SJ WorldNews - шаблон joomla Авто

ထရမ့်က မိုဒီနှင့်ဖုန်းပြောပြီး တရုတ်-အိန္ဒိယအရေးဆွေးနွေးသည်ဟု ပြောသော်လည်း ထိုသို့ပြောခြင်း မရှိဟုအိန္ဒိယဆို

Saturday, 30 May 2020 15:44 font size decrease font size decrease font size increase font size increase font size

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ဖုန်းပြောပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ပိုင်ဆိုင်မှုအငြင်းပွားပြဿနာကို ကြားဝင်ဖြေရှင်း ပေးမည်ဟုကမ်းလှမ်းထားကြောင်း ထရမ့်ကသတင်းထောက်များကိုပြောထားသည်။

သို့သော် ထရမ့်နှင့်မိုဒီတို့အကြား ထိုသို့ ဖုန်းပြောပြီး တရုတ်-အိန္ဒိယအရေးဆွေးနွေး ခြင်းမရှိကြောင်း အိန္ဒိယအစိုးရက မေ ၂၉ ရက်တွင်ထုတ်ပြန်သည်။

တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ပဋိပက္ခမှာအလွန်ကြီးမားကြောင်း၊ နှစ်နိုင်ငံစလုံးမှာ ကမ္ဘာ့ လူဦးရေအများဆုံးနိုင်ငံများ ဖြစ်သည့်အပြင် အင်အားတောင့်တင်းသည့် တပ်မတော်များ လည်းရှိ ကြောင်း၊ ထိုအခြေအနေနှင့်ပတ်သက်၍ မိုဒီနှင့်ဖုန်းပြော ပြီးဖြစ်ကြောင်း၊ မိုဒီအနေဖြင့် ပျော်ရွှင်မှုမရှိ ကြောင်း ထရမ့်က အိမ်ဖြူတော်၌ သတင်း ထောက်များကိုပြောသည်။

အမေရိကန်အနေဖြင့် တရုတ်-အိန္ဒိယ ပဋိပက္ခတွင် ကြားဝင်ဖြေရှင်းပေးရန်အသင့် ရှိကြောင်း ထရမ့်ကတွစ်တာတွင်ရေးသား ပြီးနောက်တစ်ရက်တွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

သို့သော် ထရမ့်၏ပြောဆိုမှုနှင့်ပတ်သက် ၍ အံ့အားသင့်မိကြောင်း၊ မိုဒီသည် ဧပြီ ၄ ရက်တွင် ထရမ့်နှင့်ဖုန်းပြောပြီးကတည်းက လက်ရှိအချိန်အထိ မည်သည့်ဖုန်းပြောဆိုမှု မျှမရှိကြောင်း၊ ယခင်ဖုန်းပြောဆိုမှုသည် လည်း ဟိုက်ဒရော့ဆီကလိုရိုကွင်းဆေးများ ကို တင်သွင်းမည့်ကိစ္စသာဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

ထို့ပြင် နယ်စပ်ပြဿနာနှင့်ပတ်သက်၍ တရားဝင်လမ်းကြောင်းများနှင့် သံတမန် ရေးလမ်းကြောင်း များမှတစ်ဆင့် တရုတ်အစိုးရနှင့်တိုက်ရိုက်ဆွေးနွေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ထရမ့်၏ကမ်းလှမ်းမှုနှင့် ပတ်သက်၍ မည်သည့်တတိယနိုင်ငံမျှ ကြားဝင်ဖြေရှင်းပေးရန် မလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မေ ၂၉ ရက်တွင်ထုတ်ပြန်သည်။

Read 108 times Last modified on Saturday, 30 May 2020 15:46