SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက်ရန် ကြိုးပမ်း နေသည့် ထရမ့်၏ ရပ်တည်ချက် ပြောင်းလဲ လာစေရေး ဥရောပ ခေါင်းဆောင်များ စွမ်းဆောင် နိုင်မည်လား

Saturday, 21 April 2018 09:40 font size decrease font size decrease font size increase font size increase font size

အီရန်၏ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်နိုင်ရေး အတွက် ကမ္ဘာ့ အင်အားကြီး ခြောက် နိုင်ငံ နှင့် အီရန်တို့ကြား ချမှတ် ထားသော နျူကလီးယား သဘော တူညီချက် အပေါ် ထားရှိ သည့် အမေရိကန် အစိုးရ၏ ရပ်တည်ချက် သဘောထားကို အမေရိကန်၏ ဥရောပ မဟာမိတ် နိုင်ငံကြီးများ ဖြစ်သော ပြင်သစ်နှင့် ဂျာမနီတို့က ပြောင်းလဲ ပစ်နိုင်ခြင်း ရှိ၊ မရှိကို ယခုအခါ ကမ္ဘာ့နိုင်ငံ အများအပြားက စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန် အစိုးရ အနေဖြင့် အဆိုပါ နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက်ရန် ကြိုးပမ်းလျက် ရှိပြီး အထူးသဖြင့် သမ္မတ ထရမ့်သည် အမေရိကန် ပြည်ထောင် စု၏ သမ္မတ အဖြစ် စတင်တာဝန် ထမ်းဆောင်ချိန် ကတည်းက ယင်း သဘော တူညီချက်မှ နုတ်ထွက်ရန် အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်သည်။

အဆိုပါ နျူကလီးယား သဘော တူညီချက် ချမှတ်ခြင်းကို ပြန်ကြည့်မည် ဆိုပါက ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ (p5+1) ဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ဂျာမနီ၊ရုရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် တရုတ်တို့က အီရန် အစိုးရ အနေဖြင့် ၎င်းတို့၏ နျူကလီးယား အစီအစဉ် ကို လျှော့ချရေး ကြိုးပမ်းချက် တစ်ရပ်အဖြစ် ၂ဝ၁၅ ခုနှစ်က လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်သည်။ ယင်း သဘော တူညီချက်အရ အဆိုပါ အင်အားကြီး နိုင်ငံများ အနက် တချို့က အီရန် အပေါ် ချမှတ် ထားသည့် စီးပွားရေး ပိတ်ဆို့ မှုများကို တဖြည်းဖြည်း ဖြေလျှော့ ပေးသွားမည် ဖြစ်သည်။

တစ်ချိန် တည်းမှာပင် အီရန် အစိုးရသည် ၎င်းတို့၏ နျူကလီးယား အစီအစဉ် များကို သဘော တူညီချက်ပါ သတ်မှတ်ချက် အတိုင်း လုပ်ဆောင် ရမည် ဖြစ်သည်။ သို့ရာတွင် နျူကလီးယား သဘော တူညီချက်ပါ သတ်မှတ် ချက်များကို အီရန် အစိုးရအနေဖြင့် လိုက်နာခြင်း ရှိ၊ မရှိ ဟူသော အချက်နှင့် ပတ်သက်၍ အယူအဆများ ကွဲပြားလျက် ရှိသည်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြသည့် ပြင်သစ်နှင့် ဂျာမနီ အပါအဝင် ဥရောပ သမဂ္ဂ အဖွဲ့ကြီးနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တို့က အီရန် အစိုးရ အနေဖြင့် သဘော တူညီချက်ပါ အချက်များကို လိုက်နာလျက် ရှိသည်ဟု ယူဆ ထားသော်လည်း အမေရိကန် ပြည်ထောင်စုက အီရန်အပေါ် ဆက်လက် ဖိအား ပေးလိုသည့် ဆန္ဒ ရှိနေသည်ကို တွေ့ရသည်။  အီရန် အစိုးရသည် ၎င်းတို့၏ နျူကလီးယား အစီအစဉ် လျှော့ချရေး နှင့် စပ်လျဉ်း ၍ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု IAEA က ပြီးခဲ့သည့် လအတွင်းက အတည် ပြုထား သည်။

သို့သော် ယင်းအချက်ကို ထရမ့် အစိုးရက လျစ်လျူရှု ထားပုံ ရသည်။ ထို့ပြင် အီရန် နျူကလီး ယား သဘော တူညီချက်သည် ပြည့်စုံသည့် သဘော တူညီချက် တစ်ရပ်ဟု ထရမ့် အစိုးရက ထပ်တလဲလဲပြောဆို

ထားသည့် အပြင် ယင်း သဘော တူညီချက်သည် အမေရိကန် ပြည်ထောင်စုက ပါဝင် လက်မှတ် ရေးထိုး ခဲ့သည့် သဘော တူညီချက်များ အနက် အဆိုးရွားဆုံး သဘော တူညီချက် တစ်ရပ် ဖြစ်သည်ဟု သဘောတူ စာချုပ်တွင် ပါဝင် ခဲ့သည့် ယခင် အမေရိကန် အစိုးရ အဖွဲ့ ဟောင်း များကိုပင် အပြစ်တင် လိုသည့် သဘောမျိုး ဖော်ပြ ခဲ့သည်ကို တွေ့ရသည်။

နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက် လိုသည့် ထရမ့်၏ သဘောထားကို ဆန်းစစ် ကြည့်ပါက           ၎င်းအနေဖြင့် သဘော တူညီချက်ကို ပြန်လည် ပြင်ဆင်လိုသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင် အီရန်အပေါ် လက်ရှိ ချမှတ်ထားသည့် ကန့်သတ်ချက်များ အပြင် တခြား ကန့်သတ်မှု များကိုပါ ထပ်မံချမှတ်ရန် ဆန္ဒရှိနေသည်။ အထူးသဖြင့် ထရမ့် အစိုးရသည် အီရန်၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်အပေါ် များစွာ စိုးရိမ်မကင်း ဖြစ်လျက်ရှိပြီး အီရန် အနေဖြင့် လာမည့်၁ဝ နှစ် အတွင်း နျူကလီးယား ထိပ်ဖူးများကို ပိုင်ဆိုင်လာမည့် အပြင် ပစ်ခတ်နိုင် သည့် ဒုံးကျည် အကွာအဝေးနှင့် စပ်လျဉ်း၍လည်း သင်္ကာမကင်း ဖြစ်နေသည်။

ထို့ကြောင့် အီရန်၏ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်မှုများနှင့် စပ်လျဉ်း၍ ကိုင်တွယ်ရေး၊ ဒုံးကျည် စခန်းများ နှင့် စစ်ဘက် အဆောက်အအုံ အတွင်းသို့ နိုင်ငံတကာမှ ကျွမ်းကျင် သူများနှင့် အဖွဲ့ အစည်းများအား ဝင်ရောက် စစ်ဆေးခွင့် ပြုရေး၊ အီရန်အပေါ် ချမှတ် ထားသည့် ကန့်သတ် ချက်များကို သဘော တူညီချက် သက်တမ်း ကုန်မည့် လာမည့် ၁ဝ နှစ် အစောပိုင်း အထိ ဖယ်ရှားခြင်း မပြုရေး စသည့် အချက်အလက်များ ပါဝင် လာအောင် ထရမ့်က ပြင်ဆင်ရန် ဆန္ဒ ရှိနေ သည်။

အမေရိကန် ပြည်ထောင်စုက အဆိုပါ နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက်ခြင်းကို ထရမ့် အစိုးရ အနေဖြင့် မေ၁၂ ရက်မတိုင်မီ ဆုံးဖြတ် ရမည်ဖြစ်သည်။ တစ်ချိန်တည်း မှာပင် နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက်ခြင်း မပြုရန် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ လွှတ်တော် များမှ အမတ် ၅ဝဝ ကျော်က အမေရိကန် လွှတ်တော် အမတ်များထံ စာရေး သားကာ အီရန် နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက်ခြင်း မပြုရေး အတွက် ထရမ့်အစိုးရကို ဖျောင်းဖျရန် တောင်းဆို ထားသည်။

အီရန် အစိုးရသည် သဘော တူညီချက်ပါ အချက်အလက် များကို လိုက်နာ ဆောင်ရွက်လျက် ရှိသော်လည်း အမေရိကန် အစိုးရက သဘောတူညီချက်မှ နုတ်ထွက် မည်ဟု ခြိမ်းခြောက် လျက် ရှိကြောင်း အဆိုပါ စာတွင် ရေးသား ဖော်ပြ ထားသည်။ ထို့ပြင် သဘော တူညီချက်မှ နုတ်ထွက် ပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆိုးရွားသည့် အကျိုးဆက်ကို တွေ့ကြုံ ရမည်ဟု ဥရောပ လွှတ်တော် အမတ်များက သတိ ပေးထားသည်။

အီရန် နျူကလီးယား သဘော တူညီချက်တွင် ပါဝင် လက်မှတ် ရေးထိုးထားသည့် ကမ္ဘာ့ အင်အားကြီး နိုင်ငံများ အနက် ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ် တို့သည် အမေရိကန် ပြည်ထောင်စု ၏ အရင်းနှီးဆုံး မဟာမိတ် နိုင်ငံများ ဖြစ်ပြီး ကျန်နှစ်နိုင်ငံ ဖြစ်သည့် ရုရှားနှင့် တရုတ်တို့မှာ အီရန်နှင့် နီးစပ်သည့် နိုင်ငံများ ဖြစ်သည်။ ထို့ကြောင့် ဥရောပ မဟာမိတ် နိုင်ငံကြီးများ ဖြစ်သည့် ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ် အစိုးရတို့ အနေဖြင့် အမေရိကန် ပြည်ထောင်စုအား နျူကလီးယား သဘော တူညီချက် အတွင်း ဆက်လက် ရပ်တည်ရန် ဖျောင်းဖျ ပြောဆို နိုင်မည့် အကောင်းဆုံး အခွင့်အလမ်းများ ရှိနေသည်ဟု ယူဆ ရသော်လည်း အီရန် နျူကလီးယား သဘော တူညီချက်ကို လုံးဝ ပုံစံ ပြောင်းလဲအောင် ပြင်ဆင်မည့် လုပ်ရပ်အား လက်ခံမည် မဟုတ်ဟု အစောပိုင်းက ထပ်တလဲလဲ ပြောဆို ထားပြီး ဖြစ်သည်။

အကြောင်းမှာ ယင်းသို့ ပြင်ဆင်မည် ဆိုပါက အီရန်နှင့် စေ့စပ် ဆွေးနွေးမှု အသစ်များ ထပ်မံ လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်သည့်အပြင် လက်ရှိ သဘော တူညီချက် ကိုပါ ဖျက်ဆီး ပစ်ရမည် ဖြစ်သောကြောင့် ယင်း အချက်ကို အီရန်က လက်သင့် ခံမည် မဟုတ်ကြောင်းကို အဆိုပါ ဥရောပ နိုင်ငံကြီးများက ကောင်းစွာ သဘောပေါက် ထားပြီး ဖြစ်သော ကြောင့်ပင် ဖြစ် သည်။

ထို့ပြင် ဥရောပရှိ အဓိက ကုမ္ပဏီကြီးများ အနေဖြင့် သဘော တူညီချက်ကို လက်ရှိ အတိုင်း ထားပြီး အီရန် အတွင်း ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက် လည်ပတ်ရန် ဆန္ဒ ရှိနေသည်။ အကယ်၍ ထရမ့် အစိုးရက အီရန် အပေါ် ပိတ်ဆို့မှုများ ထပ်မံ ချမှတ်ရန် မေလတွင် ဆုံးဖြတ် ခဲ့ပါက အဆိုပါ ဥရောပ ကုမ္ပဏီကြီးများ အနေဖြင့် အခက်အခဲ နှင့် တွေ့ကြုံ ရဖွယ် ရှိနေ သည်။

ထို့ကြောင့် အရှေ့ အလယ်ပိုင်းရှိ နိုင်ငံရေးတွင် သိသိသာသာ အရေး ပါလာသည့် အီရန် အပေါ် ဖိအား ပေးလိုစိတ်ဖြင့် နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက်ရန် ကြိုးပမ်းနေ သည့် ထရမ့်အား ၎င်း၏ မဟာမိတ် နိုင်ငံများမှ ခေါင်းဆောင်များက ရပ်တည်ချက် သဘောထား ပြောင်းလဲလာစေရန် စွမ်းဆောင် နိုင်ခြင်း ရှိ၊ မရှိကို လာမည့် ရက်သတ္တ နှစ်ပတ် အတွင်း နိုင်ငံ အများအပြားက အနီးကပ် စောင့်ကြည့် နေမည် ဖြစ်သည်။ ။

ဇေယျဘုန်း

Ref: Theguardian,Huffi ngtonpost

Read 188 times Last modified on Saturday, 21 April 2018 10:18