တွင်အဓိကကျသည့်အရာများအနက်တစ်ခုမှာ  နျူကလီးယားအဟန့်အတားပင်ဖြစ်သည်။

ထိုကဲ့သို့ နျူကလီးယားဖြင့်ဟန့်တားနိုင် စွမ်းကို တိုးမြှင့်မှု၏တစ်စိတ်တစ်ဒေသအနေဖြင့် ယခုဆိုလျှင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကိုပင်ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းလာသည်။ အဆိုပါနျူကလီးယား စွမ်းအင်သုံး   ရေငုပ် သင်္ဘောများကို တည်ဆောက်နိုင်ရေးအတွက် အထူးအဖွဲ့တစ်ဖွဲ့ကိုပင်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ရေတပ်၏ အောက်တို ဘာ ၁၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများကို ရေရှည်စီမံကိန်းချမှတ်ကာ ပြည်တွင်းမှာပင်  တည်ဆောက်သွား မည် ဖြစ်သည်။ ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပူးတွဲစစ်ဦးစီးချုပ်များရုံးနှင့်လည်း အနီးကပ် ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ရေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားရေတပ်သည် ၎င်း၏ စစ်အင်အားတည်ဆောက်မှု၏တစ်စိတ်တစ်ဒေသအဖြစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများပိုင်ဆိုင်နိုင်ရေးကို ၂၀၀၃ ခုနှစ်ကတည်းက စတင်ကြံစည်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအကြံအစည် သည် ၂၀၀၄ ခုနှစ်တွင် အွန်လိုင်းပေါ်သို့ပေါက်ကြားလာသည့်အတွက် အစီအစဉ်ကိုဆိုင်းငံ့လိုက်ရ သည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင်မှ လိုအပ်သောသုတေသနပြုမှုများကို ပြန်လည် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော များကိုသာပိုင်ဆိုင်နိုင်ပါက ရေငုပ်သင်္ဘောအခြေပြု ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော များကိုရှာဖွေဖျက်ဆီးနိုင်စွမ်းရှိမည်ဖြစ်သည်။

ထို့ပြင် ပင်လယ်ရေအောက်တွင်အချိန် အတော်ကြာသည်အထိ စစ်ဆင်ရေး တာဝန်များကိုထမ်းဆောင် နိုင်မည်ဖြစ် သည်။ အထူးသဖြင့် တောင်ကိုရီးယား၏မျှော်မှန်းရန်သူမှာ   မြောက်ကိုရီးယားဖြစ်သည်။ မြောက်ကိုရီးယား သည် မကြာသေးမီ ကမှ ရေငုပ်သင်္ဘောအခြေပြု ပဲ့ထိန်းဒုံးကျည် အမျိုးအစားအသစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်ထားနိုင်သည်။

တောင်ကိုရီးယား၏ စစ်အင်အားတည် ဆောက်မှုတွင် နောက်ထပ်အရေးပါသည့် စစ်လက်နက်ပစည်းမှာ အမေရိကန် နိုင်ငံထုတ် F-35  ကိုယ်ပျောက် တိုက်လေယာဉ်များ ဖြစ်သည်။ တောင်ကိုရီးယားလေတပ်အနေဖြင့် ၂၀၂၁ ခုနှစ် အကုန်တွင်   ထိုတိုက် လေယာဉ် အမျိုးအစား၏ လေတပ်အတွက် မျိုးကွဲဖြစ်သည့် F-35 အစင်းရေ ၄၀ အထိ ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းနေသည်။

ပထမဆုံးနှစ်စင်းကို မတ်လကမှလက်ခံရရှိထားခြင်းဖြစ်ပြီး လက်ရှိတွင်ရှစ်စင်းအထိ ပိုင်ဆိုင်ထားပြီဖြစ်သည်။ ယခုနှစ် အကုန်ပိုင်း တွင် နောက်ထပ်ငါးစင်းကိုလက်ခံရရှိမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း ၁၄ စင်းရရှိမည် ဖြစ်ကြောင်း လေတပ်က အောက်တိုဘာ ၁၀  ရက်တွင်ထုတ်ပြန်ထားသည်။

ယခုအချိန်တွင် ထိုတိုက်လေယာဉ်များကို စစ်ဆင်ရေးတွင်  အပြည့်အ၀အသုံးချနိုင် ရန်အတွက် လေယာဉ်မှူးများ၊ ပြုပြင်ထိန်း သိမ်းရေး ပညာရှင်များကို သင်တန်းပေးခြင်း၊ ဆက်စပ်အဆောက်အအုံများနှင့်စနစ်များ ဆောက်လုပ်ခြင်း တို့ကို လုပ်ဆောင်နေကြောင်း  လေတပ်က လွှတ်တော်သို့တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားစစ်ဘက်သည် ဖြစ်ပေါ်လာနိုင်သောအခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင်လာသည်ကို တွေ့နေရသည်။ ထို့ကြောင့် နည်းပညာပိုင်းတွင်ခေတ် နောက်ကျခြင်းမရှိသည့် တောင်ကိုရီးယား နိုင်ငံအနေဖြင့် မဝေးတော့သော အနာဂတ် တွင် စွမ်းဆောင်ရည်မြင့် စစ်လက်နက် ပစ်္စည်းများကို ပိုင်ဆိုင် လာ နိုင်တော့မည်ဖြစ်သည်။

Ref: Yonhap

Read 61 times Last modified on Friday, 11 October 2019 11:51