SJ WorldNews - шаблон joomla Авто

အင်ဒို-ပစိဖိတ်ဒေသ၌ အမေရိကန်နှင့်အားပြိုင်ရာတွင် များစွာအထောက်အကူပြုမည့် တရုတ်၏ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောသစ်

Thursday, 19 December 2019 11:35 font size decrease font size decrease font size increase font size increase font size

ကာကွယ်ရေး

တရုတ်နိုင်ငံသည် တို့၏ပထမဆုံး သော ပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောသစ်တစ်စင်းကို ဒီဇင်ဘာ ၁၇ ရက်တွင် နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်ယာ မြို့ရှိ ရေတပ်အခြေစိုက်စခန်း၌တပ်တော်ဝင် ခဲ့သည်။ တရုတ်အစိုးရသည် ၁၉၉၈ ခုနှစ်တွင် ယူကရိန်းနိုင်ငံမှဝယ်ယူခဲ့သည့် ဆိုဗီယက်ခေတ် Varyag  လေယာဉ်တင် သင်္ဘော အား နိုင်ငံအတွင်းပြန်လည် မွမ်းမံခဲ့ ပြီး လျှောင်းနင်ဟုအမည်ပေးပြီးနောက်ပိုင်း မှစ၍  ရည်မှန်းချက်ကြီး လှသည့် စစ်တပ် အဆင့်မြှင့်တင်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့်အပြင် ရေတပ်အား  Blue Water Navy အဆင့်သို့ ရောက်ရှိစေရန်အတွက်  မဟာဗျူဟာ တစ်ရပ်ချမှတ်၍ ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ မဟာဗျူဟာ၏ အရေးပါသည့် လုပ်ဆောင်ချက် တစ်ရပ်မှာ  လေယာဉ်တင်သင်္ဘော တည်ဆောက်ရေး အစီအစဉ်ဖြစ်သည်။

သို့ရာတွင် အဆိုပါ လေယာဉ်တင်သင်္ဘောတည်ဆောက်ရေး အစီအစဉ်အား တရုတ်အစိုးရက နိုင်ငံတော် လျှို့ဝှက် ချက် တစ်ရပ်အဖြစ်   သတ်မှတ် ထားသည်။

ရှန်တုန်းဟု  အမည်ပေးထားသည့် လေယာဉ်တင် သင်္ဘောအသစ်ကြီးကို တလျှန်း သင်္ဘော တည်ဆောက်ရေး လုပ်ငန်းက  တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရက ပြီးခဲ့သည့်နှစ် ကတည်းက  ရေချ စမ်းသပ် ခဲ့ခြင်းဖြစ်သည်။

ရေချစမ်းသပ်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကြောင့် စမ်းသပ်ချိန်သည် မျှော်မှန်းထားသည်ထက်   ပိုမိုကြာ မြင့်ခဲ့သည်ဟု  ကျွမ်းကျင်သူများက ဆိုသည်။   လေယာဉ်တင် သင်္ဘောသစ်သည်  J-15  အမျိုးအစား တိုက် လေယာဉ် ၃၆ စင်းခန့်ကို  တင်ဆောင်နိုင်မည်ဟု တရုတ် အစိုးရက  မျှော်လင့်ထားသည်။

တရုတ်နိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် လျှောင်းနင် လေယာဉ်တင်သင်္ဘောနှင့် နှိုင်းယှဉ်ပါက ရှန်တုန်း လေယာဉ် တင် သင်္ဘောသည် တိုက်လေယာဉ် အရေအတွက် ပိုမို တင်ဆောင်နိုင်မည်ဖြစ်သည်။ လျှောင်းနင် လေယာဉ်တင် သင်္ဘောသည် တိုက်လေယာဉ် ၂၄စင်းကိုသာ  တင်ဆောင်နိုင်ပြီး ရေတပ်က သင်္ဘောကို များသောအားဖြင့် လေ့ကျင့် သင်ကြားရေးတွင် အသုံးပြုနေသည်။

ရှန်တုန်း လေယာဉ်တင် သင်္ဘောအား တပ်တော်ဝင်သည့် အခမ်းအနားသို့ တရုတ် သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်က ဒုတိယ ဝန်ကြီးချုပ် လျူဟေနှင့် ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ကျန်းယူရှာတို့ နှင့်အတူ တက်ရောက် ခဲ့သည်။

တရုတ်နိုင်ငံသည် တို့၏ တတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်လာမည့် ဒုတိယမြောက်  ပြည်တွင်းဖြစ် လေယာဉ် တင်သင်္ဘောတစ်စင်းကို ရှန်ဟိုင်းအနီးရှိ ကျန်းနန်သင်္ဘောကျင်း၌   ထပ်မံတည် ဆောက်လျက်ရှိသည်။   ပြီးခဲ့ သည့်နှစ် စက်တင်ဘာလအတွင်းက  ဂြိုဟ်တုမှ ရိုက်ကူးခဲ့သည့်ပုံရိပ်နှင့်အချက်အလက်များ အရ အဆိုပါ လေယာဉ်တင် သင်္ဘော၏ အရွယ်အစားမှာ ပိုမိုကြီးမားပြီး ကျန်းနန်သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့သည့် သင်္ဘောကြီးများအနက် အကြီးမားဆုံး ဖြစ်သည်ဟု ကျွမ်းကျင်သူများကပြောသည်။

နိုင်ငံ၏တတိယမြောက်  လေယာဉ်တင် သင်္ဘောအား တည်ဆောက်လျက်ရှိသည်ဟု တရုတ်စစ်ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မရှိသော်လည်း နိုင်ငံပိုင်မီဒီယာက အတည်ပြုဖော်ပြထားသည်။

တရုတ်နိုင်ငံသည်    အမေရိကန် ပြည်ထောင်စု အပါအဝင် အင်ဒို- ပစိဖိတ် ဒေသရှိ အခြား အင်အားကြီး နိုင်ငံများနှင့် ယှဉ်ပြိုင် နိုင်ရေးအတွက်   အနည်းဆုံး လေယာဉ်တင် သင်္ဘောခြောက်စင်း လိုအပ်မည်ဖြစ်သည်။ အမေရိကန်ပြည် ထောင်စုသည် လက်ရှိတွင် လေယာဉ်တင်သင်္ဘော အနည်းဆုံး ၁ဝ စင်းကို အသုံးပြုလျက်ရှိပြီး နောက်ထပ်နှစ်စင်း ထပ်မံ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

အချုပ်အားဖြင့် တရုတ်နိုင်ငံက တို့၏ပြည်တွင်းဖြစ်  ရှန်တုန်းလေယာဉ်တင် သင်္ဘောသစ်ကို တပ်တော်ဝင်နိုင် ခဲ့ခြင်းသည် ယင်းနိုင်ငံအတွက် ထူးခြားသည့် လက်နက်နည်းပညာတိုးတက်မှုကိုဖော်ပြ ခဲ့ခြင်းဖြစ်သည်။ တရုတ် အနေဖြင့် လက်ရှိတွင် အမေရိကန်ပြည်ထောင်စုနှင့် ပခုံးချင်းယှဉ်နိုင်ရေးအတွက် ဆယ်စုနှစ်တစ်ခုကြာ  ကြိုးပမ်းရ မည်ဖြစ်သော်လည်း ရှန်တုန်း လေယာဉ်တင်သင်္ဘောသစ်သည်  အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်စစ်ရေယာဉ် များနှင့် အားပြိုင်ရာတွင် များစွာအထောက် အကူပြုမည်ဖြစ်သည်။

Ref: Reuters, Sputnik

Read 287 times Last modified on Thursday, 19 December 2019 11:37