SJ WorldNews - шаблон joomla Авто

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နဲ့ပစ်အားကွာဟမှုကို အမီလိုက်မယ့် အမေရိကန်ရဲ့ ကြိုးပမ်းချက်များ

Tuesday, 19 May 2020 10:13 font size decrease font size decrease font size increase font size increase font size

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားမှာ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုနဲ့ပတ်သက်ပြီး တစ်ဖက်နဲ့တစ်ဖက် အချေအတင်ဖြစ်လာစဉ်မှာပဲ   ပစိဖိတ်ဒေသ အင်အားကြီးတွေဖြစ်တဲ့ သူတို့နှစ်နိုင်ငံကြားက စစ်ရေးအင်အား ပြိုင်ဆိုင်မှုဟာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။    အဲဒီအလှည့် အပြောင်းကတော့   တရုတ်နိုင်ငံရဲ့ဒုံးလက်နက် အင်အားသာလွန်မှုကို အမီလိုက်နိုင်ဖို့ အမေရိကန်ဆီကနေ လက်နက်အသစ်တွေနဲ့ မဟာဗျူဟာတွေ ထွက်ပေါ်လာမှုပါ။

ပြီးခဲ့တဲ့     ဆယ်စုနှစ်များအတွင်းမှာ  တရုတ်နိုင်ငံက သူတို့ရဲ့ပစ်အားကိုတစ်ဟုန် ထိုးတိုးမြှင့်လာစဉ်မှာပဲ    အမေရိကန်က တော့ သိသာထင်ရှားလှတဲ့ပစ်အားတိုးမြှင့် မှုတွေကိုလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အဓိကကတော့ စစ်အေးကာလ လက်နက် ထိန်းချုပ်ရေးသဘောတူစာချုပ်ကြောင့် ဖြစ်ပါတယ်။

အခုတော့ အဲဒီစာချုပ်လည်း ပျက်ပြယ်သွားချိန်မှာ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရက အာရှ-ပစိဖိတ်ဒေသမှာ တာဝေးပစ်၊ မြေပြင်ပစ်ခရု(စ်)ဒုံးကျည်တွေကို ဖြန့်ကြက်ဖို့စီစဉ်လာပါတယ်။ မရိန်းတပ်ဖွဲ့တွေကိုဆိုရင် လက်ရှိ အမေရိကန် စစ်သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့ တိုမာဟော့ဒုံးကျည် မျိုးကွဲအမျိုးမျိုးကို တပ်ဆင်ပေးဖို့ ပင်တဂွန် စစ်ဌာနချုပ် ကရည်ရွယ်ထားတယ်လို့ ၂၀၂၁ ခုနှစ်အတွက် ဘတ်ဂျက်တင်တောင်းမှုနဲ့ အမေရိကန်စစ်ဘက် တာဝန်ရှိသူတွေရဲ့ မတ်လတုန်းက လွှတ်တော်မှာပြောဆိုမှုတွေမှာ  တွေ့ရပါတယ်။  ဒါ့အပြင် တာဝေးပစ် သင်္ဘောဖျက် ဒုံးကျည် အမျိုးအစားအသစ် တွေကိုလည်း ဖြန့်ကြက်သွားဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ ပြောဆိုမှုတွေနဲ့ လုပ်ရပ်တွေကိုသတိထားဖို့၊ ဒေသတွင်းမှာ စစ်အင်အားကစားမှုတွေနဲ့ တရုတ် နိုင်ငံပတ်ဝန်းကျင်မှာ စစ်ရေးအင်အားပြမှု တွေကိုရပ်တန့်ဖို့ တရုတ်အစိုးရက တိုက်တွန်းထားပါတယ်။

အမေရိကန်ရဲ့ လုပ်ဆောင်မှုတွေဟာ  မြေပြင်ပစ်ခရု(စ်)ဒုံးကျည်နဲ့ ပဲ့ထိန်းဒုံးကျည် စနစ်တွေမှာအရေးသာနေတဲ့     တရုတ်နိုင်ငံကို တုံ့ပြန်ဖို့ရည်ရွယ်တာပါ။ ဒါ့အပြင် စားကျက်လုစစ်ပွဲလို့ မဟာဗျူဟာပညာ ရှင်တွေက သတ်မှတ်ထားတဲ့ စစ်ပွဲမှာ တရုတ် နိုင်ငံကဦးဆောင်နေမှုကို    လျှော့ချဖို့ကိုလည်း ပင်တဂွန်စစ်ဌာနချုပ်က ရည်မှန်း ထားပါတယ်။    တရုတ်တပ်မတော်ဟာ အမေရိကန်နဲ့ဒေသတွင်း မဟာမိတ်နိုင်ငံတွေအထိ ရောက်ရှိတိုက်ခိုက်နိုင်တဲ့ ဒုံး တပ်ဖွဲ့ကို တည်ဆောက်ထားနိုင်ပြီ ဖြစ်တဲ့အတွက် ဒုံးလက်နက်ပိုင်ဆိုင်မှုမှာ ရှေ့ကို လွတ်လွတ်ကျွတ်ကျွတ် ရောက်နေတယ်လို့  အမေရိကန်ထိပ်တန်း စစ်ဘက်အရာရှိကြီးတွေနဲ့ စစ်ဘက်မဟာဗျူဟာအကြံပေး တွေက ပြောပါတယ်။  

အမေရိကန်ဘက်က   နည်းဗျူဟာ ပြောင်းလဲမှုမှာတော့ မရိန်းတပ်ဖွဲ့တွေဟာ ရေတပ်နဲ့ပူးပေါင်းပြီး ရန်သူ့စစ်သင်္ဘော တွေကိုတိုက်ခိုက်သွားမှာပါ။ သင်္ဘောဖျက် ဒုံးကျည်တွေတပ်ဆင်ထားတဲ့ အသေးစား နဲ့ရွေ့လျားမရိန်းတပ်ဖွဲ့ငယ် တွေဟာ တစ်ချိန်မှာ သင်္ဘောဖျက်သမားတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်တဲ့အချိန်မှာဆိုရင် မရိန်းတပ်ဖွဲ့ငယ် တွေက ပစိဖိတ်အနောက်ပိုင်းနဲ့ ပထမကျွန်းတန်းလို့ခေါ်တဲ့ ဒေသတစ်လျှောက်မှာရှိတဲ့ အဓိကကျတဲ့နေရာတွေမှာ ဖြန့်ခွဲနေရာယူမှာပါ။ ပထမကျွန်း တန်းဆိုတာကတော့ ဂျပန်ကျွန်းစုမှသည်  တရုတ်(တိုင်ပေ)၊ ထိုမှတစ်ဖန် ဖိလစ်ပိုင်၊ ဘော်နီယိုကျွန်းနဲ့    တရုတ်ကမ်းရိုးတန်း ပင်လယ်ပြင်တစ်ခုလုံးပါဝင်တဲ့ ဒေသဖြစ်ပါတယ်။

အဓိကအားဖြင့် ပစိဖိတ်အနောက်ပိုင်း မှာရှိတဲ့ရေပြင်ကို ရေတပ်ကထိန်းချုပ်နိုင်ဖို့ အတွက်     တိကျပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ မရိန်းတပ်ဖွဲ့ငယ်တွေက အကောင်းဆုံး ကူညီထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ဒီလိုထောက်ပံ့ပေးဖို့အတွက် အကောင်းဆုံးလက်နက်ကတော့ တိုမာဟော့ဒုံးကျည်တွေပဲဖြစ်တယ်လို့  မရိန်းတပ်ဖွဲ့မှူး  ဗိုလ်ချုပ်ကြီး ဒေးဗစ်ဘာဂါက ပြောပါတယ်။ တိုမာဟော့ဒုံးကျည်ဆိုတာ ၁၉၉၁ ခုနှစ်  ပင်လယ်ကွေ့စစ်ပွဲမှာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့်  ယနေ့အချိန်အထိ နာမည်ကျော်ဒုံးကျည်အဖြစ် ရပ်တည်နေတာပါ။ ဒါကြောင့် အမေရိကန် စစ်ရေယာဉ်တွေက ဆယ်စုနှစ်တစ်ခု ကျော်ကြာတဲ့အထိ တိုမာဟော့ဒုံးကျည်တွေကို တပ်ဆင်ပြီး မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အခုတိုမာဟော့ဒုံးကျည်တွေကို  လက်ခံရတော့မယ့် မရိန်းတပ်ဖွဲ့က  ၂၀၂၃  ခုနှစ်မှာ ဒုံးကျည်တွေနဲ့တိုက်ပွဲဝင်  အသင့်ဖြစ်ဖို့အတွက်  ၂၀၂၂ ခုနှစ်အထိ ပစ်ခတ်စမ်းသပ်မှုတွေကို လုပ်သွားမှာပါ။

အစောပိုင်းမှာတော့ မြေပြင်ပစ်ခရု(စ်) ဒုံးကျည်ပမာဏ အနည်းငယ်တပ်ဆင်မှုက   ဒေသတွင်း အင်အားချိန်ခွင်လျှာကို ပြောင်းလဲသွားစေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ စစ်လက်နက်ပစ္စည်းကဏ္ဍမှာ ယှဉ်ပြိုင်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ ပြင်းထန်လွန်းတဲ့နိုင်ငံရေး သတင်းစကားတစ်ခုကို ပေးရာ ရောက်ပါတယ်။ ရေရှည်မှာဆိုရင်တော့ ဒီလိုလက်နက်တွေ တပ်ဆင်မှုများပြားလာပြီး ဂျပန်နဲ့တရုတ်(တိုင်ပေ) တို့မှာရှိတဲ့ အလားတူဒုံးကျည်တွေနဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒါဟာ တရုတ်တပ်မတော်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ လတ်တလောမှာ တရုတ်တပ်မတော်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုကြီး ကတော့   လက်ရှိအမေရိကန်ရေတပ်နဲ့  လေတပ်တိုက်ခိုက်ရေးလေယာဉ်တွေမှာ အသုံးပြုနေပြီဖြစ်တဲ့ တာဝေးပစ်သင်္ဘော ဖျက်ဒုံးကျည် အသစ်တွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း အမေရိကန်ဟာ အရှေ့အလယ်ပိုင်းနဲ့   အာဖဂန်နစ္စတန်တို့အရေးမှာပဲ ဗျာများနေခဲ့ပါတယ်။ အဲဒီကာလမှာပဲ  စစ်အင်အားကို အရှိန်အဟုန်နဲ့ တိုးမြှင့်လာတာက တရုတ်တပ်မတော်ပါ။  တရုတ်တပ်မတော်ဟာ အာရှဒေသရှိ အမေရိကန်ရဲ့ ပင်မကျောရိုးဖြစ်တဲ့ စစ်အခြေစိုက်စခန်းကွန်ရက်တွေ၊ လေယာဉ်တင်သင်္ဘောတွေ၊ စစ်သင်္ဘောတွေကို တိုက်ခိုက်နိုင်ဖို့ အဓိကရည်ရွယ်ပြီး  ဒုံးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် တရုတ်တပ်မတော်ရဲ့ ဒုံးကျည်တွေဟာ အမေရိကန်နိုင်ငံအပြင် အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ ဒုံးကျည်စွမ်းဆောင်ရည်နဲ့ တန်းတူဖြစ်ရုံသာမက သာလွန်လာပါပြီ။ အဲဒီကာလအတွင်းမှာပဲ တရုတ်သင်္ဘောကျင်းတွေက တရုတ်ရေတပ်ကို ကမ္ဘာ့ဒုတိယမြောက်အကြီးဆုံး ရေတပ်ဖြစ်အောင် စွမ်းဆောင်ပေး လိုက်နိုင်ပါတယ်။ အခုဆိုရင် အဲဒီသင်္ဘောကျင်းတွေကြောင့်ပဲ တရုတ်ရေတပ်ဟာ နိုင်ငံရဲ့ပိုင်နက်ပင်လယ် ပြင်ကိုလွှမ်းမိုးလာနိုင်ပြီး အမေရိကန်တပ်ဖွဲ့တွေကို   တရုတ်ပိုင်နက် အနားမကပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါပြီ။

တရုတ်နိုင်ငံအနေနဲ့ အခုလိုမျိုး စစ်အင်အားကို စိတ်ကြိုက်တိုးမြှင့်လာနိုင်တာက စစ်အေးကာလ သဘောတူ စာချုပ်ဖြစ်တဲ့ တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့သဘော တူစာချုပ်(INF)ပါ အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် ဖြစ်ပါတယ်။ ဒီစာချုပ်မှာ ပါတဲ့နှစ်နိုင်ငံက အမေရိကန်နဲ့ရုရှားတို့သာ ဖြစ်ပြီး အကွာအဝေးကီလိုမီတာ ၅၀ဝ မှ ကီလိုမီတာ ၅၅၀ဝ အထိ ရောက်ရှိနိုင်တဲ့ မြေပြင်ပစ် အကြီးစားပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရု(စ်)ဒုံးကျည်တွေ လက်ဝယ်ပိုင်ဆိုင်ဖြန့်ကြက်မှုကို သဘောတူစာချုပ်ကတားမြစ် ထားပါတယ်။ ဒီစာချုပ်ကို လိုက်နာစရာမလိုတဲ့ တရုတ်ကတော့ ဒီလိုဒုံးကျည်အစင်းပေါင်း ၂၀ဝ၀ ကျော်ကို ဖြန့်ကြက်ခဲ့တယ်လို့  အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေက ခန့်မှန်းထားပါတယ်။

တရုတ်တပ်မတော်ဟာ မြေပြင်မှာသူ့ရဲ့ ဒုံးတပ်ဖွဲ့ကို သာလွန်တဲ့ စွမ်းပကားရရှိအောင် တည်ဆောက်နေစဉ် တစ်ချိန်တည်း မှာပဲ  စစ်ရေယာဉ်တွေ၊  တိုက်ခိုက်ရေး လေယာဉ်တွေအတွက် စွမ်းအားပြင်းတဲ့ တာဝေးပစ် သင်္ဘောဖျက်ဒုံးကျည်တွေကို လည်းဖန်တီးနေတာပါ။ ဒီလိုမျိုးအခြေအနေတွေကြောင့် ဒေသတွင်းအင်အား ချိန်ခွင်လျှာမှာ တရုတ်ဘက်က အလေးသာနေခဲ့ပါတယ်။ ဒီအချိန်မှာ တကယ့်တကယ်တမ်း ပင်လယ်ပြင်စစ်ပွဲ ဖြစ်လာခဲ့ရင် အာရှဒေသမှာစစ်ရေးအရ လွှမ်းမိုးထားနိုင်တဲ့ အမေရိကန်အနေနဲ့ တရုတ်ကို ယှဉ်နိုင်ဖို့ဆိုတာမယုံကြည် ရဲတဲ့ အခြေအနေဖြစ်လာတယ်လို့ အငြိမ်းစား အမေရိကန် စစ်မှုထမ်းဟောင်းတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ဗိုလ်ချုပ်ကြီး တွေအနေနဲ့ တရုတ်နဲ့စစ်ရေးကစားကွက်မှာ အနည်းငယ် လူးသာလွန့်သာရှိလာပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကတော့ INF ကနေ အမေရိကန်နုတ်ထွက်တာပါ။ အဲဒီစာချုပ်ကနေ ဩဂုတ် ၂ ရက်မှာ နုတ်ထွက်ပြီးချင်း အမေရိကန် အစိုးရအဖွဲ့ဘက်က တရုတ်ရဲ့ဒုံးတပ်ဖွဲ့အပေါ် တုံ့ပြန်ဖို့ပြင်ဆင်လာပါတော့တယ်။ ဩဂုတ် ၃ ရက်မှာတော့ အာရှ ဒေသမှာ မြေပြင်ပစ်ဒုံးကျည်တွေကို လပိုင်းအတွင်း ဖြန့်ကြက်တာမြင်ချင်တယ်လို့  ကာကွယ်ရေးဝန်ကြီး မာ့အက်စပါက ပြောပါတယ်။ ဒီလိုဖြန့်ကြက်မှုဟာ အချိန်များစွာ ကြာမြင့်မယ်ဆိုတာကို သိသိကြီးနဲ့  မာ့အက်စပါက ပြောလိုက်ခြင်း ဖြစ်ပါတယ်။

ဩဂုတ်လနှောင်းပိုင်းမှာ ပင်တဂွန်စစ်ဌာနချုပ်က မြေပြင်ပစ်တိုမာဟော့ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်မှုလုပ်ပါတယ်။ ဒီဇင်ဘာလမှာ မြေပြင်ပစ်အကြီးစားပဲ့ထိန်း ဒုံးကျည်ကိုစမ်းသပ်ပစ်ခတ်ပါတယ်။ စမ်းသပ်လိုက်တဲ့ဒုံးကျည်တွေ အားလုံးက INF မှာ ကန့်သတ်ထားတဲ့ ဒုံးကျည်တွေဖြစ်ပါတယ်။ ဒါပေမဲ့ INF ကနေနုတ်ထွက်ပြီးတဲ့အတွက် အမေရိကန်အနေနဲ့ ဒီဒုံးကျည်တွေစမ်းသပ်မှုကြောင့်   ဖြစ်လာမယ့်အကျိုးဆက်ကို မှုစရာမလိုတော့ပါဘူး။

 

ဆက်လက်ဖော်ပြပါမည်။

 

Read 63 times Last modified on Tuesday, 19 May 2020 10:13