SJ WorldNews - шаблон joomla Авто

လစ်ဗျား၌အခြေစိုက်၍ စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်လာနိုင်သည့် IS စစ်သွေးကြွအဖွဲ့

Sunday, 15 December 2019 12:24 font size decrease font size decrease font size increase font size increase font size

လစ်ဗျားလက်နက်ကိုင် ပဋိပက်္ခတွင် ဆူဒန်နှင့် ချက်လက်နက်ကိုင် တပ်ဖွဲ့များက ၀င်ရောက်စွက်ဖက် နေခြင်းသည် လစ်ဗျားနိုင်ငံအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ်ရှိနေပြီး IS စစ်သွေးကြွအဖွဲ့က နိုင်ငံအတွင်းသို့ ၀င်ရောက်ထိန်းချုပ်ရန် ကြိုးပမ်းလာနိုင်သည်ဟု ကုလသမဂ္ဂအဖွဲ့မှ ကျွမ်းကျင်သူများက သတိပေးပြောကြားသည်။ လက်ရှိတွင် လစ်ဗျားနိုင်ငံသည် စစ်သွေးကြွအဖွဲ့၏ အနာဂတ် လှုပ်ရှားရာနယ်မြေတစ်ခုဖြစ်သည်ဟု IS စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ကြေညာ ထားပြီးဖြစ် သည်။ လစ်ဗျားအရေးတွင် ဆူဒန်နှင့်ချက်လက်နက်ကိုင်တပ်ဖွဲ့များ ၀င်ရောက်စွက်ဖက်မှုသည် ၂၀၁၉ ခုနှစ်အတွင်း ပိုမိုမြင့်တက်လာပြီး ယင်းကြေးစားတပ်ဖွဲ့ဝင်များ၏ စွက်ဖက်မှုသည် လစ်ဗျားနိုင်ငံ အတွင်း တည်ငြိမ်မှုပိုမိုပျက်ပြားစေသည်ဟု ကျွမ်းကျင်သူများက အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ ခဲ့သည်။ ထို့ကြောင့် IS စစ်သွေးကြွအဖွဲ့အနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြားနေခြင်းကို အခွင့် ကောင်းယူပြီး လစ်ဗျားနိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာမည့် အလားအလာ မြင့်တက်လျက် ရှိသည်ဟု ကျွမ်းကျင်သူများက သတိပေးထားခြင်းဖြစ်သည်။ လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်က အာဏာရှင်ဟောင်း ဂဒါဖီပြုတ်ကျပြီးချိန်မှစ၍ ပြည်တွင်းစစ်ဖြစ်ပွားလျက်ရှိပြီး နိုင်ငံအတွင်း ယခုအချိန် ထိ တည်ငြိမ်မှုမရှိသေးဘဲ လက်နက်ကိုင်အဖွဲ့ အတော်များများ ပေါ်ပေါက်လာခဲ့သည်။ နောက်ပိုင်း တွင် လစ်ဗျား၌ အစိုးရနှစ်ဖွဲ့ထွက်ပေါ်လာသည်။ ကုလသမဂ္ဂအဖွဲ့က မြို့တော်ထရီပိုလီ၌ ရုံးစိုက်ထား သည့် အစိုးရအဖွဲ့ကို တရားဝင်ထောက်ခံထားသည်။ ယင်းအစိုးရအဖွဲ့သည် တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ နိုင်ငံ၏အနောက်ပိုင်းကိုသာ ထိန်းချုပ်ထားနိုင်သည့် အနေအထားတွင် ရှိနေ သောကြောင့် နိုင်ငံ၏လုံခြုံရေးအခြေအနေမှာ တည်ငြိမ်မှုပျက်ပြားလျက်ရှိသည်။ IS စစ်သွေးကြွ အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့၌ စစ်ရေးအရ အထိနာခဲ့ပြီးနောက် လစ်ဗျားနိုင်ငံ၌အခြေစိုက်၍ စစ်ဆင်ရေးများ လုပ်ဆောင်ရန် အာရုံစိုက်လျက်ရှိသည်ဟု စစ်သွေးကြွခေါင်းဆောင် မာမွတ်မာဆွတ် အယ်ဘာရာဆီက ရုပ်သံမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ IS စစ်သွေးကြွအဖွဲ့သည် အဆိုပါ ရုပ်သံပြကွက်ကို ယခုနှစ် ဇူလိုင်လအတွင်းက ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။ IS စစ်သွေးကြွ အဖွဲ့အနေဖြင့် ဆီးရီးယား၌ ဆုံးရှုံးထားသမျှ လစ်ဗျားနိုင်ငံရှိ ရေနံမြေများကို သိမ်းယူခြင်းအားဖြင့် ကာမိစေရန် နိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာရေး တာစူနေခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ လက်ရှိ လစ်ဗျားနိုင်ငံအတွင်းလှုပ်ရှားနေသည့် IS စစ်သွေးကြွအဖွဲ့ငယ်များသည် ၎င်းတို့၏ ရပ်တည်နိုင်ရေးအတွက် လုယက်ခြင်း၊ ဖမ်းဆီးပြန်ပေးဆွဲခြင်းအားဖြင့် ငွေကြေး တောင်းခံ ခြင်း၊ လစ်ဗျားနိုင်ငံသားများအား ငွေညှစ်ခြင်းတို့ကို လုပ်ဆောင်၍ ၀င်ငွေရှာဖွေလျက်ရှိသည်။ ထို့ပြင် လစ်ဗျားနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူကုန်ကူးခြင်းအပေါ် ယင်းစစ်သွေးကြွအဖွဲ့က အခွန်ကောက် ခံလျက်ရှိသည်။ တစ်နည်းအားဖြင့် လူကုန်ကူးသည့် အဖွဲ့အစည်းများအပေါ် ငွေကြေး တောင်းခံခြင်း ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် မတည်မငြိမ်ဖြစ်နေသည့် လစ်ဗျားနိုင်ငံ၌ ဆူဒန်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့အစည်း ငါးခုပါဝင်တိုက်ခိုက်လျက်ရှိသည်။ အလားတူလစ်ဗျားနိုင်ငံ၌ စစ်ရေးအရ ၀င်ရောက် စွက်ဖက်နေသည့် ချက်လက်နက်ကိုင်တပ်ဖွဲ့အရေအတွက် လေးဖွဲ့ရှိသည်ကို တွေ့ရသည်။ ပြိုင်ဘက် အစိုးရအဖွဲ့များ ကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တည်ငြိမ်မှုပျက်ပြားနေခြင်းကို အခွင့် ကောင်းယူ၍ ဆီးရီးယားနှင့်အီရတ်မှ စစ်သွေးကြွများသည် လစ်ဗျားနိုင်ငံအတွင်း တိတ်တဆိတ် ၀င်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး အင်အားအတော်အတန် တောင့်တင်းလာသည့်နောက်ပိုင်းတွင် လူသစ် စုဆောင်းခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။ ထို့ကြောင့် အချုပ်အားဖြင့်ဆိုရပါမူနိုင်ငံအတွင်း ကွဲပြားနေသည့်အစိုးရအဖွဲ့များကြား တိုက်ခိုက်မှု၊ ဆူဒန်နှင့်ချက်လက်နက်ကိုင်တပ်ဖွဲ့များက ၎င်းင်းတို့ ထောက်ခံသည့် အစိုးရအဖွဲ့များဘက်မှစစ်ရေးအရ ပါဝင်တိုက်ခိုက်နေခြင်းသည် နိုင်ငံအတွင်းဖြစ်ပွား နေသည့် ပြည်တွင်းစစ်ပွဲကို ပိုမိုရှည်ကြာစေသောကြောင့် ယင်းအခြေအနေသည် IS စစ်သွေးကြွများ အတွက် မဟာအခွင့်အလမ်းတစ်ရပ် ထွက်ပေါ်လာပြီး လစ်ဗျားနိုင်ငံ၌ အခြေစိုက်၍ စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်လာနိုင်သည့် အလားအလာများ ရှိနေကြောင်းရေးသားတင်ပြလိုက်ရပါသည်။

Read 232 times Last modified on Sunday, 15 December 2019 12:25