SJ WorldNews - шаблон joomla Авто

အာဒိုဂန်နှင့် ဒေါ်နယ်ထရမ့်တို့ကြား တင်းမာမှုပိုမိုမြင့်တက်စေနိုင်သည့် ပိတ်ဆို့မှု ချမှတ်ရန် အတည်ပြုမှု

Sunday, 15 December 2019 12:22 font size decrease font size decrease font size increase font size increase font size

ဆီးရီးယားနိုင်ငံအတွင်း ထိုးစစ်ဆင်ခဲ့မှုနှင့် ရုရှားမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ် ၀ယ်ယူခြင်းအတွက် တုံ့ပြန်သည့်အနေဖြင့် တူရကီအပေါ် ပိတ်ဆို့မှုများချမှတ်ရန် အမေရိကန်အထက်လွှတ်တော် က ပြီးခဲ့သည့်ရက်သတ်္တပတ်အတွင်း အတည်ပြုခဲ့သည်။ အထက်လွှတ်တော်၏ လုပ်ဆောင်ချက်သည် ပိတ်ဆို့မှုချမှတ်မည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ တူရကီအစိုးရက သတိပေးနေသည့်ကြားမှ ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် တူရကီအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ပါက တူရကီက လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံအတွင်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းများကို ပိတ်ပစ်ဖွယ် ရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်လက်ဆာဗူဆိုးဂလူးက အထက်လွှတ်တော်၏ ပိတ်ဆို့မှု ချမှတ်မည့်မူကြမ်းကို အတည်ပြုခြင်းမပြုမီ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်က တူရကီအပေါ်ပိတ်ဆို့မှုများ ချမှတ်ရန်ဆုံးဖြတ်မည်ဆိုပါက အဆိုပါလုပ်ဆောင်ချက်ကို တုံ့ပြန်သည့် အနေဖြင့် တူရကီက နိုင်ငံအတွင်းရှိ အမေရိကန် လေတပ်အခြေစိုက် စခန်းများဖြစ်သည့် Incirlik နှင့် Kurecik တို့ကို ပိတ်ပစ်မည်ဟု ဆာဗူဆိုးဂလူးက ဆိုလိုခြင်းဖြစ်သည်။ တူရကီအနေဖြင့် ရုရှားနိုင်ငံမှ ဒုံးကျည်ကာကွယ်ရေးစနစ် ၀ယ်ယူမည့်အစီအစဉ် ကိုစွန့်လွှတ်၍ အမေရိကန်မှ Patriot ဒုံးကျည် စနစ်များ ၀ယ်ယူရန် ထရမ့်က တူရကီအစိုးရအား ထပ်တလဲလဲ တိုက်တွန်းပြောကြားခဲ့သည်။ သို့ရာတွင် တူရကီကအမေရိကန်၏ ဖျောင်းဖျမှုကို လက်မခံဘဲရုရှားမှ ဒုံးကျည်ကာကွယ်ရေးစနစ် ၀ယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တူရကီအပေါ် ပိတ်ဆို့မှုချမှတ်ရေးကို အထက်လွှတ်တော်မှ နိုင်ငံခြားဆက်ဆံရေးကော်မတီက ဒီဇင်ဘာ ၁၁ ရက်တွင် ထောက်ခံမဲ ၁၈ မဲ၊ ကန့်ကွက်မဲ လေးမဲဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။ ထိုသို့အတည်ပြုရခြင်းမှာ တူရကီ၏ အပြုအမူကို ပြောင်းလဲပစ်ရေး အတွက် ယင်းနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း အထက်လွှတ်တော် အမတ်များကပြောသည်။ တူရကီက ရုရှားမှ S-400 ဒုံးကျည် ကာကွယ်ရေးစနစ်ဝယ်ယူခြင်းသည် အမေရိကန်အစိုးရနှင့် တူရကီတို့ကြား ဆက်ဆံရေးကို များစွာရိုက်ခတ်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင် များကြား ဆက်ဆံရေးဆိုးရွားစေခဲ့သည်ကို တွေ့ရသည်။ တူရကီအပေါ် ပိတ်ဆို့မှုများချမှတ်ရန် အထက်လွှတ်တော်က အတည်ပြုခြင်းသည်ထရမ့်နှင့် တင်းမာမှုမြင့်တက်လာစေနိုင်သည်ကို တွေ့ရ သည်။ အထူးသဖြင့် အမေရိကန်နှင့် တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်တို့ကြား အမေရိကန် လုပ်ဒုံးကျည်ကာကွယ်ရေးစနစ် ၀ယ်ယူရေး၊ ဆီးရီးယားအရေးတို့နှင့်စပ်လျဉ်း၍ စေ့စပ်ဆွေးနွေးမှု များအပေါ်သို့ပါ အကျိုးဆက်ဖြစ်ပေါ်လာစေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Read 265 times Last modified on Sunday, 15 December 2019 12:24