SJ WorldNews - шаблон joomla Авто

အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နဲ့ပစ်အားကွာဟမှုကို အမီလိုက်မယ့် အမေရိကန်ရဲ့ကြိုးပမ်းချက်များ

Wednesday, 20 May 2020 15:32 font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

မရိန်းတပ်ဖွဲ့အနေနဲ့ မြေပြင်ပစ်ခရု(စ်)ဒုံးကျည်တွေကို  အမြန်ဆုံးဖြန့်ကြက်ဖို့ အမေရိကန် စစ်ဘက်ခေါင်းဆောင်တွေက  ညွှန်ကြားထားတယ်လို့ မရိန်းတပ်ဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီးအဲရစ်စမစ်က အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များ ကော်မတီကိုပြောပါတယ်။

အစိုးရကတင်ထားတဲ့ ဘတ်ဂျက်မှာ ဖော်ပြချက်အရဆိုရင် မရိန်းတပ်ဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ်ကနေစပြီး တိုမာဟော့ ဒုံးကျည် ၄၈ စင်းဝယ်ယူဖို့အတွက် အမေရိကန်ဒေါ်လာ ၁၂၅ သန်း တောင်းခံထားတာကိုတွေ့ရပါတယ်။ တိုမာဟော့ ဒုံးကျည်ဆိုတာ အကွာအဝေးကီလိုမီတာ ၁၆၀ဝ အထိရောက်ရှိနိုင်တဲ့ ဒုံးကျည်ဖြစ်တယ်လို့ အဲဒီဒုံးကျည်ကို ထုတ်လုပ်တဲ့ ရေးသီယွန်ကုမ္ပဏီက ပြောပါတယ်။

ဒါ့အပြင်  မရိန်းတပ်ဖွဲ့ဟာ  တာတိုအောက် သင်္ဘောဖျက်ဒုံးကျည်ဖြစ်တဲ့  အဏ္ဏဝါတိုက်ခိုက်ရေး ဒုံးကျည် တစ်စင်း ကိုလည်း မြေပြင်ဒုံးပစ်စင်ကနေ စမ်းသပ်ပစ်ခတ်ပြီးပါပြီ။ နောက်တစ်ကြိမ် စမ်းသပ်ပစ်ခတ်မှုကိုတော့  ဇွန်လမှာ လုပ်သွားမယ်လို့သိရပါတယ်။  တကယ်လို့ စမ်းသပ်မှုကို အောင်မြင်စွာ  လုပ်ဆောင်နိုင်တယ်ဆိုရင် ၂၀၂၂ ခုနှစ်မှာ အဲဒီဒုံးကျည်အစင်းပေါင်း ၃၆ စင်းကိုမှာယူသွားမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးအဲရစ်စမစ်က ပြောပါတယ်။ လက်ရှိမှာ အမေရိကန်ကြည်းတပ်က စစ်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ မြေပြင်ပစ်တာဝေး ဒုံးကျည်အသစ် တစ်မျိုးကို စမ်းသပ်နေပါတယ်။ အကယ်၍ INF မှာသာ အမေရိကန်ဆက်ရှိနေရင် ဒီဒုံးကျည်တွေ ထုတ်လုပ်စမ်းသပ်မှု ကလည်း တရားဝင်မှာမဟုတ်ပါဘူး။

မရိန်းတပ်ဖွဲ့အနေနဲ့ မြေပြင်နဲ့ရေပြင်မှာရှိတဲ့ တာဝေးရွေ့လျားပစ်မှတ်တွေကို တိုက်ခိုက်နိုင်စေမယ့် စနစ်တစ်ခုကို ဖြန့်ကြက်ဖို့ စဉ်းစားထားပါတယ်။ ဒါကြောင့် အဏ္ဏဝါတိုက်ခိုက်ရေး ဒုံးကျည်တွေက စစ်သင်္ဘောတွေကို ထိရောက်စွာ ပစ်မှတ်ထားနိုင်ခြင်းရှိ၊ မရှိနဲ့ တိုမာဟော့ဒုံးကျည်တွေက မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ခြင်း ရှိ၊ မရှိ သုံးသပ်နေတယ်လို့ မရိန်းတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကလည်း အသံထက်အလွန်မြန် နည်းပညာအတွက် ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ တောင်းခံပြီး တာဝေးပစ် လက်နက်အသစ်တွေကို သုတေသနပြုနေပါတယ်။ အထူးသဖြင့် ဒုံးကျည်များအတွက် ဖြစ်ပါတယ်။

ပထမကျွန်းတန်းဆိုတာ တရုတ်ရဲ့ ရေတပ်အင်အားတိုးချဲ့မှုကို တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန်ဘက်က သုံးနိုင်တဲ့ သဘာဝ အတားအဆီးဖြစ်တယ်လို့ စစ်မဟာဗျူဟာပညာရှင် ဂျိမ်းဟုမ်းနဲ့တိုရှီယိုရှီဟာရာတို့က လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုနီးပါးအကြာက ခန့်မှန်းထားခဲ့ပါတယ်။ တကယ်လို့ ပထမကျွန်းတန်း တစ်လျှောက်မှာသာ  မြေပြင်ပစ် သင်္ဘောဖျက်ဒုံးကျည်တွေကို ဖြန့်ကြက်နိုင်မယ်ဆိုရင် ဒါဟာလျင်မြန်စွာ တိုးချဲ့လာနေတဲ့ တရုတ်ရေတပ်ကို ထိန်းချုပ်မယ့် မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပစိဖိတ်အနောက်ပိုင်းထဲကို တရုတ်စစ်သင်္ဘောတွေ မရောက်လာစေဖို့ အဓိကကျတဲ့လက်နက်တွေ ဖြစ်လာမယ်လို့ သူတို့ကယူဆထားခဲ့ပါသေးတယ်။

တရုတ်တပ်မတော်ရဲ့ မြေပြင်ပစ်ခရု(စ်)ဒုံးကျည်တွေနဲ့ အကြီးစား ပဲ့ထိန်းဒုံးကျည်တွေကြောင့် အမေရိကန်နဲ့ မဟာမိတ်ရေတပ်တွေက တရုတ်ကမ်းရိုးတန်းအနီးမှာ ဘယ်လိုမှလှုပ်ရှား စစ်ဆင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပထမကျွန်းတန်းမှာသာ မြေပြင်ပစ်ဒုံးကျည်တွေကို ဖြန့်ကြက်လိုက်မယ်ဆိုရင် တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နဲ့ ပင်လယ်ဝါတို့မှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ တရုတ်စစ်သင်္ဘော တွေအပြင် ပစိဖိတ်အနောက်ပိုင်းကို ထိုးဖောက်ဝင်နိုင်ဖို့ ကြိုးပမ်းတဲ့စစ်သင်္ဘောတွေကိုလည်း ခြိမ်းခြောက် လာနိုင်ပါလိမ့်မယ်။ ဒီလို ရည်ရွယ်ချက်ကြောင့်ပဲ ဂျပန်နဲ့တရုတ်(တိုင်ပေ)တို့က မြေပြင်ပစ်သင်္ဘောဖျက်ဒုံးကျည်တွေ ကို ဖြန့်ကြက်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်အနေနဲ့ ပထမကျွန်းတန်းတစ်ခုလုံးကို သူ့အိတ်ကပ်ထဲထည့်နိုင်ဖို့အတွက် အခက်တွေ့နေပါတယ်။ အဓိကအကြောင်းရင်းကတော့ ဖိလစ်ပိုင်သမ္မတဒူတာတေက အမေရိကန်နဲ့လက်တွဲဖြုတ်ပြီး တရုတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထူထောင်နေလို့ပါ။ ဖေဖော်ဝါရီလမှာ ဒူတာတေက အမေရိကန်နဲ့ရရှိထားတဲ့ လုံခြုံရေး သဘောတူစာချုပ်ကို ဖျက်သိမ်းလိုက်ခြင်းဟာ အမေရိကန်အနေနဲ့ မဟာဗျူဟာကျတဲ့ ကျွန်းစုတွေမှာ တပ်စွဲနေရာယူဖို့ အတွက် ကြီးမားတဲ့ အတားအဆီးဖြစ်သွားပါတယ်။

အကယ်၍ အမေရိကန်အနေနဲ့ ပထမကျွန်းတန်းတစ်ခုလုံးမှာသာ သင်္ဘောဖျက်ဒုံးကျည်တွေနဲ့ တပ်ဖွဲ့တွေကို ဖြန့်ကြက်နိုင်တယ်ဆိုရင်တောင်မှ ဒါဟာအဆုံးသတ် အဖြေမဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် မရိန်းတပ်ဖွဲ့ငယ် တွေဟာ တရုတ်တပ်မတော်ရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ခြေများတယ်လို့ အမေရိကန်မဟာဗျူဟာ ပညာရှင်တွေက သုံးသပ်ထားတာကြောင့်ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် တရုတ်ကိုတုံ့ပြန်ဖို့အတွက် အမေရိကန်မှာ နောက်ထပ်နည်းလမ်းတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ တာဝေးသွား ဗုံးကြဲလေယာဉ်တွေရဲ့ ပစ်အားဖြစ်ပါတယ်။ ဒါဟာ မရိန်းတပ်ဖွဲ့တွေနဲ့ယှဉ်ရင်  တရုတ်ကို ပို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေပါ။  အထူးသဖြင့်  တာဝေးပစ်ဒုံးကျည်တွေ တပ်ဆင်ထားပြီး ၂၀၂၅ ခုနှစ်လောက်မှာ တပ်တော်ဝင်မယ့် B-21 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်တွေဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လည်း အမေရိကန်ဟာ အာရှဒေသမှာရှိတဲ့ သူ့ရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေရဲ့ ပစ်အားကို တိုးမြှင့်ဖို့လုပ်နေပါတယ်။ အခုဆိုရင်ရေတပ်သုံး Super Horner တိုက်လေယာဉ်တွေနဲ့ လေတပ်ရဲ့ B-1 ဗုံးကြဲလေယာဉ်တွေမှာ တာဝေးပစ်သင်္ဘောဖျက်ဒုံးကျည် အသစ်တွေကို တပ်ဆင်ထားပါပြီ။ ဒီဒုံးကျည်တွေကိုတော့ လော့ဟိမာတင်ကုမ္ပဏီက အစောပိုင်းမှာ ထုတ်လုပ်ပြီး လွှဲပြောင်းပေးထားတာဖြစ်ပါတယ်။

ဒီဒုံးကျည်အသစ်တွေဟာ အလေးချိန်ကီလိုဂရမ် ၄၅၀ ရှိတဲ့ ဒုံးထိပ်ဖူးကိုသယ်ဆောင်နိုင်ပြီး တစ်ပိုင်းအလိုအလျောက် စနစ်နဲ့ ပစ်မှတ်ကိုရှာဖွေနိုင်ပါတယ်။ ဒါကြောင့် ဒီဒုံးကျည်တွေဟာ ပစ်မှတ်ဆီကိုသွားရာမှာ လမ်းကြောင်းကို ကိုယ်တိုင် ထိန်းကျောင်းနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ ဒီလိုကိုယ်ပျောက်ခရု(စ်) ဒုံးကျည်တွေရဲ့ အသေးစိတ် အချက်အလက် တွေက ဒီအချိန်မှာ လျှို့ဝှက်အဆင့်ရှိတာကြောင့် ကန့်သတ်ခံထားရပါတယ်။  ဒါပေမဲ့  အမေရိကန်နဲ့ တခြားနောက်နိုင်ငံ များမှ စစ်ဘက်တာဝန်ရှိသူတွေရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီဒုံးကျည်တွေဟာ ကီလိုမီတာ ၈၀ဝ အထက်မှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်လို့သိရပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ဒီလိုဒုံးကျည်အမျိုးအစားအသစ် ၅၃ စင်းဝယ်ဖို့ အတွက် ဒေါ်လာ ၂၂၄ သန်း တောင်းခံထားပါတယ်။ ရေတပ်နဲ့လေတပ်အနေနဲ့ ၂၀၂၅ ခုနှစ် အရောက်မှာ ဒုံးကျည်အမျိုးအစားအသစ် အစင်းပေါင်း ၄၀ဝ ကျော်ပိုင်ဆိုင်ရဖို့ရှိပါတယ်။ အခုသင်္ဘောဖျက်ဒုံးကျည်အသစ်က လက်ရှိလော့ဟိမာတင်ကုမ္ပဏီထုတ် တာဝေး မြေပြင်တိုက်ခိုက်ရေး လက်နက်ဖြစ်တဲ့ ပူးတွဲဝေဟင်မှမြေပြင်ပစ် ဒုံးကျည်(JASSM)ကနေ ဆင်းသက်လာတာပါ။ ပင်တဂွန်စစ်ဌာနချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ JASSM ဒုံးကျည်အစင်း ပေါင်း ၄၀ဝ ကျော်ဝယ်ယူဖို့အတွက် ဒေါ်လာ ၅၇၇  သန်း တောင်းခံထားတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်နဲ့မဟာမိတ်တွေအနေနဲ့ ပစိဖိတ် အနောက်ပိုင်းဒေသမှာ သမားရိုးကျတာဝေးပစ်အားကို ပြန်တည်ဆောက် နိုင်ဖို့ဆိုတာ တာဝေးပစ် မြေပြင်တိုက်ခိုက်ရေးနဲ့သ င်္ဘောဖျက်ဒုံးကျည်တွေကို  ဦးစားပေးတပ်ဆင်ခြင်းကသာ အမြန်ဆုံး နည်းလမ်းဖြစ်တယ်လို့   မရိန်းတပ်ဖွဲ့အရာရှိဟောင်း    ရောဘတ်ဟတ်ဒစ်က ပြောပါတယ်။ ဒါ့အပြင်    အာရှဒေသမှာ ရှိတဲ့    အမေရိကန်လေယာဉ်တင်သင်္ဘောတွေမှာ  အခြေပြုပြီး သင်္ဘောဖျက်ဒုံးကျည် အသစ်တွေတပ်ဆင်ထားတဲ့ ှကစနမ ံသမညနအ တိုက်လေယာဉ်တွေဆိုရင်လည်း အမေရိကန်ရဲ့ပစ်အားကို   တိုးမြင့်စေပြီး တန်ဖိုးကြီး စစ်သင်္ဘော တွေကို အန္တရာယ်ဇုန်ရဲ့အဝေးတစ်နေရာကနေ စစ်ဆင်နိုင်စေမှာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ်နဲ့  အမေရိကန်တို့ကြားက ပစ်အားကွာဟမှုဟာ ချက်ချင်းကြီးတော့ နည်းပါးသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလိုမျိုးကွာဟမှုကို အမြန်ဆုံးနည်းပါးစေဖို့အတွက် လုပ်ဆောင်နေတဲ့ ဒုံးကျည်             အသစ်တွေ စမ်းသပ်ထုတ်လုပ်တပ်ဆင်မှုကြောင့် တစ်ချိန်မှာ အမေရိကန်ဟာ တရုတ်ရဲ့   ဒုံးလက်နက်စွမ်းရည်ကို ယှဉ်နိုင်လာမှာပါ။  ဒါ့အပြင် အမေရိကန်သာမက တရုတ်နိုင်ငံကလည်း အသံထက်အလွန်မြန် ဒုံးလက်နက်စနစ်ကို  ပိုင်ဆိုင်ဖို့ ကြိုးပမ်းအားထုတ်နေဆဲဖြစ်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် အမေရိကန်ဟာ တရုတ်ရဲ့ပစ်အားကို လိုက်မီယှဉ်နိုင်စေဖို့ ဒုံးလက်နက်တွေကို အရှိန်အဟုန်မြှင့် ထုတ်လုပ်တပ်ဆင်ဖို့ ကြိုးပမ်းလာတာတွေ့ရပါတယ်။ မရိန်းတပ်ဖွဲ့ငယ်တွေကို ရေတပ်နဲ့ တွဲဖက်စေပြီး ပိုမိုကောင်းမွန်တဲ့ တိုမာဟော့ဒုံးကျည်တွေ တပ်ဆင်ပေးနေပါတယ်။ ပစိဖိတ်အနောက်ပိုင်းထဲကို တရုတ်ဘက်က ကျွံမဝင်လာစေဖို့ ပထမကျွန်းတန်းမှာ မြေပြင်ပစ်သင်္ဘောဖျက် ဒုံးကျည်တွေဖြန့်ကြက်ဖို့ ပြင်ဆင်နေပါတယ်။ နောက်ဆုံးတစ်ခုကတော့ တာဝေးဗုံးကြဲလေယာဉ်တွေနဲ့  လေယာဉ်တင်သင်္ဘော အခြေပြုတိုက် လေယာဉ်တွေမှာ သင်္ဘောဖျက်ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။

ဒါကြောင့် အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ပစ်အားကို လိုက်မီနိုင်စေဖို့နဲ့ စားကျက်လုစစ်ပွဲမှာ တရုတ်ရဲ့ဦးဆောင်မှုကို ဟန့်တားနိုင်စေဖို့ ဒုံးလက်နက်တွေကို တိုးမြှင့်ထုတ်လုပ် ဖြန့်ကြက်ခြင်းနည်းလမ်းကိုသာ အသုံးပြုနေပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ထက်မြတ်

 

Read 52 times Last modified on Wednesday, 20 May 2020 15:32