SJ WorldNews - шаблон joomla Авто

လက်နက် အပြိုင် တပ်ဆင်မှုကို ဖြစ်ပေါ်လာစေနိုင်သည့် NATO ၏ မောင်းသူမဲ့ လေယာဉ်ဖြန့်ကြက်မှု

Monday, 25 November 2019 09:53 font size decrease font size decrease font size increase font size increase font size

လက်နက် အပြိုင် တပ်ဆင်မှုကို ဖြစ်ပေါ်လာစေနိုင်သည့် NATO ၏ မောင်းသူမဲ့ လေယာဉ်ဖြန့်ကြက်မှု

ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ထွက်ပေါ်လာနိုင်သည့်  ခြိမ်းခြောက်မှုများကို တန်ပြန်နိုင်ရေး ရည်မှန်းထားသည့် မြောက်အတ္တ လန်္တိတ် စာချုပ်အဖွဲ့ NATO သည်  ၎င်းတို့၏ စစ်ဘက်သုံး မောင်းသူမဲ့ လေယာဉ်များကို ပထမဆုံးအကြိမ် အဖြစ် ဥရောပ ဒေသသို့ဖြန့်ကြက်ခဲ့သည်။  

အမေရိကန်ပြည်ထောင်စုကဦးဆောင်သည့်  NATO   တပ်ဖွဲ့သည် ၎င်းတို့၏  RQ-4D အမျိုးအစား  လွတ်လပ်စွာ ထိန်းချုပ် ပျံသန်းနိုင်သည့် မောင်းသူမဲ့ လေယာဉ်ငါးစင်းပါဝင်သော မြေပြင် ထောက်ပံ့ရေးစနစ်ကို စစ်္စလီကျွန်းရှိ ဆီဂွန် နယ်လယ်လား ရေတပ် အခြေစိုက်စခန်းသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ NATO တပ်ဖွဲ့သည် အဆိုပါ မောင်းသူမဲ့ လေယာဉ် များကို ခြောက်လခန့် စမ်းသပ် မောင်းနှင်မည် ဖြစ်သည်။

NATO တပ်ဖွဲ့က  ၎င်းင်းတို့၏  မောင်းသူမဲ့ လေယာဉ်များကို ဥရောပ ဒေသသို့ ဖြန့်ကြက်ခဲ့ခြင်းသည် ဒေသအတွင်း လက်နက် အပြိုင် တပ်ဆင်မှုဖြစ်ပေါ်လာမည်ကို  ဒေသတွင်း နိုင်ငံများက စိုးရိမ်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

NATO တပ်ဖွဲ့က ဥရောပ၌ ဖြန့်ကြက် ခဲ့သည့် RQ-4D မောင်းသူမဲ့လေယာဉ်သည် ၂၀၀၅  ခုနှစ်က အကြမ်းဖက်တိုက် ဖျက်မှု စစ်ဆင်ရေးအတွင်း အလျင်အမြန် တပ်တော်ဝင်ခဲ့ရသည့်  RQ-4A မောင်းသူမဲ့လေယာဉ်များမှ   ဆင့်ကဲပြောင်းလဲ လာခြင်းဖြစ်သည်။  ဥရောပ၌   ဖြန့်ကြက်လိုက်သည့်   မောင်းသူမဲ့လေယာဉ်များသည် ယင်းဒေသရှိ NATO မဟာမိတ် နိုင်ငံများ အတွက်  မြေပြင်ကာကွယ်ရေး အထောက်အပံ့ပေးအပ်နိုင်မည်ဟု မျှော်လင့်ရသည်။

NATO  တပ်ဖွဲ့သည်  RQ-4D မောင်းသူမဲ့လေယာဉ်များကို   ဥရောပ၌ ဖြန့်ကြက်ရန်    နှစ်အတော်ကြာအောင် စောင့် ဆိုင်း နေခဲ့ ခြင်းဖြစ်သည်။ ယခုအခါ အမေရိကန်ဦးဆောင်သည့်  NATO မဟာမိတ်အဖွဲ့က မြေပြင်ထောက်လှမ်းရေး လုပ်ဆောင်ရန် ယင်းမောင်းသူမဲ့ လေယာဉ်များကို ဖြန့်ကြက်ခဲ့ခြင်းအပေါ်ကြိုဆိုကြောင်း NATO မဟာမိတ်အဖွဲ့မှ အတွင်း ရေးမှူးချုပ် ဂျန်စတိုတန်ဘာ့က ပြောကြားသည်။   ထို့ပြင်   NATO  တပ်ဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများ၏ဘုံလုံခြုံ ရေးကို  အထောက်အကူပြုနိုင်သည့် စွမ်းဆောင်ရည် တိုးမြှင့်ရန် လုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ထောက်ခံ ထားသည်။

ရုရှားသည် NATO တပ်ဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးကို  အဓိကခြိမ်းခြောက်နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ်   ရှုမြင်လျက် ရှိပြီး ယင်းနိုင်ငံမှထွက်ပေါ်လာသည့် ခြိမ်းခြောက်မှုများကို   တုံ့ပြန်ရန်  အရှေဥရောပရှိ    အဖွဲ့ဝင်နိုင်ငံများအတွင်း စစ်အင်အား တိုးချဲ့ဖြန့်ကြက်ရန် အစောပိုင်းကပင်  စီစဉ်ခဲ့ခြင်းဖြစ်သည်။ စင်စစ်ယူကရိန်းနိုင်ငံမှ  ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံပိုင်နက်အတွင်းသို့ ပေါင်းစည်း လိုက်ပြီးနောက်ပိုင်းမှစ၍ NATO အဖွဲ့ဝင် နိုင်ငံများ၏  စိုးရိမ်မှုကြီးထွားလာခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ပြင်   ယူကရိန်းမှ  ခွဲထွက်လိုသည့်  ရုရှားလိုလားသော  သူပုန်တပ်ဖွဲ့ကိုလည်းရုရှားအစိုးရက လူအင်အား၊ လက်နက် အင်အားဖြင့် ထောက်ပံ့ပေးနေသည် ဟူသော ပြောဆိုချက်များ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် NATO တပ်ဖွဲ့များ၏  စိုးရိမ် မကင်းဖြစ်မှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာပြီး  အရှေ့ဥရောပရှိ မဟာမိတ်နိုင်ငံများကို   ကာကွယ်ရန် ဟူသော အကြောင်းပြချက်ဖြင့်    ဥရောပဒေသ၊  အထူးသဖြင့် ရုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရှေ့ဥရောပ၌  စစ်အင် အားတိုး ချဲ့ခြင်း၊ စစ်လက်နက်ပစ်္စည်းများ ဖြန့်ကြက်ခြင်းတို့ကို  ယခင်ကထက် ပိုမို လုပ်ဆောင် လာခြင်းဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘောများကို ရှာဖွေဖော်ထုတ်နိုင်ရေး    ရေတပ်သုံးမောင်းသူမဲ့လေယာဉ်များ  အသုံးပြုရန်

NATO တပ်ဖွဲ့က ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို   ထုတ်ပြန်ခဲ့သည်။   အဆိုပါ ထုတ်ပြန်ချက်ကို NATO တပ်ဖွဲ့ဝင်  ၁၃နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင်     လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။ ကြေညာချက်အရ   အမေရိကန် ပြည်ထောင်စုနှင့်   ဗြိတိန်အပါအ၀င် နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ စပိန်၊ အီတလီ၊ ဂရိ၊ ဂျာမနီ၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံ  စသည့်ဥရောပနိုင်ငံများ အနေဖြင့် အဖွဲ့ဝင်နိုင်ငံ များကြား အပြန်အလှန် အသုံးပြုနိုင်သည့် ရေတပ်သုံး မောင်းသူမဲ့လေယာဉ်များနှင့်  စနစ်များကို  ယခင်ကထက်   ပိုမို ထုတ်လုပ် အသုံးပြုနိုင် မည်ဖြစ်သည်။

NATO  တပ်ဖွဲ့က   ဥရောပဒေသ အတွင်း စစ်ဘက်သုံးမောင်းသူမဲ့လေယာဉ်များကို ဖြန့်ကြက်ခြင်းသည် ဒေသအတွင်း၌ လက်နက်အပြိုင် တပ်ဆင်မှုကိုဖြစ်ပေါ် လာစေနိုင်ကြောင်း ဂျာမနီနိုင်ငံရှိ လေ့လာအကဲဖြတ်သူများက ပြောကြားခဲ့သည် ဟု Der Spiegel သတင်းစာကြီးက သတိပေး ဖော်ပြခဲ့သည်။ အကြောင်းမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ကြီးထွား လာသည့် အင်အားကို  ထိန်းချုပ်ရန်  အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ၎င်းတို့၏အမြင့်ပျံ RQ-4D မောင်းသူမဲ့ လေယာဉ် ၃၅ စင်းအနက်၂၁ စင်းကို ဥရောပတွင် ဖြန့်ကြက် ရေး    စီစဉ်နေခြင်းကြောင့်ပင်ဖြစ်သည်။

အမေရိကန်အစိုးရ၏ အဆိုပါလုပ်ဆောင် ချက်သည် စစ်အေးတိုက်ပွဲ ကာလအတွင်းကဖြစ်ပွားခဲ့သည့်    တင်းမာမှုထက်   ပိုမို ဆိုးရွားသည့် ပြိုင်ဆိုင်မှု တစ်ရပ်ဖြစ်ပေါ် စေနိုင်ပြီး အလွန်အနရာယ်ကြီးမားသည့် လုပ်ဆောင်ချက်အဖြစ် ထွက်ပေါ် လာမည် ဖြစ်ကြောင်း စစ်ရေး သုံးသပ်သူများက ပြောကြားသည်။

NATO  တပ်ဖွဲ့က    ဥရောပတွင်  စစ်ဘက်သုံးမောင်းသူမဲ့လေယာဉ်များအား ဖြန့်ကြက်ရန်စီစဉ်ခဲ့ခြင်းသည် အမေရိကန် အစိုးရက ရုရှားနှင့် ချုပ်ဆိုခဲ့သည့် စစ်အေး ကာလသဘောတူညီချက်တစ်ရပ်ဖြစ်သော တာလတ်ပစ်  နျူကလီးယား တပ်ဖွဲ့ ဆိုင်ရာ သဘောတူညီချက် (INF) မှ ယခုနှစ် အစောပိုင်းတွင် နုတ်ထွက်ပြီး နောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု    ဆိုနိုင် သည်။

ထို့ပြင် NATO တပ်ဖွဲ့သည် ၎င်းတို့၏ ကင်းထောက်လေယာဉ်များ   အဆင့်မြှင့်တင်ရေး  ဒေါ်လာ တစ်ဘီလီယံခန့် အသုံးပြုရန် စီစဉ်နေသည်ဟု    ယင်းအဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့က အတည်ပြု ပြောကြားထားသည်။

ယခုအခါ    ကင်းထောက်လေယာဉ် အဆင့်မြှင့်တင်ရေးအတွက် သဘောတူ စာချုပ်များချုပ်ဆိုနိုင်ရေး NATO တပ်ဖွဲ့မှ တာဝန် ရှိသူများက ကြိုးပမ်းနေကြပြီ ဖြစ်သည်။ NATO တပ်ဖွဲ့သည် လက်ရှိအသုံးပြုနေသည့်    ဘိုးရင်း ကုမဏီထုတ်   လေကြောင်း အနရာယ်ကြိုတင် သတိပေးရေး လေယာဉ်များကို  ၁၉၈၂ခုနှစ်မှစ၍ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်းလေ ယာဉ်များကို ၂၀၃၅ ခုနှစ်အထိ  မောင်းနှင်အသုံးပြု မည်ဖြစ်သည်။ သို့သော် အဆင့်မြှင့်တင်မှုကို မှန်မှန် လုပ်ဆောင်ရန် စီစဉ်ထားသည်။

NATO တပ်ဖွဲ့သည် အဆိုပါလေယာဉ်များကို များသောအားဖြင့် ဗြွှဥ တပ်ဖွဲ့ဝင်နိုင်ငံများ၏ ဝေဟင်ပိုင်နက်များအပေါ်  ခြိမ်း ခြောက်နေသည့် ဒုံးကျည်များ၊ ရန်သူ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများမှ လေယာဉ်များကို    ရှာဖွေ ထောက်လှမ်း ရာတွင် အသုံးပြုလျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရပါမူ   NATO တပ်ဖွဲ့က  ရုရှား၏ခြိမ်းခြောက်မှုဟူသောအကြောင်းပြချက်ဖြင့်   အဖွဲ့ဝင်နိုင်ငံများ နှင့်  ကာကွယ်ရေး ပူးပေါင်းမှုကို မြှင့်တင် ခြင်းနှင့်    ဥရောပဒေသ၌   စစ်ဘက်သုံးမောင်းသူမဲ့လေယာဉ်များကို ဖြန့်ကြက်ရန်

ဆုံးဖြတ်ခဲ့ခြင်းသည် ရုရှားနှင့် တရုတ်နိုင်ငံ တို့အား ထိန်းချုပ်ရန် ကြိုးပမ်းခြင်းဟူသော အမေရိကန်ပြည်ထောင်စု၏ မူဝါဒ တစ်စိတ် တစ်ဒေသအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ကို  တွေ့ရမည်ဖြစ်သည်။   ထို့ကြောင့် NATO တပ်ဖွဲ့၏ အဆိုပါ ဆုံးဖြတ် ချက်သည်  ဥရောပဒေသ၌  လက်နက်အပြိုင် တပ်ဆင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ကြောင်း ရေးသား တင်ပြ လိုက်ရ ပါသည်။  

Ref: Reuters, Defensenew

ဇေယျဘုန်း

........

Read 62 times Last modified on Monday, 25 November 2019 09:57