SJ WorldNews - шаблон joomla Авто

တစ်ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်ရေးမူဘောင်ကို ဖျက်ဆီးမယ့် အမေရိကန်ရဲ့ နောက်ထပ်ခြေတစ်လှမ်း

Saturday, 23 May 2020 10:01 font size decrease font size decrease font size increase font size increase font size

ပွင့်လင်းဝေဟင်သဘောတူစာချုပ် (Open Skies Treaty)ဆိုတာ စာချုပ်ပါ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကောင်းကင်ပြင်မှာ  တခြားအဖွဲ့ဝင်နိုင်ငံတွေကို လက်နက်မပါဘဲ လေကြောင်းကင်းထောက်ခွင့်ပြုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက ၁၉၉၂ ခုနှစ်မှာ ပါဝင်လက်မှတ်ထိုးထားပြီး စာချုပ်ပါ သဘောတူညီချက်ကတော့ ၂၀ဝ၂ ခုနှစ်မှ စတင်အသက်ဝင်တာပါ။

စာချုပ်မှာပါဝင်တဲ့နိုင်ငံတွေက  ဘယ် လာရု၊ ဘယ်ဂျီယံ၊ ဘော့စနီးယား-ဟာဆီဂိုဗီးနား၊  ဘူဂေးရီးယား၊  ကနေဒါ၊  ခရို အေးရှား၊  ချက်သမ္မတနိုင်ငံ၊  ဒိန်းမတ်၊ အက်စတိုးနီးယား၊  ဖင်လန်၊  ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုက် စလန်း၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘာ့၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှား၊ စလိုဗက်သမ္မတနိုင်ငံ၊ စလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ တူရကီ၊ ယူကရိန်း၊ ဗြိတိန်နဲ့ အမေရိကန်တို့ပဲဖြစ်ပါတယ်။

စာချုပ်ရဲ့ရည်ရွယ်ချက်ကတော့ အဖွဲ့ဝင်နိုင်ငံတွေအကြား နိုင်ငံအရွယ်အစား ကွာဟမှုကို ထည့်မတွက်ဘဲ တခြားနိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှု သတင်းအချက်အလက်တွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရယူခွင့်ရှိခြင်းအားဖြင့် အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုတိုးတက်စေဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစာချုပ်ကနေ အမေရိကန် နုတ်ထွက်မယ်ဆိုပြီး  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၂၁ ရက်မှာ တရားဝင်ကြေညာလိုက်ပါတယ်။ သူ့အနေနဲ့ နောက်ပိုင်းမှာ  ဒီစာချုပ်ကိုပြန်ပြင်မယ်၊ ဒါမှမဟုတ် တခြားစာချုပ်တစ်ခုနဲ့ အစားထိုးမယ်ဆိုပြီး ပြောထားပါသေးတယ်။

မေ ၂၂ ရက်မှာတော့ အခုလိုနုတ်ထွက်တဲ့အကြောင်းကို ရုရှားအစိုးရထံတရားဝင် အသိပေးလာတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ အမေရိကန်အနေနဲ့ ဒီစာချုပ်ကနေ နုတ်ထွက်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ရုရှားအနေနဲ့ စာချုပ်ပါသဘော တူညီချက်တွေကို   လိုက်နာခြင်းမရှိတာ ကြောင့်ဖြစ်တယ်လို့ ထရမ့်ကပြောပါတယ်။ အကယ်၍ ရုရှားအနေနဲ့ ဒီစာချုပ်ကို အပြည့်အဝလိုက်နာမယ်ဆိုရင် အမေရိကန်အနေနဲ့ စာချုပ်မှာ ပြန်လည်ပါဝင်ဖို့ စဉ်းစားမှာဖြစ်သလို ဒီလိုမှမဟုတ်ဘူးဆိုရင်  ခြောက်လအတွင်း တရားဝင်နုတ်ထွက် သွားမှာဖြစ်တယ်လို့  အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်းပြောထားပါတယ်။

ဒါ့အပြင်  ရုရှားအစိုးရဟာ ပွင့်လင်းဝေဟင်ကင်းထောက်မှု အစီအစဉ်ကနေတစ်ဆင့် ရရှိတဲ့ဓာတ်ပုံတွေကိုအသုံးပြုပြီး  အမေရိကန်နဲ့ဥရောပမှာရှိတဲ့ အရေးကြီး အခြေခံအဆောက်အအုံတွေကို တိကျပဲ့ထိန်းစနစ်သုံး သမားရိုးကျ လက်နက်တွေနဲ့ ပစ်မှတ်ထားနေတယ်လို့ မိုက်ပွန်ပီယိုက စွပ်စွဲထားပါသေးတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ကတော့ ပွင့်လင်းဝေဟင် သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်မှုကြောင့်ဖြစ်လာတဲ့ နိုင်ငံတွေအကြား ကွာဟမှုတွေကို လျှော့ချဖို့ ထောက်လှမ်းရေးဓာတ်ပုံတွေကို ပေးအပ်သွားမယ်လို့   သတင်းထုတ်ပြန် ထားပါတယ်။

ထရမ့်အစိုးရရဲ့ အခုလိုလုပ်ဆောင်မှုကို တက္ကဆက်ပြည်နယ်   ရီပတ်ဘလစ်ကန်ပါတီမှ ကွန်ဂရက်အမတ် မိုက်ကယ် မက္ကော၊ အထက်လွှတ်တော်အမတ် တတ်ခရက်နဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်တန်တို့က ထောက်ခံထားပါတယ်။ ဒါပေမဲ့လည်း ထရမ့်အစိုးရရဲ့လုပ်ဆောင်မှုဟာ တရားမဝင်တဲ့အပြင် အမေရိကန် အမျိုးသား လုံခြုံရေးအတွက်   အန္တရာယ်များပြီး ဘေးသင့်စေတဲ့လုပ်ရပ်ဖြစ်တယ်လို့    အောက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ အဲလီယော့အန်းဂယ်က အပြစ်တင်ထားပါတယ်။

အကြောင်းရင်းကတော့ ထရမ့်အစိုးရဟာ  အခုလုပ်ရပ်အတွက် ဆုံးဖြတ်ချက်မချမီ လွှတ်တော်အမတ်တွေနဲ့ ကြိုတင်တိုင်ပင် ဆွေးနွေးခြင်းမရှိဘဲ လုပ်လိုက်တာဖြစ်တဲ့အတွက်    ဥပဒေပြုရေးမဏ္ဍိုင်ကို  မထီမဲ့မြင်လုပ်ရာ ရောက်နေလို့ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတ တစ်ဦးအနေနဲ့  ကွန်ဂရက်ရဲ့ အတည်ပြုချက်မပါဘဲ နိုင်ငံတကာ သဘောတူစာချုပ်တွေကနေ  နုတ်ထွက်မှုကို တားဆီးနိုင်ဖို့အတွက် လုံခြုံရေးကိုအားနည်းစေသော ခွင့်ပြုချက်မရသည့်   လုပ်ဆောင်မှုများ တားဆီးရေးဥပဒေ(PAUSE)ကို အထက်လွှတ်တော်အမတ် အတ်မာကီနဲ့ ကွန်ဂရက်အမတ် ဂျင်မီပါနက်တာတို့က  တင်သွင်းလိုက်ပါတယ်။

ဒါ့အပြင် တခြားလွှတ်တော်အမတ်များ၊ ထောက်လှမ်းရေးအရာရှိဟောင်းများနဲ့ ဗဟိုထောက်လှမ်းရေး အေဂျင်စီ ညွှန်ကြားရေးမှူးဟောင်းတို့ကလည်း ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ရူးမိုက်ရာကျပြီး အမေရိကန်အတွက် အကျိုးတစ်စုံတစ်ရာမရှိတဲ့အပြင် အမျိုးသားလုံခြုံရေးကိုပါ အားနည်းစေတယ်လို့ ပြောထားကြပါတယ်။ ထရမ့်ရဲ့ အတိုက်အခံတွေဖြစ်တဲ့  ဒီမိုကရက်တစ်အမတ်တွေကတော့   ဒါဟာ  ရုရှားသမ္မတ  ဗလာဒီမာပူတင်ကို  အမေရိကန်က ပေးတဲ့ နောက်ထပ်လက်ဆောင် ဖြစ်နေတယ်လို့ဆိုပါတယ်။

ထရမ့်ရဲ့အခုဆုံးဖြတ်ချက်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးမယ့်  မဟာဗျူဟာမြောက်လက်နက်များ လျှော့ချရေးသဘောတူစာချုပ်အသစ် (News START)ကို ထပ်မံသက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့တာကို     ပြသနေပါ တယ်။ အဲဒီစာချုပ်မှာ ကန့်သတ်ထားတာက နှစ်နိုင်ငံစလုံးက လက်ရှိပိုင်ဆိုင်ထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယားဒုံးပစ် လောင်ချာတွေကို တစ်ဝက်တိတိလျှော့ချဖို့နဲ့ မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူး အရေအတွက် ၁၅၅၀ အထိသာ ဖြန့်ကြက်ဖို့ဖြစ်ပါတယ်။ အမေရိကန်နဲ့ရုရှားတို့ အကြားမှာရှိတဲ့  တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များ သဘောတူစာချုပ်က ပြီးခဲ့တဲ့နှစ်မှာ ပျက်ပြယ်သွားပြီးနောက် News START ဟာ သူတို့နှစ်နိုင်ငံကြားမှာရှိတဲ့ နောက်ဆုံးသော လက်နက်ထိန်းချုပ်ရေးသဘောတူ စာချုပ်ဖြစ်လာပါပြီ။

ရုရှားဘက်က  ဒီစာချုပ်ကို  ကြိုတင်သတ်မှတ်ချက်မရှိဘဲ  နောက်ထပ်ငါးနှစ် သက်တမ်းတိုးဖို့ အမေရိကန်ကို အကြိမ် ကြိမ်ဖိတ်ခေါ်ခဲ့ပါတယ်။  ဒါပေမဲ့   ထရမ့်အစိုးရဘက်ကတော့ ဒီစာချုပ်ကို ထပ်မံသက်တမ်းတိုးဖို့ထက် အဓိကအားဖြင့်    တရုတ်နိုင်ငံပါဝင်တဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ရရှိရေးကိုသာ စိတ်ဝင်စားတယ်လို့ တတွင်တွင်ပြောထား ပါတယ်။ တကယ်တမ်းပြန်ကြည့်ရင် ဒီလိုစာချုပ်မျိုးရနိုင်ဖို့ဆိုတာ အင်မတန်မှ အလှမ်းဝေးလွန်းတဲ့ အခြေအနေဖြစ်ပါ တယ်။ တရုတ်ဘက်ကလည်း အမေရိကန်ရဲ့သဘောထားကို လက်မခံပါဘူး။  လက်ရှိမှာလည်း အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးက  အဘက်ဘက်မှာ အလွန်တင်းမာနေတဲ့ အခြေအနေဖြစ်နေပါတယ်။

ပွင့်လင်းဝေဟင် သဘောတူစာချုပ်ဆိုတာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရတဲ့ သဘောတူစာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ်ပျက်ပြယ်မှုဟာ တစ်ဦးနဲ့တစ်ဦး အယုံအကြည် မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကိုလည်း သက်ရောက်စေပါတယ်။ အပြန်အလှန်ယုံကြည်မှုမရှိဘူးဆိုရင် ဘယ်လိုလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်မဆို မတည်မြဲနိုင်ပါဘူး။ ဒါကြောင့် အမေရိကန်အစိုးရအနေနဲ့ မဟာဗျူဟာမြောက် လက်နက်များလျှော့ချရေး သဘောတူစာချုပ်အသစ်ကို  သက်တမ်းမတိုးဘူးဆိုတာ ဖြစ်လာနိုင်ပါတယ်။

တကယ်လို့  ဒီလိုသာသက်တမ်း မတိုးတော့ဘူးဆိုရင် အင်အားကြီးနိုင်ငံကြီးတွေကြားမှာ   အပြန်အလှန် ထိန်းချုပ်ထားတဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ် တစ်ခုမှမရှိတော့ပါဘူး။ ဒါဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်ရေး ကဏ္ဍကိုလည်း ထိခိုက်လာစေပါတယ်။   ဒါ့အပြင်   လက်နက်အပြိုင် တပ်ဆင်ရေး ခေတ်သစ် ဆီကိုလည်း ဦးတည်သွားစေပါတယ်။ ထရမ့်အစိုးရဟာ  နှစ်နိုင်ငံတည်းသာပါဝင်တဲ့ တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့ များ သဘောတူစာချုပ်ကနေ ပထမဆုံး တစ်ဖက်သတ်နုတ်ထွက်ပါတယ်။  အခု ဒုတိယခြေလှမ်းအနေနဲ့ ပွင့်လင်းဝေဟင် သဘောတူစာချုပ်ကနေ  နုတ်ထွက်ပါတယ်။

နုတ်ထွက်မှုတိုင်းမှာ အကြောင်းပြချက်က ရုရှားအနေနဲ့ ဒီစာချုပ်ပါ သဘောတူညီချက်တွေကို လိုက်နာမှုမရှိလို့ဆိုပြီး ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူမှလက်ခံနိုင်လောက်တဲ့ အဖြေတစ်ခုတော့မဟုတ်ပါဘူး။ တကယ်လို့သာ  မဟာဗျူဟာမြောက်  လက်နက်များလျှော့ချရေး   သဘောတူစာချုပ်ကိုလည်း မေရိကန်ဘက်က သက်တမ်းမတိုးဘဲ သူ့အလိုလိုသက်တမ်း ကုန်ဆုံးပြီးပျက်ပြယ်သွားစေမယ်ဆိုရင်  အခုလို ပွင့်လင်းဝေဟင် သဘောတူစာချုပ်ကနေ  အမေရိကန်နုတ်ထွက်မှုဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်ရေးအတွက်   အင်မတန်မှအန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်လာမှာဖြစ်ပါတယ်။

Ref: Sputnik, MSN

 

Read 44 times Last modified on Saturday, 23 May 2020 10:02