SJ WorldNews - шаблон joomla Авто

သုံးနိုင်ငံဆက်သွယ်ထားသည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ပြန်လည် စတင်လာဖွယ်ရှိသည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ဆက်ဆံရေး

Sunday, 01 April 2018 13:48 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို အဆုံးသတ်နိုင်ပြီး တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ပြီ ဆိုပါက ယင်းနှစ်နိုင်ငံအပြင် ရုရှားသို့ပါ ဆက်သွယ်ထားသော

ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ပြန်လည်စတင်လာမည့် အလားအလာများ ထွက်ပေါ်လာလျက် ရှိသည်။ ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ လုံခြုံရေး အခြေအနေများ ပြန်လည် တိုးတက်ကောင်းမွန်လာပါက ကိုရီးယားနှစ်နိုင်ငံနှင့် ရုရှားတို့ကို ဆက်သွယ်ထားသည့် ပိုက်လိုင်း စီမံကိန်းကို ပြန်လည် စတင်ရန် တောင်ကိုရီးယား အစိုးရက စဉ်းစားထားသည်။

တောင်ကိုရီးယားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးသည် ကမ္ဘာ့စွမ်းအင်ကို အကြီးအကျယ် အသုံးပြုနေသည့် နိုင်ငံများဖြစ်ပြီး စွမ်းအင် လုံလောက်စွာ ရရှိရေး အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကို ရှာဖွေလျက်ရှိသော်လည်း ၎င်းတို့၏ စွမ်းအင် စီမံကိန်းကြီးမှာ အကြောင်း အမျိုးမျိုးကြောင့် အဟန့်အတားများ၊ အထူးသဖြင့် ကိုရီးယားကျွန်းဆွယ် ပေါ်တွင်ဖြစ်ပွားနေသည့် တင်းမာမှုများနှင့် တွေ့ကြုံနေရသည်။ တောင်ကိုရီးယားအစိုးရ၏ အစီအစဉ်မှာ နိုင်ငံ၏ စွမ်းအင် ကဏ္ဍဖူလုံရေးအတွက် ရုရှား နိုင်ငံမှ သဘာဝ ဓာတ်ငွေ့များကို မြောက်ကိုရီးယား မှတစ်ဆင့် နိုင်ငံအတွင်းသို့ တင်သွင်းရန် စီစဉ်ထားသည်။

ထိုသို့တင်သွင်းရန် ရုရှားရထားကွန်ရက်စနစ်ကို ကိုရီးယား ကျွန်းဆွယ်ရှိ ရထားလမ်းများနှင့် ချိတ်ဆက်မည်ဖြစ်သည်။ ပြန်ကြည့်မည် ဆိုပါက တောင်ကိုရီးယားနိုင်ငံသည် အဆိုပါ စီမံကိန်းကြီးကို လွန်ခဲ့သည့် ၁ဝ နှစ် ကျော်ကတည်းက ချမှတ်ထားသော်လည်း စီမံကိန်းမှာ ကိုရီးယားနှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သည့် တင်းမာသည့် အခြေအနေများကြောင့် ရှေ့သို့တက်လှမ်းနိုင်ခြင်း မရှိပေ။ သို့ရာတွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြားရှိ တင်းမာမှုများသည် ပြီးခဲ့သည့် လအတွင်းက တောင်ကိုရီးယား၌ ကျင်းပခဲ့သော ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲမှစ၍ လျော့ကျလာခဲ့ပြီး ဆက်ဆံရေးမှာ အတော်အတန် ကောင်းမွန်လာပြီဟုဆိုနိုင်သည်။ ယင်းနောက်တွင် တောင်ကိုရီးယားမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ခဲ့သည့်အပြင် ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် မြောက်ကိုရီးယား အနေဖြင့် ကိုရီးယား ကျွန်းဆွယ်ပေါ်ရှိ တင်းမာမှုများ လျော့ကျစေရန် အဓိက အင်အားကြီးနိုင်ငံလည်းဖြစ်၊ တောင်ကိုရီးယား၏ မဟာမိတ်နိုင်ငံလည်း ဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ်ကျင်းပရန် ဆန္ဒရှိသည် ဟု မြောက်ကိုရီးယားအစိုးရက ထုတ်ဖော် ပြောကြားခဲ့သောကြောင့် ကိုရီးယားကျွန်း ဆွယ်အရေးနှင့် စပ်လျဉ်း၍ အပြုသဘောဆောင်သည့် အလားအလာများ ထွက်ပေါ်လျက်ရှိသည်ဟု ဆိုနိုင်သည်။ ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့၏ ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်တွင်ကျင်းပရန် နှစ်ဖက်စလုံး က သဘောတူညီပြီးဖြစ်သောကြောင့် ကာလရှည်ကြာရပ်တန့်နေခဲ့ရသည့် သုံးနိုင်ငံ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြီးသည် တစ်ဖန် အသက်ဝင်လာနိုင်ဖွယ်ရှိသည်။

(Ref: Sputnik)

Read 299 times Last modified on Sunday, 01 April 2018 13:49